တောင်သူ လယ်သမားများ ၏ အရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ ကျော် မှ တောင်သူလယ်သမားများ စုစည်း၍ ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ ကို ဖွဲ့စည်းလိုက်သည်။
ပုသိမ်မြို့နယ် ကြက်ပေါင် တိုက်နယ်၊ ကြက်ပေါင် ကျေးရွာ ပေါ်တော်မူ ဘုန်းကြီးကျောင်း၌ ယမန်နေ့က ကျင်းပသည့် သမဂ္ဂ ဖွဲ့စည်းခြင်း အခမ်းအနားသို့ ကျေးရွာ ၅၀ ကျော်မှ တောင်သူ လယ်သမား ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်၍ ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ အလုပ် အမှုဆောင် အဖွဲ့ဝင် ၄၆ ဦးကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
“ကျနော်တို့အနေနဲ့ တောင်သူ လယ်သမားနဲ့ပတ်သတ်တဲ့ ကိစ္စမှန်သမျှကို အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သွားမှာပါ။ အဲဒီ အထဲ မှာ လယ်သမားတွေ မြေ အသိမ်းခံရတဲ့ကိစ္စ၊ ဘဏ်ချေးငွေကိစ္စတွေ နောက် တခြားတိုင်ကြားဖို့ လိုအပ်တာတွေပေါ့။ လယ် သမား အရေးကို အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သွားမှာပါ”ဟု သမဂ္ဂ အထွေထွေ အတွင်းရေးမှူး အဖြစ် ခန့်အပ်ခံရသည့် ကြက် ပေါင် ကျေးရွာမှ လယ်သမား ကိုမျိုးကိုကို က ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ မှာ ဦးထွန်းနု ဖြစ်၍ ဦးထွန်းထွန်းနိုင်နှင့် ဦးကျော်နိုင် တို့ နှစ်ဦးက ဒု ဥက္ကဋ္ဌ များ ဖြစ်ပြီး နာယက အဖြစ် ဦးသောင်းထွန်း၊ ဦးသာမောင်၊ ဦးဝင်းတင် တို့က တာဝန်ယူထားသည်။
တဆက်တည်းတွင်ပင် သမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ဦးဆောင်မှုအောက်၌ ဆက်သွယ်ရေး၊ ပြန်ကြားရေး နှင့် သုတေသန ကော် မတီ၊ မြေယာ၊ ကြွေးမြီ နှင့် ချေးငွေဆိုင်ရာ ကော်မတီ၊ ဘဏ္ဍာရေး နှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ၊ သမဂ္ဂဝင်များ စည်းရုံးရေး ကော်မတီ၊ သာရေးနာရေး၊ လူမှုစောင့်ရှောက်ရေး နှင့် သမဂ္ဂ အကြံပေးကော်မတီ များလည်း ဖွဲ့စည်းခဲ့သည်။
ဧရာဝတီ တိုင်းတွင် ပုသိမ်အပြင် မြောင်းမြ၊ ကန်ကြီးထောင့် နှင့် လပွတ္တာမြို့နယ် များတွင်လည်း မြို့နယ် တောင်သူ လယ်သမား သမဂ္ဂများ ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း သိရသည်။