ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ကုလသမဂ္ဂ ဝန်ထမ်း ၃ ဦးကို ထောင်ဒဏ် အသီးသီးချမှတ် လိုက်ကြောင်း သိရသည်။
မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသော ဒေါ်ချိုလေးမာခါတုန်၊ ဦးခင်မောင်(ခ) အဏ္ဏဝါ ဆာဒတ်၊ ဦးခင်မောင်ဆွေ(ခ) တာဟတ် တို့ ၃ ဦးအား ပြီးခဲ့သည့် သောကြာနေ့တွင် မောင်တော ခရိုင် တရားရုံး က ထောင်ဒဏ် ၂ နှစ် မှ၆ နှစ်အထိ အမိန့်ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ပြည်နယ်အစိုးရ ၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ နှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။
၎င်းတို့ ၃ ဦးသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။
ဒေါ်ချိုလေးမာ ခါတုန် သည် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅၃ (က)၊ ပုဒ်မ ၄၃၆/၁၀၉၊ ပုဒ်မ ၂၄ (၁)တို့ နှင့် သက်ဆိုင်သည့် လူမျိုးရေး အဓိကရုဏ်းဖြစ်စေရန် လှှုံ့ဆော်မှု၊ ဖောက်ခွဲရေး ဆိုင်ရာအမှု၊ နိုင်ငံခြားငွေကြေးနှင့်သက်ဆိုင်သည့် ပြစ်မှု စသည်တို့ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရသည်။
ဦးခင်မောင်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (ဂ)နှင့် ပုဒ်မ ၁၅၃၊ ပုဒ်မ ၂၄ (၁) တို့ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ဦးခင်မောင်ဆွေ (ခေါ်) တာဟတ် ကို ဥပဒေ ပုဒ်မ ၁၅၃ (က)၊ ပုဒ်မ ၅၀၅ (ဂ) တို့ဖြင့် ၂ နှစ် ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့ အား ယခုအခါ ဘူးသီးတောင် အကျဉ်းထောင်တွင် ထားရှိကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း က ထို ၃ ဦးအား ချမှတ်ထားသည့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတိကျစွာ သိရှိနိုင်ရန် အာဏာပိုင်များထံ တောင်းခံထားဆဲဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက“အယူခံက ရက် ၃၀ အတွင်း ဝင်ပိုင်ခွင့် ရှိတယ်လို့ သိရပါတယ်၊ အယူခံဝင်ရေး ကိစ္စတော့ စီရင်ချက် ချတာနဲ့ ပတ် သက်ပြီး အချက်အလက်တွေ အတိအကျ ရမှ ပြောလို့ရမှာပါ”ဟုလည်း ပြောဆိုသည်။
ထောင်ဒဏ် ချမှတ် ခံထားရသူများသည် အယူခံဝင် ပိုင်ခွင့်ရှိပြီး ပြန်လည်လွတ်မြောက်နိုင်ကြောင်းလည်း သိရသည်။
ယခုထောင်ဒဏ် အသီးသီးချမှတ်ခံလိုက်ရသည့် ကုလသမဂ္ဂ ဝန်ထမ်းများအား ပြန်လည်လွှတ်ပေးရန်နှင့် ၎င်းတို့အပေါ်ချမှတ် ထားသည့် ပြစ်မှုများသည် စွပ်စွဲချက်များသာ ဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ၌ လွတ်လပ်သည့် တရားစီရင်ရေး မရှိကြောင်း၊ ဖမ်းဆီးခံထားရသူများအတွက် ရှေ့နေငှားရမ်းခွင့်လည်း မရရှိကြောင်း၊ အထောက်အထား သက်သေများနှင့် တင်ပြခွင့်မရကြောင်းလည်း ကင်တာနာ က ပြောဆိုသည်ဟု ဗီအိုအေ သတင်း၌ ဖော်ပြထားသည်။
မစ္စတာ ကင်တာနာသည် ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာ ခဲ့သေးသည်။ ထိုစဉ်က ရခိုင်ဒေသခံများနှင့် ထိတွေ့မှုမရှိသော မစ္စတာ ကင်တာနာ နှင့် ကုလသမဂ္ဂ ဝန်ထမ်းများအား ၎င်းတို့ကို ခွဲခြား ဆက်ဆံမှုရှိသည်ဟုဆိုပြီး မကျေမနပ် ဖြစ်နေသော ဒေသခံများ၏ ဆန္ဒပြမှုကို ကြုံခဲ့ရသည်။
သြဂုတ် ၁၉ ရက်ကလည်း ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသား ၁၀၀ ခန့်သည် ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်း ရပ်တန့်ပေး ရန်နှင့် ရခိုင်ပြည်တွင်း ပဋိပက္ခ ဖန်တီးမှုများ ရပ်တန့်ပေးရန် အတွက် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ INGO များကို တရား ဝင် ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသေးသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးခဲ့ရာတွင် UNHCR ၊ WFP မှ ဝန်ထမ်းများအပြင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် တချို့နှင့် NGO ဝန်ထမ်း ၁၀ ဦး ဝန်းကျင်အား ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။
ယင်း ကုလသမဂ္ဂ ဝန်ထမ်းများသည် ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မောင်တော အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဖမ်းဆီး ခံခဲ့ရသူများ ဖြစ်သည်။