ကမ္ဘာ့ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့ကို စက်တင်ဘာလ အတွင်း သမ္မတဦးသိန်းစိန် သွားတဲ့ အစီအ စဉ် ဟာ မြန်မာအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်နေပေမယ့် အိမ်နီးချင်း တရုတ်နဲ့ဆက် ဆံရေးကို အလေးထားကြောင်းပြဖို့ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီနေ့က စလို့ စက်တင်ဘာ ၂၂ ရက်အထိ ၅ ရက်ကြာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်က နန်နင်း ကုန်စည်ပြပွဲ တက်ရောက်ဖို့ ဖြစ်တယ်လို့ အစိုးရ သတင်းစာက ကြေညာထားပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့ စတင် ဖွင့်လှစ်ပြသမယ့် နန်နင်း ကုန်စည်ပြပွဲဟာ ၉ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးဆုံး ကုန်စည်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံက အာဆီယံ နိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင် နိုင်ငံအဖြစ် ပါဝင်တာ ဖြစ်ပါတယ်။
သမ္မတဟာ တရုတ်ကပြန်လာပြီးရင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက် ဖို့ စက်တင်ဘာ နောက်ဆုံးပတ်မှာ သွားရောက်မှာ ဖြစ်ပါတယ်။
“အမှန်က မြန်မာအနေနဲ့ အမေရိကန်သွားတော့ အမေရိကန်လူ လုံးလုံး ဖြစ်မသွားဘူးဆိုတာ ပြချင်တာနဲ့ တရုတ်ကိုသွားဖို့ ပိုပြီး ရင်းနှီးအောင် လုပ်ဖို့ လိုပါတယ်။ ပြရတယ်။ နိုင်ငံကြီး ၂ နိုင်ငံလုံးက အင်အားကြီး နိုင်ငံချည်းပဲ ဖြစ်နေတော့ ဒါ အမေရိကန်နဲ့လည်း ဆက်ဆံရေးကောင်းအောင် တရုတ်နဲ့လည်း ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်ရမယ်။ ကိုယ်က နိုင်ငံငယ်ဖြစ်နေတော့။ ဒီလိုပဲ ကြိုးစားအားထုတ်ရမယ်”လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီကို ပြောပါတယ်။
သခင် ချန်ထွန်း ဟာ ၁၉၇၀ ခုနှစ် ဝန်းကျင်က ကနေဒါ၊ တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံ သံအမတ် တာဝန်တွေ ထမ်းဆောင် ခဲ့သူ လည်း ဖြစ်ပါတယ်။
“လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က တရုတ်နဲ့လည်း ချစ်ခင်ရင်းနှီးတဲ့နိုင်ငံ၊ အမေရိကန်နဲ့လည်း ချစ်ခင်ရင်းနှီးတဲ့ နိုင်ငံဖြစ် အောင် အမှန်ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အမေရိကန်နဲ့ ရင်းနှီးမယ်။ အမေရိကန်က အထောက်အပံ့ အကူအညီလည်း ပေးနိုင်တယ်။ တရုတ်ကလည်း ထောက်ပံ့ ကူညီပေးနိုင်တယ်။ ပြည်တွင်းမှာလည်း တရုတ်လူဦးရေးက နည်းတာမဟုတ်ဘူး။ အဲဒီတော့ တရုတ်နဲ့လည်း ပြေပြစ် ချောမောအောင်၊ မြန်မာနဲ့ အထူးသဖြင့် နယ်စပ်နေ တယ်။ ထို့အတူ အိန္ဒိယနဲ့လည်း ရင်းနှီးအောင် လုပ်ရတယ်။ မြန်မာက ကြားနေပြီး နှစ်နိုင်ငံလုံးနဲ့ ချစ်ကြည် ရင်းနှီးတဲ့ မိတ်ဆွေ နိုင်ငံ တွေ ဖြစ်အောင် ကြိုးစားဖို့ လိုတယ်”ဟု အသက် ၉၁ နှစ်ရှိပြီ ဖြစ်တဲ့ သခင်ချန်ထွန်း က ဆိုတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ် မတိုင်ခင်မှာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ မစ္စတာ ဝူဘန်းကို ဟာ မြန်မာပြည်ကို ၃ ရက်ကြာ အလည်လာရောက်ခဲ့ပါတယ်။ မစ္စတာ ဝူဘန်းကို ဟာ ထိပ်တန်း ပေါလစ်ဗြူရို အဖွဲ့ဝင် ၉ ဦး ထဲက တဦးဖြစ်ပြီး မကြာမီ အနားယူတော့မယ်လို့ သတင်းထွက်ပေါ်နေသူ ဖြစ်ပါတယ်။ တရုတ်ပြည် က အဆင့်မြင့်အရာရှိတွေ လာရောက်တာဟာ နိုင်ငံဆက်ဆံရေး ပိုကောင်းသထက်ကောင်းအောင် ချဉ်းကပ်မှုလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လွှတ်တော် ဥက္ကဌ တွေနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်ပြည်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ စွမ်းအင်နဲ့ သဘာ၀ ဓာတ်ငွေ့ ထုတ်ယူရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း နဲ့ ဆွေးနွေးစဉ်မှာ မစ္စတာ ဝူဘန်းကို က တရုတ်-မြန်မာ နီးနီးကပ်ကပ်ဆက်ဆံရေး၊ စွမ်းအင် လုပ်ငန်းကြီးတွေ ချောချောမွေ့မွေ့ ဆက်လက်လုပ်ဆောင်နိုင်ရေး၊ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ဆွေးနွေးခဲ့ တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းက ဆိုပါတယ်။
ဦးရွှေမန်းကလည်း တရုတ်-မြန်မာ“နှစ်နိုင်ငံ စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍတွေမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာလွှတ် တော် နဲ့ တရုတ် ကွန်ဂရက်တို့ကြား ပိုမိုပူးပေါင်းဆောင်ရွက်မှု” နဲ့ အိမ်နီးချင်း နိုင်ငံနဲ့ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုတယ်လို့ သောကြာနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။
အခု သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ အရင် စစ်အစိုးရဟောင်း လက်ထက်က သဘောတူထားတဲ့ စွမ်းအင် လုပ်ငန်းကြီးတွေ အကြောင်း ဆွေးနွေးနိုင်တယ်လို့ တရုတ်-မြန်မာနယ်စပ်က စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောပါတယ်။ ဦးအောင်ကျော်ဇောဟာ တရုတ် နယ်စပ်မှာ နှစ်ပေါင်း ၃၀ နီးပါး နေထိုင်နေသူ ဖြစ်ပါတယ်။
“တရုတ်က ဦးသိန်းစိန်ကို ယခင် သုံးလေးလလောက်ကတည်းက လာရောက်ဖို့ ဖိတ်ခေါ်နေတာဖြစ်ပြီး တရုတ်နိုင်ငံတွင်း နိုင်ငံ့ခေါင်း ဆောင် အပြောင်းအလဲ မတိုင်ခင် မြန်မာနဲ့ သဘောတူထားတဲ့ ဖက်စပ်လုပ်ငန်းတွေအကြောင်း ဆွေးနွေးချင်တာ ဖြစ်နိုင်တယ်” လို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံကို ပြီးခဲ့တဲ့နှစ် မေလက တကြိမ် သွားရောက်ခဲ့ပြီး အခုတကြိမ်ဟာ သမ္မတ သက်တမ်းအတွင်း ဒုတိယမြောက် ဖြစ်ပါတယ်။ အခု သွားတဲ့အချိန်ဟာ ဧရာဝတီ မြစ်ဆုံဆည် ရပ်ဆိုင်းပြီး တနှစ်ရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေလုပ်လိုတဲ့ ဆန္ဒရှိပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ အရင်မတွေ့ရသေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားဝင် တွေ့ဆုံမှုတွေ မလုပ်သေးတာလည်း ဖြစ်တယ်လို့ ဦးအောင်ကျော်ဇော က ပြောပါတယ်။
“သမ္မတရဲ့ တရုတ်ခရီးစဉ်ထဲမှာ စစ်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ်ထဲက ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံဆည် စီမံ ကိန်း ကိစ္စ၊ အနာဂတ်ဖက်စပ်လုပ်ငန်းများ ကိစ္စ၊ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံခြားရေးမူဝါဒနဲ့ နယ်စပ်ဒေသလုံခြုံရေးအတွက် အဖြေရှာ ရေး စတာတွေ ပါဝင်မယ်လို့ သိရတယ်။ မနှစ်က စက်တင်ဘာက မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းလိုက်တာဟာ တရုတ် လူထုကို အကြီး အကျယ် ဒေါသထွက်စေခဲ့တယ်။ တရုတ် အစိုးရအနေနဲ့လည်း မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းတာ ယာယီလား၊ အတည် လား၊ ၂၀၁၅ မှာ စီမံကိန်းဆက်လုပ်မလုပ် ဆိုတာတွေ ရှင်းရှင်းလင်းလင်း သိချင်နေတာ ဖြစ်တယ်”လို့ ဦးအောင်ကျော်ဇောက ပြော ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်က တနှစ်ကျော်ကြာ ပြည်တွင်းစစ်ကြောင့်လည်း တရုတ်-မြန်မာ နယ်စပ်ဒေသကုန်သွယ်လမ်း သုံးခု ထဲက နှစ်ခုကို ပိတ်ထားရတာကြောင့် တရုတ်ရဲ့ စီးပွားရေး ထိခိုက်လာတဲ့အတွက် နယ်စပ်လုံခြုံရေးဟာ ဆွေးနွေးရမယ့် အထဲက အဓိက တခုလည်း ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ လတုန်းကလည်း တရုတ်ဘက်က စစ်ဘေးကနေ တရုတ်နိုင်ငံထဲ လာရောက်ခိုလှုံတဲ့ ကချင် ဒုက္ခသည် တွေကို အတင်းအကျပ် ပို့ဆောင် ခဲ့ပါသေးတယ်။
မြန်မာပြည်ထဲမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေ အများအပြားရှိနေဆဲပါ။ တရုတ် ဝမ်ပေါင် ကုမ္ပဏီ ဆိုရင် ဆန္ဒပြမှုတွေဖြစ်နေတဲ့ မုံရွာအနီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ပူးပေါင်း လုပ်ကိုင်နေပါတယ်။
လက်ပံတောင်းတောင် တဝိုက်က တောင်သူတွေနဲ့ အကူညီပေးသူတွေဟာ မြစ်ကြီးလေးသွယ်ထဲက ချင်းတွင်းမြစ်ရေ ညစ်ညမ်းမှု၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးရမှု၊ မြေယာ သိမ်းဆည်းခံရမှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် လွန် ခဲ့တဲ့ ၂ လက စလို့ ဆက်တိုက်ဆိုသလို ဆန္ဒထုတ်ဖော်နေကြပြီး ကြေးနီစီမံကိန်း လုံး၀ ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။
ဒါပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကုမ္ပဏီဘက်ကို ကာကွယ်ပေးမှုတွေ လုပ်သလို ကြေးနီ စီမံကိန်းကိုလည်း ဆက်လုပ်မှာ ဖြစ်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောဆို ထားပါတယ်။