ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို အစိုးရ စစ်တပ်က ထိုးစစ်ဆင်နေမှုအား ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးတွက် နည်းလမ်းရှာဖွေရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြိုးပမ်းနေကြောင်း သိရသည်။
“ကချင်စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အဓိက တောင်းဆိုမယ်။ စစ်ပွဲတွေ ရပ်စဲသွားရင် ရှေ့ဆက်ဆွေးနွေးမယ့် နိုင်ငံရေး လမ်းစဉ်တွေအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ကိစ္စတွေအတွက် ဒီအစည်းအဝေးကို ကျင်းပတာပါ” ဟု UNFC ၏ တွဲဘက်အတွင်းရေးမှူးနှင့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ခေါင်းဆောင် ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
UNFC ၏ ညီလာခံကို ထိုင်းနိုင်ငံအတွင်းရှိ လွတ်မြောက်နယ်မြေတခု၌ ဇန်နဝါရီလ ၇ ရက်နေ့ မှ ၁၀ ရက် နေ့အထိ ကျင်းပနေကြောင်း၊ ထိုညီလာခံမှ ကချင်အရေးကိစ္စနှင့် တိုင်းရင်းသား အရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့မှအပ ကျန်အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ကြောင်း သိရသည်။
UNFC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေးပါတီ (KPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) ဟူ၍ တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ ပါဝင်သည်။
UNFC ဆွေးနွေးပွဲသို့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တက်ရောက်ပြီး နယ်စပ်ဒေသများရှိ တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များ ကူညီပေးရေး ကိစ္စများကို ပါဝင်ဆွေးနွေးသွားကြောင်း၊ ဒုက္ခသည်များအတွက် ကူညီပေးမည့် ကိစ္စများကို ပြောဆို ကတိပေးသွားကြောင်း ဦးခွန်ဥက္ကာထံမှ သိရသည်။
UNFC အဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်း ဂျပန်နိုင်ငံသို့ သွားရောက် လေ့လာစဉ်က ၎င်းတို့ ထိန်းချုပ်ရာ ဒေသများရှိ စစ်ပြေးတိုင်းရင်းသား ဒုက္ခသည်များကို ကီူညီရေး နိပွန်ဖောင်ဒေးရှင်းက ဒေါ်လာ ၃ သန်း ကူညီပေးရန် သဘောတူညီမှု ရရှိထားသည်။
၄ ရက်ကြာကျင်းပသည့် UNFC ဆွေးနွေးပွဲမှ ရလဒ်များကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပြီး အစိုးရနှင့် ရှေ့ဆက် ဆောင်ရွက်မည့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစိုးရထံ တင်ပြ၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဆွေးနွေးရန် တွန်းအားပေးသွားမည်ဟုလည်း သိရသည်။