ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ကြိုးစားနေသည့် ပျူယဉ်ကျေးမှု ထွန်းကားရာ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့အမွေအနှစ်ကော်မတီမှ လာရောက်စစ်ဆေးတော့မည်ဟု သိရသည်။
အဆိုပါ မြို့ဟောင်းများကို ပြီးခဲ့သည်နှစ်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ ကမ္ဘာ့အမွေအနှစ်ဌာနသို့ အမည်စာရင်း တင်သွင်းခဲ့ရာ ယခုအခါ လာရောက်စစ်ဆေးပြီး ၂၀၁၄ ခုနှစ်တွင် စာရင်းထည့်သွင်းသင့် မသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။
ခေတ်ပြိုင်ထွန်းကားခဲ့သည်ဟု ဆိုနိုင်သော ယင်းမြို့ပြနိုင်ငံကြီး ၃ မြို့တွင် မကွေးတိုင်း တောင်တွင်းကြီးမြို့အနီးရှိ ဗိဿနိုးမြို့ဟောင်းသည် ရှေးအကျဆုံးဖြစ်ပြီး ခရစ်နှစ် ၁ ရာစုမှ ၅ ရာစုခန့်အထိ ထွန်းကားခဲ့ကြောင်း၊ ဟန်လင်းမြို့မှာ ခရစ်နှစ် ၃ ရာစုခန့်မှ ၉ ရာစုခန့်အထိ ထွန်းကားခဲ့ပြီး ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့မှာ ၃ ရာစုခန့်မှ ၁၀ ရာစုခန့်အထိ ထွန်းကားခဲ့ကြောင်း ရှေးဟောင်းသမိုင်း သုတေသီများက ခန့်မှန်းကြသည်။
မြို့ပြနိုင်ငံများ ဖြစ်သည့်အလျောက် အိန္ဒိယတိုက်ငယ်နှင့် ကူးလူးဆက်ဆံမှုများ ရှိခဲ့ရာ ဘာသာရေးနှင့် အက္ခရာ အရေးသားများကို ရရှိခဲ့ပြီး တူညီသည့် အချက်များမှာ ဗိသုကာပညာ၊ အိုးခွက်ယောက်၊ ပုတီးလည်ဆွဲနှင့် ဒင်္ဂါးဝိုင်း၊ သံထည်ပစ္စည်း ပြုလုပ်မှု အတတ်ပညာ၊ သေဆုံးလျှင် အရိုးအိုး မြုပ်နှံသည့် ဓလေ့တို့တွင် တူညီကြောင်း သိရသည်။
ပျူယဉ်ကျေးမှုမှာ သရေခေတ္တရာ၌ အထွန်းကားဆုံးဟု ဆိုနိုင်ပြီး မြို့ရိုးနှင့် မြို့ပြ အကျယ်ပြန့်ဆုံးဖြစ်ကြောင်း၊ အိန္ဒိယနှင့်လည်း ကူးလူး ဆက်ဆံမှု များပြားခဲ့သည့်အတွက် ဗုဒ္ဓအယူဝါဒအပြင် ဟိန္ဒူဘာသာရေးနှင့် ယဉ်ကျေးမှု လက္ခဏများကိုလည်း တွေ့ရကြောင်း သိရှိရသည်။
ပြည်မြို့ရှိ ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက “ရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ သရေခေတ္တရာက အကြုံးဝင်နေပါတယ်။ မြိုပြနိုင်ငံ တည်ဆောက်ပုံတွေ ကျန်နေတုန်းပါ” ဟု ပြောသည်။
ပျူလူမျိုးများ ကိုးကွယ်ခဲ့သည် ထေရဝါဒ ဗုဒ္ဓသာနာသည် ယခုထက်တိုင် သရေခေတ္တရာ ရှေးဟောင်းနယ်မြေ အတွင်း ဆက်လက် တည်တံ့ဖွံဖြိုးနေခြင်းနှင့် ရှေးဟောင်း စေတီပုထိုးများ ကျန်ရှိနေသေးခြင်းက ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းရန် အထောက်အကူပြု သည့် အချက်အလက် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိ အနေအထား၌ ယခုတိုင် နန်းတော်ရာနှင့် နန်းမြို့ရိုး၊ နဂါးတွန့်၊ လုလင်ကျော် စသည့် မြို့တခါးပေါက်များမှာ ထင်ရှားစွာ ကျန်ရှိနေပြီး မြို့ကို ခြံရံထားသည့် တိုက်နယ်များမှာလည်း လက်ရှိအခြေအနေတွင် တွေ့ရှိနိုင်သေးသည်ဟု သိရသည်။
ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး ၊ ဘဲဘဲကြီး၊ အရှေ့ဈေး၊ လေးမျက်နှာ စသည့် စေတီများမှာ ပျူလက်ရာမပျက် တည်ရှိနေပြီး မြင်ဗာဟု၊ စက်တိုင် စုက္ခရု၊ စုက္ခရာ၊ ပါဒကြီး၊ ပါဒလေး၊ တာဝတိ ံသာ၊ စဠာမဏိ၊ သာဝတ္ထိ၊ ရွှေနန်းဦး စေတီတို့မှာ ခေတ်လက်ရာ အနည်းငယ် ဖုံးလွှမ်းလျှက်ရှိကြောင်း သိရှိရသည်။
တိုက်နယ်များအတွင်းရှိ တခြားသော သရေခေတ္တရာ ခေတ်စေတီများနှင့် ရဟန္တာကန်ကိုလည်း ရှေးဟောင်း သုတေသနဌာနမှ ကွင်းဆင်းကာ မှတ်တမ်းတင် ထိန်းသိမ်းထားကြောင်း သိရသည်။
သရေခေတ္တရာ ရှေးဟောင်းနယ်မြေကို မြန်မာနိုင်ငံ၏ ပထမဆုံး ရှေးဟောင်းသုတေသန တာဝန်ခံ ဂျာမန်လူမျိုး ဒေါက်တာ ဖိုးချမ်းမားက စတင်ကွင်းဆင်း သုတေသနပြုခဲ့ပြီး ၁၉၀၇ ခုနှစ်တွင် ပြင်သစ်စစ်ဗိုလ်ချုပ် လီယွန်ဒီဗဲလီယေနှင့် ကျောက်စာဝန် မစ္စတာ တော်စိန်ခို၊ မွန်ဆီယာ ရော်ဇယ်၊ ဦးလူဖေဝင်းတို့က ဒုတိယကမ္ဘာစစ်တိုင် တူးဖော်ခဲ့ကြသည်။
ထိုတူးဖော်မှုများမှ ရရှိသည့် ရှေးဟောင်းပစ္စည်းများတွင် ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် စသည့် မြန်မာတူရိယာများကို ပုံဖော်ထားသည့် အနုသုခမ ရုပ်ထုများ၊ ခင်ဘကုန်းမှ တူးဖော်ရရှိသည့် ဓမ္မဒေသနာတော်များကို ရေးသားထားသော ရွှေပေလွှာ ၂၂ ချပ်နှင့် အုပ်ချုပ်သူ မင်းအဆက်ဆက် သေဆုံးသူများ၏ အရိုးအိုးများ၊ ပုတီးများ၊ နားတောင်းများမှာ ထင်ရှားပြီး မှော်ဇာရှေးဟောင်း ပြတိုက်တွင် ပစ္စည်းပေါင်း ၃ ထောင်ကျော် ပြထားသည်ဟု ပြည်မြို့ရှိ ရှေးဟောင်း သုတေသနဌာနမှ သိရသည်။
ယခင်က အဆိုပါ ရှေးဟောင်းနယ်မြေတွင် လယ်ယာစိုက်ပျိူးခြင်း၊ ရှေးဟောင်းပစ္စည်းများ တူးယူခြင်း၊ ရွှေကျင်ခြင်း၊ လူနေအိမ်ခြေ ရပ်ကွက်များ တိုးချဲ့ခြင်းများရှိခဲ့ရာ ၂၀၀၂ ခုနှစ်တွင် ရှေးဟောင်းဇုန်များ သတ်မှတ်ကာ တားမြစ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရလျှင် ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိနိုင်သော်လည်း ရှေးဟောင်းယဉ်ကျေးမှု ဌာန၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ယနေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။
လက်ရှိအခြေအနေတွင် သရေခေတ္တရာ မှော်ဇာရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို တနှစ်လျှင် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၅ ထောင်ကျော်လာရောက် လေ့လာကြကြောင်း သိရသည်။