မြန်မာပြည်နယ်စပ်ကုန်သွယ်ရေး ဇုန်များထဲတွင် မြဝတီကုန်သွယ်ရေးဇုန်သည် ဝင်ငွေအများဆုံး ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ပင် ခက်ခဲနေသေးသည်။
ထိုင်းနယ်စပ် ကုန်သွယ်ရေး ဇုန် ၄ ဇုန် ဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်နှင့် မြိတ်တို့ထဲတွင် မြဝတီကုန်သွယ်မှုဇုန် သည် ဝင်ငွေများကာ ကုန်သွယ်မှုပိုင်းတွင် အားအထားရဆုံး ဇုန်ဖြစ်သည်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဌာန၊ နယ်စပ်ကုန်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၏ အဆိုအရ မြဝတီနယ်စပ် ကုန်သွယ်ရေး တနေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းမှ ၂သန်းအထိ ရရှိကြောင်း သိရသည်။
ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကုန်သွယ်မှုဆိုင်ရာမူဝါဒများစွာ ပြောင်းလဲ ဖြေလျော့သည့်အတွက် ကုန်သွယ်မှု ပိုများလာပြီး လိုင်စင်ထုတ်ပေးမှုတွင်လည်း လျင်မြန်အောင် လုပ်ပေးနေပြီး ကုန်သွယ်ရေးပိုင်းမှာလည်း အချိန်နှင့် တပြေးညီ တင်ပို့တင်သွင်းမှု ပြုလုပ်နိုင်စေရန် ကြိုးပမ်းနေကြောင်း၊ သို့သော် မြဝတီလမ်းမှာ တစ်ရက်တက် တစ်ရက်ဆင်းဖြစ်နေခြင်းကြောင့် တခြားကုန်သွယ်ရေးဇုန်နှင့်မတူညီသည့် အချက်တစ်ခု ဦးရန်နိုင်ထွန်းက ပြောသည်။
မြဝတီ-ကော့ကရိတ်လမ်းမှာ ခက်ခဲပြီး ကျဉ်းမြောင်းကာ အန္တရာယ်ကြီးသည့် လမ်းဖြစ်သည်။ ဆိုင်ကယ်များ၊ လိုင်စင်မဲ့ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ် များပြားသည့်အတွက် ယာဉ်ကြောများ ပိတ်ဆို့မှုဖြစ်ကာ ယာဉ်မတော်မဆမှု မကြာခဏ ဖြစ်ပေါ်နေသည်။ ကားကြီးတစင်းစင်း ပျက်လျှင် ကားလမ်းပိတ်ပြီး ယာဉ်တန်းပိတ်တတ်သည်။
“လမ်းကို ပြင်ပေးမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ကျနော်တို့က နေရာ ဌာန အသီးသီးကို စာတင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုကတော့မရှိသေးဘူး” ဟု မြဝတီမြို့မှ ယာဉ်မောင်း ဦးထွန်းထွန်းက ဆိုသည်။
KNU / KNLA ငြိမ်းချမ်းရေးကောင်စီ ဗိုလ်မှူးကြီး စောအဲကော်ထူးကလည်း “နိုင်ငံတော်အနေနဲ့ ဂိတ်ကြေးကိုသာ ကောက်ခံနေပြီး လမ်းတွေကို ပြုပြင်ပေးခြင်း မရှိဘူး။ မြဝတီကို ခရီးထွက်ရင် အချိန်က တစ်ရက်လောက် ကုန်တယ်။လမ်းကလည်း ကျဉ်းသေးတယ်။ ဒီလမ်းကို ကောင်းအောင် သူတို့လုပ်ပေးရမယ်” ဟု ဆိုသည်။
မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းသည် မြန်မာနှင့် ထိုင်း ကုန်သွယ်မှုဆောင်ရွက်ရာတွင် အချက်အချာကျပြီး ၁၉၉၆ခုနစ်တွင် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုနှင့် ၂၀၀၈ခုနစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။