ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုအပေါ် ဩဇာရှိတဲ့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်နဲ့ စစ်ရေးအချိတ်အဆက်တွေ ပိုအားကောင်းအောင် လုပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပြီး များမကြာခင် မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီ ဆိုတာကြောင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ အများအပြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ကလေးစစ်သား သုံးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့တဲ့ မြန်မာစစ်တပ်ကို ဘယ်လို လူရာပြန်သွင်းကြမှာလဲ။
“မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုအား စစ်တပ်က ဆက်လက်ပံ့ပိုး၍ တိုင်းရင်း သားဒေသများတွင် အပစ်အခတ်ရပ်စဲရန် သဘောတူပါက အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့ တပ်မ တော်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် စတင်စဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာစစ်တပ် အရာရှိများ အား ရွေးချယ်၍ အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးအထောက်အကူ အစီအစဉ်ဖြစ်သော နိုင်ငံတကာ စစ်ရေးပညာနှင့် သင်တန်း (International Military Education and Training) အစီအစဉ်တွင်ပါဝင်စေပြီး နိုင်ငံတွင်းရှိ ကာကွယ်ရေးစစ်တက္ကသိုလ်များတွင် တက်ရောက်ခွင့် ပေးသင့်ပါသည်” လို့ CSIS က စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် အစီရင်ခံစာ ထဲမှာ ရေးထားပါတယ်။
ဒါ့ပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ စင်ကာပူမှာ နှစ်စဉ်ကျင်းပတဲ့ ရှန်ဂရီလာ စကားဝိုင်း (Shangri-la Dialogue) နဲ့ တနှစ် ၂ ကြိမ် ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနဲ့ အခြား ဒေသတွင်း အစည်းအဝေး (Asean Defense Ministers Meeting-Plus – ADMM-Plus) လိုမျိုး ဒေသဆိုင်ရာ ဖိုရမ်တွေကိုလည်း တက်ရောက်သင့်တယ်လို့ CSIS က တိုက်တွန်းထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေး အချိတ်အဆက်ကို အတတ်နိုင်ဆုံး လျှော့ချဖို့ ဇွန်လတုန်းကကျင်းပတဲ့ ရှန်ဂရီလာစကားဝိုင်းကို အသုံးချခဲ့တဲ့ အပြင် ဒေသတွင်းတည်ငြိမ်မှုအတွက်လည်း အဲ့ဒီစကားဝိုင်းမှာ တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အကြီးမားဆုံး အခက် အခဲအဖြစ် ဆက်ရှိနေသေးတာလည်း ဒီစစ်တပ်ပါပဲ။ လွှတ်တော်ရဲ့ လေးပုံတပုံနေရာကို ယူထားတာ၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အမိန့်အာဏာရှိနေတာ၊ တိုင်းပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ရှိနေသေးတာ၊ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှု တသီတတန်း အတွက် တာဝန်ရှိနေတာ ဒီစစ်တပ်ပါပဲ။
အဲ့ဒီစစ်တပ်က တိုင်းပြည်ဘတ်ဂျက်ရဲ့ လေးပုံတပုံနီးပါး ရနေပေမယ့် တပ်အင်အား သုံးသိန်းခွဲကို သင့်တင့် အောင် မထောက်ပံ့ပေးနိုင်ဘူး။
“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စီးပွားပြဿနာက တိုင်းပြည်ရဲ့ လက်နက်ကိုင်တပ်တွေအတွက် ရဲ့ အသုံးစရိတ်ကနေ စတာပဲ” လို့ သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ စီးပွားရေးပညာရှင် ရှောင်တာနယ် (Sean Turnell) က ပြောပါတယ်။ သူက “အဲဒါကြောင့် အစိုးရရဲ့ ဘတ်ဂျက်ဆိုင်ရာ မူဝါဒ၊ ငွေကြေးမူဝါဒ၊ ငွေကြေးလဲလှယ်နှုန်းမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ အပြင် အရာကိစ္စတိုင်းမှာ တလွဲတွေ ဖြစ်ကုန်စေတယ်” လို့ ဆိုပါတယ်။
အဲ့ဒီအလွဲလွဲအချော်ချော်ဖြစ်တဲ့ဒဏ်ကို ခံရတာက ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ တကယ့် အရေးတကြီးကဏ္ဍတွေတင် မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ရာစုနှစ်ထက်ဝက်ကျော် လှုပ်ရှားနေတဲ့ “ရှေ့တန်း” ဒေသက ပြည်သူတွေဟာ စစ်တပ်ရဲ့ဒုက္ခပေးမှုကို တိုက်ရိုက် အခံရဆုံး ပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းတချက်ကတော့ စစ်တပ်ထဲမှာရှိတဲ့ “ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး” ဆိုတဲ့မူကြောင့် အရပ်သားတွေဟာ စစ်တပ်က အခွန်ကောက်ချင်သလို ကောက်တာကို ခံနေရလို့ပါပဲ။
၁၉၉၇ ခုနှစ်က မြန်မာ့တပ်မတော်မှာ အမိန့်တခု ထုတ်ပြန်ခဲ့ပါတယ်။ တပ်ရင်းတိုင်း ကိုယ့်ရိက္ခာ ကိုယ်တာဝန် ယူရမယ်ဆိုတဲ့ အမိန့်ပါ။ ဒေသအသီးသီးမှရှိတဲ့ တိုင်းမှူးတွေဟာ အဲ့ဒီအမိန့်အောက်မှာ ဘဏ္ဍာငွေရှာဖွေတာ နဲ့ပတ်သက်ပြီး တကယ့်ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရခဲ့ကြပါတယ်။ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့တွေ လည်း ကိုယ့်ဟာကိုယ်ရှာစား ဆိုတာမျိုး ဖြစ်လာပါတယ်။ အောက်ခြေရဲဘော်တွေက တလကို အမေရိကန် ၁၀ ဒေါ်လာလောက်ပဲ လစာ ရတာပါ။
ဒေါက်တာ ခရစ်စ္စတီနားဖင့်ခ် (Dr Christina Fink) ရေးသားပြီး ၂၀၀၁ မှာ ထုတ်ဝေတဲ့ “ရှင်သန်နေတဲ့ တိတ်ဆိတ်မှု — စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ (Living Silence – Burma under Military Rule)” စာအုပ်ထဲမှာ ဖြစ်တဲ့နည်းနဲ့ ရပ်တည်ကြဖို့ ညွှန်ကြားခံရတဲ့ အောက်ခြေရဲဘော်တွေနဲ့ တွေ့ဆုံမေးမြန်း ထားတာတွေ ပါဝင်ပါတယ်။
ရှမ်းနှင့် ကရင်ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲဘော်တယောက်ဆိုရင် “ရွာသားတွေနဲ့ အဆင် ပြေအောင်နေဖို့ အရာရှိတွေက ကျနော်တို့ကို ပြောတယ်။ ဒါပေမယ့် ကျနော်တို့မှာ စားစရာမှမရှိတာ။ ဒီတော့ သူတို့စိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ ကျနော်တို့ ခူးစားတယ်။ ဝယ်စရာ ပိုက်ဆံ မရှိတော့ ဒီလိုပဲ ခူးစားတာ ပေါ့။ သူတို့က အသာတကြည်မပေးရင် ညဖက်မှာ ကျနော်တို့ခိုးစားတယ်” လို့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောထားပါတယ်။
ရပ်တည်ရေးအတွက် တိုင်းရင်းသားအင်းအားစုတွေ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ နည်းလမ်းတခု ဖြစ်တဲ့ မူးယစ်ဆေးဝါး ကုန်သွယ်ရေးမှာ ပါဝင်တာဟာလည်း နယ်စပ်ဒေသတွေမှာ အခြေပြုတဲ့ တပ်ရင်း တွေရပ်တည်ဖို့ လိုအပ်တဲ့နည်းလမ်းတခုဖြစ်လာခဲ့ပါတယ်။
အဲ့ဒီထက်ပိုဆိုးတာကတော့ ဘိန်းစိုက်ပျိုးမှုတွေမှာ စစ်တပ်က ပါဝင်ပတ်သက်နေတယ် ဆိုတာတွေပါ။ ရှမ်းပြည်နယ်ထဲက စစ်တပ် ထိန်းချုပ်တဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ဒေသတွေထက် ပိုများတယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနက ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေတဲ့ ရှမ်းပြည်နယ ်မူးယစ်ဆေးဝါး စောင့်ကြည့်ရေး ၄ ကြိမ်မြောက် အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။
တပ်ဖွဲ့တခုစီက ဘယ်လောက်ရတယ်နဲ့ ရဲဘော်တွေက ဘယ်လောက်ရကြတယ်ဆိုတာ အတိအကျသိနိုင်ဖို့ အတွက် တာဝန်ယူဖို့ တာဝန်ခံမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch) ရဲ့ အာရှဌာနခွဲ လက်ထောက် ဒါရိုက်တာ အီလိန်း ပီရာဆင် (Elaine Pearson) က ပြောပါတယ်။
“လူ့အခွင့် အရေးချိုးဖောက်မှုတွေ ပိုများလာတာက ဒီတချက်တည်းကြောင့်တော့ မဟုတ်ပေမဲ့ ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး မူဝါဒကြောင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ၊ ရွာတွေမှာ ဝင်ရောက် လုယက်တာ အစရှိတဲ့ စစ်တပ်ရဲ့ ချိုးဖောက်မှုတွေ ပိုဆိုးလာတာကတော့ အမှန်ပါပဲ” လို့ သူက ဆိုပါတယ်။ “စစ်တပ်အနေနဲ့ ဒီကိစ္စတွေကို တကယ ်ကိုင်တွယ် ဖြေရှင်းသင့်ပါပြီ။ ပြဿနာရဲ့ တစိတ်တပိုင်းကတော့ စစ်အသုံးစရိတ်နဲ့ပတ်သက်ပြီး လုံးဝအမှောင်ချထားခြင်းပါပဲ” လို့လည်း သူက ဆိုပါသေးတယ်။
ဒါကြောင့် အမေရိကန်စစ်တပ်နဲ့ ပိုမိုအားကောင်းတဲ့ အချိတ်အဆက်တွေရှိတာဟာ မြန်မာ့တပ်မတော် ပြုပြင် ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်နိုင်သလားဆိုတာ မေးခွန်းမေးစရာ ဖြစ်လာပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့က အငြိမ်းစားဗိုလ်မှူးကြီး တင်မိုသီ ဟိုင်းနီးမင်း (Timothy Heinemann) ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးရှိတယ်လို့ မမြင်ပါဘူး။ သူဟာ မြန်မာနိုင်ငံထဲက ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်း သားဒေသတွေမှာ ဒေသခံတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ Worldwide Impact Now အဖွဲ့ကို တည်ထောင်သူပါ။
“အမေရိကန် ပြည်ထောင်စုနဲ့ စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်ဖို့ ဆိုတဲ့ကိစ္စက ပြည်ထောင်စု အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံး အတတ်ပညာတွေနဲ့ စွမ်းရည်တွေ မြင့်မားလာဖို့ ဖြစ်ရမှာပါ။ ဒီကိစ္စကို နိုင်ငံတော်အဆင့်မှာရော ပြည်နယ်အဆင့်တွေမှာပါ ဆွေးနွေးဖို့လိုပါတယ်၊ အဲ့ဒီလိုမှမဟုတ်ရင် နိုင်ငံက တကယ့်ကို ဖရိုဖရဲဖြစ်သွားပါလိမ့်မယ်” လို့ အငြိမ်းစားဗိုလ်မှူးကြီးက မကြာသေးခင်ကပဲ အာရှ တိုင်းမ်စ် သတင်းဌာနကို ပြောခဲ့ပါတယ်။
“စစ်တပ်ကို ဖွံ့ဖြိုးအောင်လုပ်တယ်ဆိုတာက တိုင်းပြည်တပြည်ကို တကယ်ဖံွ့ဖြိုးအောင်လုပ်တာရဲ့ အစိတ် အပိုင်းသေးသေးလေး တခုပါ။ ဒီကိစ္စကို ကိုင်တွယ်တဲ့အခါမှာလည်း တိုင်းပြည်ကို လမ်းကြောင်းမှန်တင်ပေး နိုင်ဖို့ အုပ်ချုပ်ရေးစနစ်တွေ၊ ရဲတပ်ဖွဲ့လို လုံခြုံရေးစနစ်တွေ၊ ပြီးတော့ စီးပွားရေးစနစ်တွေနဲ့ တွဲပြီး အစီအစဉ် ကောင်းကောင်းနဲ့ လုပ်ရမှာဖြစ်ပါတယ်” လို့လည်း သူက ဆိုပါသေးတယ်။
ဒါကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာ့တပ်မတော်ကို ပိုကောင်းတဲ့ စစ်ရေးစွမ်းရည်တွေ မသင်ပေးခင် နိုင်ငံထဲမှာ တိုးတက်မှုအများကြီးဖြစ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကတော့ လက်ရှိ ပြုပြင်ပြောင်းလဲမှု ပိတ်ဆို့ ဟန့်တားနေတာတွေပါပဲ။ အရာအားလုံးမှာ စစ်တပ်က အရှိန်အဝါကြီးနေတယ်ဆိုတာကို သံသယရှိသူတွေအနေနဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေကို ကြည့်ပြီး အကဲဖြတ်နိုင်ပါ တယ်။ အဲ့ဒီစစ်ပွဲတွေဟာ သမ္မတဦးသိန်းစိန်က ရပ်တန့်ဖို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ အမိန့်ပေးခဲ့တဲ့ စစ်ပွဲ တွေပါ။
စစ်တပ်က သမ္မတအမိန့်ကို အဲ့ဒီလို မထီမဲ့မြင် ပြုခဲ့ပေမယ့် တပ်မတော်နဲ့ပတ်သက်ပြီး “အထက်အောက်” ပြောင်းလဲမှုတွေကတော့ စတင်နေပါပြီ။ ကာကွယ်ရေးအသုံးစရိတ်ကို မကြေညာပေမယ့် အစိုးရ အနေနဲ့ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာနှစ်အတွက် စစ်သုံးစရိတ်ကို ၂၃.၅ ရာခိုင်နှုန်းကနေ ၁၄.၅ ရာခိုင်နှုန်း အထိ လျှော့ချဖို့ ရည်ရွယ်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီ စစ်အသုံးစရိတ် လျှော့ချတဲ့ကိစ္စကို ကလေးစစ်သား အသုံးပြုမှု တိုက်ဖျက်ဖို့၊ မဖြစ်စလောက် လစာငွေ ကိစ္စ ဖြေရှင်းဖို့နဲ့ မတရား အခွန်အတုတ် ကောက်ယူတာတွေကို တားမြစ်ဖို့ဆိုတဲ့ နည်းလမ်းသစ်တွေနဲ့အတူ အစိုးရက ဆောင်ရွက်ခဲ့တာပါ။
ရန်ကုန်မှာအခြေစိုက်တဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) ဆက်ဆံရေးအရာရှိ စတိဗ် မာရှယ် (Steve Marshall) က စစ်တပ်ရဲ့ ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး မူဟာ အဓမ္မ လုပ်အားပေး စေခိုင်းတဲ့ကိစ္စတွေ အတွက် အဓိက အကြောင်းရင်းတခု ဖြစ်နိုင်ပေမယ့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ပြောပါတယ်။
“ဒီကိစ္စ (မတရားအခွန်အတုတ်ကောက်တာ) ကို မြန်မာအစိုးရက အသိအမှတ်ပြုလက်ခံလိုက်ပါပြီ။ မကြာ သေးခင်ကပဲ အတင်း အဓမ္မ လုပ်အားပေးခိုင်းစေမှု ပုံစံအားလုံး ပပျောက်ရေး လုပ်ငန်းအစီအစဉ် (Plan 4L) အစိုးရက သဘောတူလိုက်ပါပြီ။ အဲဒီ သဘောတူညီချက်အောက်မှာ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ILO တို့ပူပေါင်းပြီး လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲချမှတ်မှာဖြစ်ပါတယ်။ အဲ့ဒါ တွေကို မြန်မာနိုင်ငံ ဥပဒေနဲ့ အဓမ္မလုပ်အားပေးမှုဆိုင်ရာ စာချုပ် အမှတ် ၂၉ မှာတဲ့ နိုင်ငံတကာ တာဝန်ဝတ္တ ရားတွေနဲ့အညီ ရေးဆွဲသွားမှာပါ။ လိုအပ်တဲ့ လုပ်ငန်း အကောင်အထည်ဖော်မှု ဆိုင်ရာ အထောက်အပံ့ တွေ လည်း ပါဝင်ပါလိမ့်မယ်။ ပစ်မှတ်ထားတာကတော့ လက်ရှိလုပ်ငန်းကို ၂၀၁၃ မတ်လ ၁ ရက်နေ့မှာ အပြီး သတ်သွားဖို့ပါပဲ” လို့ သူက ဆိုပါတယ်။
လစာတွေ တိုးမြင့်ပေးတာဟာ အစိုးရဌာနတွေမှာရှိနေတဲ့ ခြစားမှုအလေ့အထကို တဖြည်းဖြည်းနဲ့ ပပျောက် သွားစေနိုင်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ သူရရွှေမန်းက ဖေဖေါ်ဝါရီလမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာ နိုင်ငံက အစိုးရဝန်ထမ်းတွေရဲ့ လစာဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းလွန်းတာမို့ ဝန်ထမ်း အတော်များ များက “လက်ဖက်ရည်ဘိုး” တောင်းပြီး ရပ်တည်နေကြရတာပါ။
ကာကွယ်ရေး နည်းပညာ တက္ကသိုလ်မှာ ၂ နှစ်တက်ပြီးတဲ့ စစ်သားတယောက်ကို ဒုတပ်ကြပ်၊ တပ်ကြပ် ဒါမှမဟုတ် တပ်ကြပ်ကြီးအဖြစ် တိုက်ရိုက်ရာထူးတိုးပေးပြီး တနှစ်ကို အနည်းဆုံး အခြေခံလစာ ကျပ်ငွေ တသိန်းခွဲပေးတယ်၊ ဗိုလ်ကြီးတွေက လစာ တသိန်းခွဲနဲ့ ဗိုလ်မှူးတွေက ၂ သိန်းရတယ်လို့ စစ်ရေးဆိုင်ရာ အချက်အလက်တွေကို ကိုးကားပြီး မောက္ခပညာရေးမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
အစိုးရတာဝန်ယူပြီး တနှစ်ပြည့်တဲ့ မတ်လ ၁ ရက်နေ့က မြန်မာနိုင်ငံအတွင်း “ထာဝရ ငြိမ်း ချမ်းရေး” တည်ဆောက်ဖို့ အစိုးရအနေနဲ့ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။ ပထမအဆင့်က လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေနဲ့ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲတာ၊ ဒုတိယအဆင့်က နိုင်ငံရေးပါတီတွေဖွဲ့စည်းတာနဲ့ “လက်နက်ကိုင်တပ်မတော် တခု” ထဲရှိဖို့ ဦးတည် ဆောင်ရွက်တာနဲ့ နောက်ဆုံးအဆင့်ကတော့ လွှတ်တော်အတွင်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ အပြည့်အ၀ ပါဝင် ဆောင်ရွက်တာတွေပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
အစိုးရအနေနဲ့ စစ်တပ်အသုံးစရိတ်ကို လျော့ချဖို့ ကြိုးပမ်းနေတဲ့ တချိန်ထဲမှာပဲ လစာတွေ တိုးပေးတာ၊ မတရားအခွန်အတုတ်ကောက်ခံတာတွေကို ဥပဒေအရ တားမြစ်တာနဲ့ အရင်တုန်းက လက်နက်ကိုင် ဆန့်ကျင်ခဲ့သူတွေကို တပ်မတော်နဲ့ ပူးပေါင်းဖို့ ဆောင်ရွက်နေတာတွေကို ကြည့်မယ်ဆိုရင် အလားအလာကောင်းတွေ ဖြစ်နိုင်ပေမယ့် လူထုလုံခြုံရေးအတွက်တော့ ကြိုတင်သတိထားရမယ့်ပုံ ပေါ်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ ဆက်စပ်ဆောင်ရွက်ခွင့်ရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက သမိုင်း စာအုပ်တွေထဲ ထားခဲ့ချင်တဲ့ မြန်မာ့တပ်မတော်ဟာ တရားဝင်ပြီ၊ လူရာဝင်ပြီဆိုပြီး ဘဝင်ကိုင်သွားမှာ စိုးရိမ်နေရပါသေးတယ်။
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ နယ်စပ်ဒေသတွေမှာ ပုန်းနေရဆဲပါ။ နေပြည်တော်က လွှတ်တော်ထဲမှာလည်း အစိမ်းရောင်ယူနီဖောင်းတွေ စစ်တန်းလျားမပြန်နိုင်သေးပါ။ ဒီအခြေအနေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုပ်ကောင်းလုပ်သင့်တာကတော့ စစ်ပွဲက သေနတ်သံတွေ အမြန် တိတ်သွားအောင် ပြောဆိုဖို့ပါ။
Charlie Campbell ၏ Folly of Tickling the Tamadaw’s Belly ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။