ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ၊ ကချင် လွတ်လပ်ရေး အဖွဲ့KIO ဌာနချုပ်ကို သွားအပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေလ်နမ်ဘီးယားဟာ မကြာသေးမီက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မိတီ္ထလာမြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လလယ်ပိုင်းက မြန်မာနိုင်ငံကို ခေတ္တရောက်ရှိလာခဲ့တဲ့ မစ္စတာဗီဂျေလ်နမ်ဘီးယားဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၄ ခု နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရဲ့ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို မနေ့က မိတီ္ထလာမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းအချို့၊ မီးလောင်ပြင်နေရာတွေနဲ့ ဘာသာပေါင်းစုံ အဖွဲ့အစည်းကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
“မစ္စတာ နမ်ဘီးယား က မိတီ္ထလာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းတခု၊ ချမ်းအေးဗလီ၊ မင်္ဂလာဇေယျုံနဲ့ ရတနာမောင် ရပ်ကွက်မှာရှိတဲ့ ဘင်္ဂလီဗလီတွေနဲ့ မီးလောင်ပြင်တွေကို သွားကြည့်တယ်၊ ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့တွေ့တယ်ပေါ့၊ အဓိက မစ္စတာနမ်ဘီးယားပြောတာ ကတော့ အားလုံး ငြိမ်းချမ်းစွာနေဖို့ပဲ ပြောပါတယ်။ မြို့ကို လာပြီး လေ့လာသွားတဲ့ သဘောပဲ။ ညနေ ၃ နာရီခွဲလောက်လာပြီး ၅ နာရီလောက် နေပြည်တော်ကို ပြန်သွားတယ်”လို့ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီၤကို ပြောပါတယ်။
မစ္စတာနမ်ဘီးယားအနေနဲ့ မိတ္ထီလာမြို့ကို လာတုန်းက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်လည်း အတူ လိုက်ပါလာတယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်ကလည်း မစ္စတာနမ်ဘီးယားက မြစ်ကြီးနားမြို့မှာ ရှိတဲ့ ဂျမိုင်ကောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သွားခဲ့ပြီး KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးသည့်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး အခြား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ တအောင်း-ပလောင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့၊ ABSDF မြောက်ပိုင်းအဖွဲ့နဲ့ SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ လည်း အလွတ်သဘော တွေ့ခဲ့တယ်လို့ သိရပါတယ်။
“ KIO နဲ့ အစိုးရကြားမှာ ယုံကြည်မှု တည်ဆောက်ပေးတဲ့အနေနဲ့လာတာဆိုတော့ ရှေ့ဆက်မယ့်ငြိမ်းချမ်းရေးအတွက်တော့ အများကြီး အထောက်အကူပြုမယ်လို့ ထင်တယ်၊ KIO နဲ့ အစိုးရ လက်မှတ်ရေးထိုးတုန်းက သူလည်း ပါဝင် လက်မှတ်ထိုးထား တော့ သူ့မှာလည်း တာဝန်ရှိတယ်လို့ ယူဆပြီး အားဖြည့်တဲ့သဘောပေါ့။ အဓိကကတော့ ငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ လာတာပေါ့။ UN က KIO ဌာနချုပ်ကို လာတာဆိုရင် ဒါ ပထမဆုံး အနေအထားပဲ”လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်းအောင်က ဧရာဝတီကိုပြောပါတယ်။
မစ္စတာနမ်ဘီးယား အနေနဲ့ ကချင်ဒုက္ခသည်စခန်းတွေကို လာရောက်လေ့လာတာက ကောင်းတဲ့သဘောမျိုးဆောင်ပြီး ဒီနယ်မြေမှာဖြစ်ပျက်နေတဲ့ အခြေအနေကို သိချင်လို့ လာတာဖြစ်နိုင်တယ်လို့ ဦးဆန်းအောင်က ဆိုပါတယ်။
ဒါ့အပြင် မစ္စတာနမ်ဘီးယားက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ရဲ့ ဥက္ကဌ ဦးအောင်မင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို ဒီနေ့မှာလည်း
မွေးမြူုရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ် စစ်ဒဏ်ကြောင့် နေရပ်ထွက်ခွာ လာသူများအား နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နေအိမ်များပြန်လည်ထူထောင်ရေး၊ KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတာတွေအပေါ် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။