သမ္မတ ဦးသိန်းစိန်က ပဋိပက္ခ ဖြစ်ပွားနေသော ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်များကို ကူညီရန် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ INGO များအား သွားရောက်ခွင့်ပြုမည်ဟု သိရသည်။
သို့သော် အဆိုပါ INGO များ၏ လုံခြုံရေးအတွက်မူ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့မှ တာဝန်ယူရန် ညှိနှိုင်း ရဦးမည်ဖြစ်ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
ယနေ့တွင်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် အစိုးရဝန်ကြီးများဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ လူမှုဝန်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း၊ တပ်ကုန်း ဒုက္ခသည် စခန်းနှင့် ဝိုင်းမော်ရှိ မိုင်းနား ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ စစ်ပြေးဒုက္ခသည်များကို ကူညီရန် သွားရောက် လေ့လာသည်ဟု သိရသည်။
နေ့လည် ၁၂ နာရီခန့်တွင် မစ္စတာ နမ်ဘီးယားနှင့် အစိုးရဝန်ကြီးအဖွဲ့သည် မြစ်ကြီးနား မြို့တော်ခန်းမတွင် အစိုးရဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် တွေဆုံကြောင်း သိရသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာက “နမ်ဘီယားနဲ့တော့ တွေ့ခွင့်ရပါတယ်။ ဒါပေမယ့် ဘာမှ ပြန်ပြောခွင့်၊ တင်ပြခွင့်မရပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မစ္စတာ နမ်ဘီးယားက မြစ်ကြီးနားတွင် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့များနှင့် တွေ့ရသည်ကို ဝမ်းသာကြောင်း၊ ဤဒေသမှ အဖြစ်အပျက်များကို စိတ်ဝင်စားကြောင်း၊ လက်ရှိအခြေအနေကို အကောင်းမြင်ကြောင်း ပြောသည်ဟု သိရသည်။
လွန်ခဲ့သော တနှစ်ကျော်ကတည်းက စစ်ဘေးတိမ်းရှောင်လာရသည့် ကချင်ဒုက္ခသည်များကို မြစ်ကြီးနားမြိုနှင့် အနီးတဝိုက်ရှိ မန်ခိန်၊ အင်ဂျန်တုံ၊ တပ်ကုန်း၊ ဂျာမိုင်ဂေါင်း၊ ဇီးလွန်၊ ကျွန်းပင်သာ၊ ပြန်လည်နေရာ ချထားရေး (ပလန) စသည်ဖြင့် စခန်းပေါင်း ၇ ခုဖွင့်လှစ်ကာ လက်ခံထားကြောင်း၊ စခန်းတခုလျှင် လူဦးရေ ပျမ်းမျှ ၅၀၀ ခန့်ရှိကြောင်း သိရှိရသည်။
လက်ရှိ အခြေအနေတွင် ဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့မှ ထောက်ပံ့သည့် အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား တို့ကိုသာ မီခိုနေရကြောင်း၊ ပြည်တွင်းရှိ လူမှုရေး အဖွဲ့အစည်း များကလည်း ဆန်နှင့် အဝတ်အထည်များကို ထောက်ပံ့ကြောင်း နိုင်ငံရေအကျဉ်းသားဟောင်း ဒုက္ခသည်များကို ကူညီနေသူ ကိုကျော်ကျော်ဦးက ဆိုသည်။
ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွင် ဆေးဝါးပြည့်စုံမှု မရှိသည့်အပြင် အဓိကပြဿနာမှာ သောက်သုံးရေ ရှားပါးမှုဖြစ်ကြောင်း၊ သောက်ရေသန့် ရရှိနိုင်ခြင်း မရှိသည့်အတွက် ဝမ်းလျှော ဝမ်းပျက်ရောဂါများ ဖြစ်ပွားမှုရှိသည့်အပြင် ဝဲ၊ ပွေး၊ ယားနာပေါက်မှုများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။
ဝိုင်းမော်မြို့နယ်တွင်လည်း ယာယီတိမ်းရှောင်စခန်းဟု အမည်ပေးကာ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားသေးသည်။
ထိုသို့ အကူအညီပေးရေး အဖွဲ့များနှင့် တာဝန်ရှိသူများ သွားရောက်နိုင်ခြင်းမှာ ယမန်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIA တို့ ပဏာမ တွေ့ဆုံဆွေးနွေးမှု ရလဒ် ဖြစ်သည်။
၂၀၁၁ ခုနှစ် ဇွန်လက ရှမ်းပြည်မြောက်ပိုင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်စခန်းများကို လုံခြုံရေးအရ ဖယ်ရှားရန် ကြိုးပမ်းရာမှ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ကူးစက်ခဲ့ရာ မကြာသေးမီရက်ပိုင်းကမှ တိုက်ပွဲ ရပ်ဆိုင်းသွားခဲ့သည်။
စစ်ဖြစ်ပွားနေသည့်အတွက် အမဲရောင်နယ်မြေ သတ်မှတ်ခံရကာ မိသားစုများမှာလည်း တိုက်ပွဲများဒဏ်၊ လက်နက်ကြီးနှင့် မိုင်းဒဏ်များကြောင့် အသက်အိုးအိမ် ဆုံးရှုံးရသည့်အပြင် နှစ်ဖက် လက်နက်ကိုင်အဖွဲ့များ နှိပ်စက်မှုများလည်း ခံရကြောင်း၊ ယခုအခါ တိုက်ပွဲများ ရပ်ဆိုင်သွားသည့်အတွက် ကချင်လူထုမှာ စိတ်ချမ်းသာနေကြောင်း ဒေသခံများထံမှ သိရသည်။