မြန်မာ့ဆိပ်ကမ်းမှ ဆောင်ရွက်နေသည့် ဝန်ဆောင်မှု လုပ်ငန်းစဉ်တချို့ကို လာမည့်လပိုင်းမှ စတင်လျှော့ချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်မှ တာဝန်ရှိသူက ပြောသည်။
အာဆီယံ အသိုက်အဝန်း စတင်မည့်အချိန်တွင် မြန်မာနိုင်ငံက ထုတ်လုပ်မှု ကုန်ကျစရိတ် များပြားနေပါက တိုးတက်မှု နှေးကွေးနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရဌာနများတွင် ရှိသည့် လုပ်ငန်းစဉ်တချို့ကို လျှော့ချပြီး အချိန်ကုန် သက်သာပြီး ငွေကြေး ကုန်ကျစရိတ် နည်းလာနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။
“အစိုးရဌာနတွေရဲ့ လုပ်ငန်းတချို့က ဆောင်ရွက်ရတဲ့ အဆင့်တွေ များပြီးတော့ အချိန်ကြာမြင့်တာ၊ ငွေကြေး ပိုပေးနေရတာ၊ လုပ်ငန်း နှောင့်နှေးတာတွေ ရှိလာတယ်။ ဒါကြောင့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းအဆင့်တွေကို လျှော့ချဖို့ လုပ်တာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အထွေထွေ ကုန်ပစ္စည်းနှင့် အစုစပ် ကုန်သေတ္တာပါ ပစ္စည်းများ သွင်းကုန်ရှင်းလင်းရေး၊ သွင်းကုန် သေတ္တာရှင်းလင်းရေး၊ ပို့ကုန်သေတ္တာများ ရှင်းလင်းရေး၊ ပို့ကုန်အထွေထွေ ကုန်ပစ္စည်းများအတွက် ရှင်းလင်းရေးများ ဆောင်ရွက်မည်ဟု သိရသည်။
ဧပြီလမှ စတင်ကာ ကုန်ထုတ်ခွင့်အမိန့်၊ ကိုယ်စားလှယ်လွှဲစာ (မိတ္တူ)၊ မှတ်ပုံတင် (မိတ္တူ)၊ ဆိပ်ကမ်းချလံ မှန်မမှန် အရာရှိလက်မှတ်၊ ငွေသွင်းချလံ၊ သွင်းကုန်ကြေညာလွှာ (မိတ္တူ)၊ ထုတ်ပေးကုန်စာရင်း၊ သဘောၤတင် ညွှန်ကြားလွှာမိတ္တူ၊ ပို့ကုန်ကြေညာလွှာ (မိတ္တူ) များ ပေးရန် မလိုတော့ကြောင်း သိရသည်။
ဌာနက ဆောင်ရွက်နေသည့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများတွင် တချို့ကိစ္စများသည် မလိုအပ်ဘဲ အချိန်ကြာမြင့်နေသဖြင့် ပယ်ဖျက် လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ဒု အထွေထွေမန်နေဂျာ ဦးသက်ထွန်းက ရှင်းပြသည်။
သမ္မတ ဦးသိန်းစိန်က အစိုးရဌာနများတွင် လုပ်ငန်းစဉ်အဆင့် များပြားနေပြီး ကြန့်ကြာမှုများ ရှိလာသည့်အတွက် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း များစွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဌာနများသို့ လုပ်ငန်းဆောင်ရွက်ချက်များ စစ်ဆေးကြည့်ရှုစေပြီး မလိုအပ်တော့သည့် အဆင့်တချို့ကို လျှော့ချရန် ဆောင်ရွက်စေခြင်းဖြစ်သည်ဟု သိရသည်။
သမ္မတ အကြံပေး ဦးကိုကိုလှိုင်ကလည်း အစိုးရသစ်လက်ထက် နောက်ပိုင်းတွင် အစိုးရလူကြီးပိုင်းများက ပြည်သူများအကြား ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်မည်ဟု ဆိုနေသော်လည်း အောက်ခြေအဆင့်အထိ ပြုပြင်ပြောင်းလဲရေးများ ရောက်မလာဟု သုံးသပ် ဝေဖန်လာကြသဖြင့် ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့နေရသည့် လုပ်ငန်းများမှ မလိုအပ်တော့သည့် အဆင့်တချို့ကို လျှော့ချရန် ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“၂၀၁၅ AEC (ASEAN Economic Community) ဖြစ်တည်လာရင် မြန်မာနိုင်ငံက ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်နေပြီး တခြားနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးဆိုရင် ကိုယ့်ဘက်က ခံရလိမ့်မယ်။ တပြားရရ နှစ်ပြားရရ စရိတ်တွေကို လျှော့ချမှရမယ်” ဟု သမ္မတအကြံပေး ဦးကိုကိုနိုင်က ပြောသည်။