ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခ အကြမ်းဖက်မှုများ တွင် ပါဝင်ခဲ့သော မီးရှို့ဖျက်ဆီးသူ ၆၀ ကျော် မဖမ်းဆီးနိုင်သေးဘဲ ထွက်ပြေး လွတ်မြောက်နေသဖြင့် ဖမ်းဝရမ်းထုတ်ထား ကြောင်း ဥက္ကံ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ဧရာဝတီသို့ ပြောသည်။
ဥက္ကံမြို့တွင်၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ကိုရင်လေးတပါးနှင့် အစ္စလမ်ဘာသာဝင် အမျိုးသမီးတဦးတို့ မတော်တဆ တိုက်မိရာမှ အစပြုပြီး လူတဦး သေဆုံးသည်အထိ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပဋိပက္ခ တွင် ပါဝင်ပတ်သက်ခဲ့သူ ၈၀ ဦး ကို မီးရှို့ဖျက်ဆီးမှု၊ ဆူပူမှု အပါအဝင် ပုဒ်မအသီးသီးဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ကြောင်း၊ သို့ရာတွင် ပဋိပက္ခတွင် ပါဝင်သူ ၆၀ ကျော်ကို မဖမ်းဆီးနိုင်သေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဖမ်းလို့ မမိသေးတဲ့သူက ၆၀ ကျော်လောက် ရှိသေးတယ်။ သူတို့ကို တရားခံပြေးလို့ သတ်မှတ်ထားပြီး ဖမ်းဝရမ်းလည်း ထုတ်ထားတယ်။ တခြားရဲစခန်းတွေကိုလည်း အကြောင်းကြားစာတွေ ပို့ထားပါတယ်´´ဟု ရဲမှူး မြင့်မောင်က ပြောသည်။
လတ်တလော ဥက္ကံ အကြမ်းဖက် ပဋိပက္ခ နှင့် ပတ်သက်ပြီး ဖမ်းဆီး အရေးယူထားသော တရားခံ ၂၀ ကျော်ရှိပြီး အမှု စစ်ဆေး ရာတွင် သက်သေ များစွာ ခေါ်ယူရပြီး အမှုတမှုလျှင် အနည်းဆုံး သက်သေ ၄၀ ခန့်အထိ ခေါ်ယူစစ်ဆေး ရသဖြင့် အချိန်ကြာမြင့် နေရခြင်းဖြစ်ကြောင်း၊ ယနေ့အချိန် အထိ တရားခံ ၇ ဦးကိုသာ ထောင်ဒဏ် အသီးသီး ပြစ်ဒဏ် ချမှတ် နိုင်ခဲ့ကြောင်း သိရှိ ရသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပဋိပက္ခနှင့်ပတ်သက်ပြီး ဖမ်းဆီး တရားစွဲခံထားရသူများမှ တရားခံ ၂ ဦးကို တိုက်ကြီး မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း၊ အလုပ်နှင့် ထောင်ဒဏ် အပြစ်ပေးခံရသူ တရားခံ ၂ ဦးမှာ ဥက္ကံမြို့ ဂုန်ညင်းတန်း ကျေးရွာမှ ကိုစိုးဝင်းနှင့် ကိုကျော်မျိုးသူတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် လူစုလူဝေးနှင့် အိမ်အချို့ကို ဝင်ရောက်ဖျက်ဆီးရာတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ရဲမှူးမြင့်မောင်က “တရားခံ ၂ ယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချလိုက်တယ်။ အဓိက အကြောင်းအရင်းကတော့ အကျိုး ဖျက်ဆီးတာပေါ့။ အိမ်၊ အဆောက်အဦတွေကို ဖျက်ဆီးတာ။ အမှု တွေ ကတော့ အိမ်ရာဖျက်ဆီးတာရယ်၊ မီးရှို့တာ ရယ်ပဲ´´ ဟု ဧရာဝတီသို့ပြောသည်။
ဥက္ကံပဋိပက္ခတွင် ပါဝင်အကြမ်းဖက်ခဲ့သူ ၃ ဦးကို စက်တင်ဘာလအတွင်းကလည်း အလုပ်နှင့် ထောင်ဒဏ် ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်ခဲ့ပြီး ပဋိပက္ခ စတင်ခဲ့သော အစ္စလမ် ဘာသာဝင် မဝင်းဝင်းစိန် နှင့် မခင်မာသိန်း တို့ကို သာသနာတော် ညှိုးနွမ်း စေမှု ပုဒ်မ ၂၉၅ (က) ဖြင့် တိုက်ကြီးမြို့နယ် တရားရုံးက ဇွန်လ ၅ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။