ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယားသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်များ အကူအညီပေးရေးကိစ္စများကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နေပြည်တော်တွင် ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်တွင်း မစ္စတာ ဗီဂျေ နမ်ဘီယားသည် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားနေသော ဒေသများအတွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ရေရှည် အကူအညီပေးရေးကိစ္စများ အဓိကဖြစ်ကြောင်း သိရသည်။ သို့သော် အသေးစိတ် ဆွေးနွေးမှုများကိုမူ မသိရသေးပေ။
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံး သတင်းပြန်ကြားရေး ဌာနမှ ဦးအေးဝင်းက “ကျနော်တို့ကိုလည်း အဲဒီဟာ သတင်းတော့ ပေးမထားဘူး။ အခုလာတာ မစ္စတာ နမ်ဗီးယားက အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အနေနဲ့သူ့ရဲ့ တာဝန်ကို ဆက်လက် ဆောင်ရွက်ဆဲဖြစ်တဲ့ သဘောနဲ့ သူလာတာနဲ့ တူတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပဋိပက္ခဖြစ်ပွားနေသော နေရာဒေသများအတွင်း ရေရှည်လိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီပေးမှု၊ နိုင်ငံသားဖြစ်မှု စိစစ်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
“အယ်လ်ဂျာဇီးရား သတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံ ထုတ်လွှင့်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိလာနေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံတော်အနေဖြင့် ဥပဒေနှင့် အညီ နိုင်ငံသား ဖြစ်မှုများကို စိစစ်ဆောင်ရွက်နေ မှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်” ဟု အစိုးရသတင်းစာက ဆိုသည်။
ထို့အပြင် မစ္စတာ နမ်ဗီယားသည် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် မြန်မာနှင့် ကုလသမဂ္ဂတို့ အကြား ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၂ သန်း ခန့်နေထိုင်လျက်ရှိရာ လက်ရှိ စုစုပေါင်း ဒုက္ခသည် ၆ သိန်းခွဲခန့်ရှိနေကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က ရေလွှမ်းမိုးမှုနှင့် တောင်ပြိုကျမှုများကြောင့် ဒုက္ခသည် ၃ သိန်းခန့်၊ ဂီရိ မုန်တိုင်းကြောင့် ဒုက္ခသည် ၂ သိန်းခွဲခန့်ဖြင့် သဘာဝဘေးကြောင့် ဒုက္ခသည် ၅ သိန်းခွဲခန့်ရှိသည်။ ထို့အပြင် ၂၀၁၂ ခုနှစ်အတွင်းက ပဋိပက္ခများကြောင့် ဒုက္ခသည် ၁ သိန်းကျော်တို့ ဖြစ်ကြကြောင်း ယနေ့နေ့စွဲဖြင့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယမန်နှစ်က လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရသည့် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရာ ဒေသများတွင်လည်း အကူအညီ လိုအပ်နေသောသူများအတွက် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား ဖြစ်မှုဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စများ အပေါ်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာတို့မှ စိုးရိမ်မကင်းဖြစ်နေကြသည်။
ထို့အပြင် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်း လတ်တလော စစ်ပွဲများ အရှိန်မြင့်လာနေမှုကြောင့် စစ်ပြေး ဒုက္ခသည်များ တိုးပွားလျက်ရှိရာ ရာသီဥတု ဆိုးဝါးမှုကြောင့် အရေးပေါ် အကူအညီ လိုအပ်နေမှုများရှိနေပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများကလည်း ဒုက္ခသည် ၁ သောင်းကျော်အား လက်ခံရန် စခန်း ၄ ခု ဖွင့်လှစ်ထားရှိသည်။
ကချင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များသည် ကချင်ပြည်နယ် အောက်ပိုင်း တခြား မြို့ရွာများသို့လည်းကောင်း၊ အများစုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းသို့ လည်းကောင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား မြန်မာအစိုးရ စစ်တပ်က လေကြောင်း စစ်ကူသုံး တိုက်ခိုက်မှုတွင် အရပ်သား ထိခိုက်မှုများအတွက် အန္တရာယ် ကျရောက်လာမည်ကို အလွန် စိုးရိမ်မိကြောင်း ဇန်နဝါရီလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရကလည်း KIA နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သကဲ့သို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စ ဗစ်တိုးရီယား နူလန်းကလည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ မြင့်မားလာမှုကို စိုးရိမ်ကြောင်းနှင့် ၂ ဖက်စလုံးအား စစ်ပွဲများ ရပ်စဲရန် တိုက်တွန်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်ကလည်း ကချင် စစ်ပြေး ဒုက္ခသည်များအတွက် စိုးရိမ်ကြောင်း ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။