ကချင်ပြည်နယ်အတွင်း အစိုးရတပ်က ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုင်းရန် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခြေကုပ်စခန်းများကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အပေါ် အဓိကထား၍ ဆွေးနွေးရန် စီစဉ်ထားကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် ယခုလ ၇ ရက်နေ့မှ စတင်၍ ၄ ရက်ကြာ ကျင်းပသည့် UNFC ၂ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးအပြီး ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ဟံသာက သတင်းထောက်များကို ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ကျနော်တို့ရဲ့ အဖွဲ့အဝင်ဖြစ်တဲ့ KIA ကို အကူအညီပေးဖို့ တာဝန်အပြည့်အ၀ ရှိတယ်။ ဒီကိစ္စအတွက် ကျနော်တို့နဲ့ ဦးအောင်မင်းတို့ မကြာခင် တွေ့ဖို့ရှိတယ်။ ဒီကိစ္စကို ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်၀၀ တဖက်က ဖိပြီး ဆွေးနွေးပါမယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဦးအောင်မင်းနှင့် UNFC ခေါင်းဆောင်များ နောက်ဆုံး အလွတ်သဘော တွေ့ဆုံခဲ့စဉ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်ခဲ့သည်။
“နောက်ထပ် ကျနော်တို့ ဦးအောင်မင်းနဲ့ တွေ့ရင် ဒီကိစ္စတွေကို ခဏရပ်ဆိုင်းထားပြီးတော့ ကချင်တွေကို ထိုးစစ်ဆင်နေတဲ့ အပေါ်မှာ ရပ်တန့်ပေးဖို့ အဓိကထားပြီး ပြောသွားဖို့ရှိတယ်။ တကယ်လို့ ကချင်အပေါ်မှာ ထိုးစစ်ဆင်နေတာကို ရပ်မပေးဘူးဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ကတော့ ဆက်လက် ညှိနှိုင်းပြီး လုပ်ငန်းစဉ်တွေကို အဖြေရှာသွားဖို့ ရှိပါတယ်” နိုင်ဟံသာက ပြောသည်။
သို့သော် မည်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်သွားမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယခုလအတွင်း တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် နေ့ရက်ကို မကြာခင် အစိုးရထံ အကြောင်း ပြန်ကြားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာသည့် နိုင်ငံခြား သတင်းထောက်တဦးက ကချင်ပြည်နယ်တွင် အစိုးရက ထိုးစစ်ဆင်နေမှုကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် မပြောကြားခြင်းနှင့် ပတ်သက်၍ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ဟံသာက “မြန်မာ့ တပ်မတော်နဲ့ အစိုးရကြား ပြဿနာ မဖြစ်စေချင်လို့ မပြောတာ ဖြစ်နိုင်သလို တဖက်က ကျနော်တို့ တိုင်းရင်းသားဘက်က ပုဂ္ဂိုလ်တယောက် မဟုတ်တော့ ကျနော်တို့ရဲ့ နစ်နာမှု၊ ခံစားမှုတွေကို သူက သိပ်မခံစားမိဘဲနဲ့ လျစ်လျူရှုထားတဲ့ သဘောလဲ ဖြစ်နိုင်တယ်” ဟု ၎င်းက ဖြေသည်။
KIA ကို ထိုးစစ်ဆင်နေမှုအား ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် ၄ ရက်ကြာ UNFC အစည်းအဝေးတွင် တိုင်းရင်းသား ကိုယ်စားလှယ် ၃၀ နီးပါး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
UNFC အစည်းအဝေးသို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြသည်။ ချင်းအမျိုးသား တပ်ဦး (CNF) မှ ယခု ဆေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်း မရှိပေ။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် KNU, KIO အစရှိသည့် လက်နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ်လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။