[irrawaddy_gallery]
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအနေဖြင့် အခက်အခဲဆုံးသော ကာလများကို ကျော်ဖြတ်ရမည်ဖြစ်ပြီး စုစုည်းညီညွတ်မှုဖြင့် လိုချင်သော ပန်းတိုင်ရောက်ရှိရေး ယခင်ထက်ပိုမို အလုပ်လုပ်သွားရမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၄ ရက်နေ့ညပိုင်း တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့တွင် ၎င်းကို လာရောက် နှုတ်ဆက်ကြသော ပြည်သူများအား အထက်ပါအတိုင်း ပြောဆိုလိုက်သည်။
“စည်းစည်းလုံးလုံး စုစုစည်းစည်း လုပ်သွားရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် ရောက်နိုင်မှာပါ။ ဒါပေမယ့် အခုအချိန်မှာ
အရင်အခြေအနေထက် ပိုပြီးတော့ ကြိုးစားရမယ် ဆိုတာတော့ နားလည်ဖို့ လိုပါတယ်။ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်စရာတွေ ရှိတယ်။ အခက်ခဲဆုံး ကာလကို ကျော်ဖြတ်ရမယ်။ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိ နိုင်ငံရေးအခြေအနေမှာ အေးဆေးစွာ နေရမည့် အချိန်မဟုတ်ဘဲ အားလုံးအလုပ်ပိုမို လုပ်ကြရမည့် အချိန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီအချိန်က ထိုင်နေလို့ရတဲ့ အချိန်မဟုတ်ဘူး။ ဒူးနှံ့နေလို့ ရတဲ့အချိန် မဟုတ်ဘူး။ အများကြီး အလုပ်လုပ်ရမယ့် အချိန်ပါလို့
ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် အောင်မြင်သော ခရီးစဉ်တခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့တွင်တူညီသော အမြင်များ ရှိနေကြောင်း၊ အထူးသဖြင့် လူသန်းခြောက်ဆယ် အတွက် တူညီသော ဘုံရည်မှန်းချက်များဖြင့် အလုပ်လုပ်ကြရန် နှစ်ဦးစလုံးက အလေးပေး ပြောဆိုနေကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကျနော်တို့ သမ္မတကြီး ပြောတာနဲ့ အတူတူပါပဲ။ နှစ်ဦးစလုံးမှာ တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် ကောင်းစေချင်တဲ့၊ တိုးတက်စေချင်တဲ့ ဆန္ဒရှိတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
အားလုံး ညီညီညွတ်ညွတ်နှင့် အလုပ်လုပ်ရမည့်အချိန် ရောက်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားခြင်းမှာ နိုင်ငံတကာက မြန်မာအပေါ် ရှုမြင်ချက်များ ပြောင်းလဲလာ သကဲ့သို့ ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့လာကာ ထောက်ပံ့ ကူညီမှုများလည်း တိုးမြှင့်ရလာသည့် အချိန်ဖြစ်နေကြောင်း၊ ယင်း အနေအထားတွင် နိုင်ငံသူ နိုင်ငံသား အားလုံး မှန်မှန်ကန်ကန် ကြိုးစားရတော့မည် ဆိုသည့် သဘောကို ဆောင်ကြောင်း သူက ဆက်ပြောသည်။
“တနိုင်ငံလုံး ကြိုးစားမှ တနိုင်ငံလုံးပြိုင်တူ တိုးတက်လာမယ် ဆိုတဲ့သဘောကို ပြောသွားတယ်လို့ နားလည်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည် မြန်မာပြည်သူ သန်းခြောက်ဆယ်ကို ကိုယ်စားပြုသော ခရီးစဉ်တခုဖြစ်ပြီး ဆင်းရဲမွဲတေနေသော နိုင်ငံကို ပြာပုံထဲမှ ဆွဲထုတ်ရန် အားလုံး ညီညီညွတ်ညွတ်ဖြင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း သုံးသပ်သည်။
“အရင်တုန်းကတော့ သူ့ဘက် ကိုယ့်ဘက်ဆိုတဲ့ ပဋိပက္ခပေါ်မှာ မူတည် စဉ်းစားသွားလို့ ရတယ်။ အခုက အရမ်းကို
သိမ်မွေ့တဲ့ နိုင်ငံရေး အခင်းအကျင်းကို ရောက်လာပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းရမယ် ဆိုတာကို သဘောတူတယ်။ တိုင်းပြည်ကို ပြာပုံထဲက ထုတ်ဖို့ဆိုရင် အားလုံးညီညွတ်မှ ရမယ်။
တနည်းအားဖြင့် ပြောရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပေါ့။ အဲဒါကို တည်ဆောက်မယ် ဆိုတာက ရင့်ကျက်တဲ့ သဘောထားနဲ့ သွားရမယ်” ဟု ကိုမြအေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က ချီးမြှင့်သည့် အရပ်သားများဆိုင်ရာ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို ကပ်ပီတိုလ် ခန်းမတွင် လက်ခံပြီး မိန့်ခွန်းတရပ်ကိုလည်း ပြောခဲ့သည်။
နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အမေရိကန်သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်း တဦး ကဲ့သို့ ကြိုဆိုမှုများနှင့် ကမ္ဘာ့မီဒီယာများတွင် ထင်ရှားခဲ့၍ မြန်မာ့ဂုဏ်ကို ဆောင်နိုင်သူအဖြစ် သမ္မတ ဦးသိန်းစိန် အပါအဝင် အမေရိကန် နိုင်ငံ ခေါင်းဆောင်များကလည်း ချီးမွမ်းမှုများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းမိန့်ခွန်းတွင် လက်ရှိပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ကိုလည်း ချီးမွမ်း စကားဆိုခဲ့သည်။
“ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့ ဆန္ဒပြင်းပြသူဆိုတာ ကျမ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများသည် တချိန် က မြန်မာ့နိုင်ငံရေးတွင် အကျိုးဖြစ်ထွန်းခဲ့သော်လည်း သာမန် ပြည်သူကို မထိခိုက်ခဲ့ကြောင်း၊ သို့သော် ယခုအခါ မရှိ သင့်တော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကို လျှော့ချဖို့ ကျမ ထောက်ခံပါတယ်။ အကြောင်းက ကျမတို့ ပြည်သူလူထုဟာ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးဖို့ တာဝန် စယူသင့်ပြီလို့ ကျမ မြင်လို့ပါ။ ဒီမိုကရေစီ မြှင့်တင်ရာမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကျမတို့ အား မကိုးသင့်တော့ဘူး။ ကျမတို့ ဘာသာ ကျမတို့ အလုပ်ဖြစ်အောင် လုပ်ကြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်းလဲလာသည့် ပြောဆိုမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကြိုဆိုထောက်ခံသူများရှိသကဲ့သို့ ကျန်ရှိနေသေးသည့် လိုအပ်ချက်များ မပြည့်မီသေးသည့် ကိစ္စရပ်များကိုလည်း ထောက်ပြသူများ ရှိသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းကိုနိုင်ကမူ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်အောက်တွင် အမြဲစဉ်းစားကြောင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး၊ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုဖြစ်၊ မဖြစ်စောင့်ကြည့်ရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအရေး စသဖြင့် ကျယ်ပြန့်စွာ စဉ်းစားရန် လိုအပ်ကြောင်း ပြောသည်။
“ကျနော်တို့ ပြည်တွင်းမှာ တရားဥပဒေ၊ နည်းဥပဒေတွေမှာ ဘယ်လောက်အထိ တရားမျှတစွာ ရှိပြီလဲ၊ မရှိပါဘူး။ ကျနော်တို့ ဆီမှာ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်လည်း မရှိသေးဘူး။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးက ခရိုနီလို့ ခေါ်တဲ့ အာဏာရှိသူနဲ့ ပေါင်းစားတဲ့ လက်ဝါးကြီးအုပ် အခွင့်ထူးခံ စီးပွားရေးသမားတွေ လက်ထဲပဲ အကုန် ရောက်သွားမယ်ဆိုရင် ဆင်းရဲ ချမ်းသာ ကွာဟမှုက ဒီထက်တောင် ပိုပြီး ဆိုးဝါးနိုင်ပါမယ်။ အဲဒီ အချက်အလက်တွေ အကုန်ထည့်စဉ်းစားရပါ လိမ့်မယ်” ဟု သူက ဆိုသည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ မှု ဖယ်ရှားရန် စောနေသေးကြောင်း၊ နိုင်ငံရေး အပြောင်းအလဲအတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသေး၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက် ထားရှိစေလိုကြောင်း ပြောသည်။
“ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားသာလှျှင်ပဲ ဖြစ်တယ်။ ပြီးတော့ သူ့အနေနဲ့ ဒီကိစ္စမှာ သဘောထား တခုတည်း ဖြစ်စေဖို့အတွက် တခြား သူတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုတယ်” ဟု နော်စီဖိုးရာစိန်က ဆိုသည်။
အမေရိကန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီကလင်တန် အပါအဝင် အမေရိကန် နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ ဆုများ လက်ခံခြင်း၊ နာမည်ကြီး အမေရိကန် တက္ကသိုလ်တချို့တွင် ဆွေးနွေးဟောပြောမှုများ လုပ်ဆောင်ခြင်း၊ အမေရိကန်ရောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။
မစ္စ ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် – မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေးတွင် အဓိက နေရာက ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန် – မြန်မာ ဆက်ဆံရေးကြောင့် တရုပ် – မြန်မာ ဆက်ဆံရေးကို မထိခိုက်စေလိုဘဲ နိုင်ငံချင်း ဆက်ဆံရေးကို အားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးဖြစ်ရန် ကြိုးစားသွားမည့်အကြောင်း ထည့် သွင်း ပြောဆိုခဲ့သည်။
နေအိမ်အကျယ်ချုပ် ၁၅ နှစ် ဝန်းကျင် နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ ပြောကြားမှုကို အမေရိကန်များ၊ အမေရိကန်ရောက် မြန်မာနိုင်ငံသားဟောင်းများက စာရွက်မပါဘဲ အင်္ဂလိပ်ဘာသာဖြင့် လက်တန်း ပြောဆိုမှုများကိုလည်း တအံ့တသြ ဖြစ်ခဲ့ကြသည်။
သို့သော် ခရီးစဉ်အတွင်း အထူးသဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခနောက်ကွယ်က ဘင်္ဂလီအရေး၊ ကချင်ပြည်နယ် စစ်ပွဲများနှင့် ကချင် ဒေသခံများ အရေးတို့နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ခက်ခဲသော မေးခွန်းများနှင့် ရင်ဆိုင် ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံရစဉ် ကာလတလျှောက်လုံး ဘင်္ဂါလီအရေး တက်ကြွ လှုပ်ရှားသူများ၊ ကချင်အရေး တက်ကြွ လှုပ်ရှားသူများက အစဉ် ထောက်ခံမှု ပြုခဲ့သော်လည်း ယခုနောက်ပိုင်း အသံတိတ်ဆိတ် နေသည်ဟု ဆိုကာ သစ္စာဖောက်သွားပြီဟုပင် ပြင်းထန်စွာ ဝေဖန်မှုများလည်း ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီး လူထု ဟောပြောပွဲများတွင် ၎င်း၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအရေးသာ ဦးစားပေး ပြောဆိုခဲ့ကြောင်း၊ အထူးသဖြင့် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီး ယမန်နှစ်က ပျက်ပြယ်ခဲ့သော မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေး လက်နက်ကိုင် အင်အားစုတို့အကြား စစ်ပွဲများ ပြန်လည် ဖြစ်ပွားမှုကြောင့် စစ်ပြေး ဒုက္ခသည် ၇ ထောင်ကျော် အရေး တိတ်ဆိတ်နေခဲ့ကြောင်း ထောက်ပြ ဝေဖန်မှုများလည်း ရှိခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်သားအရေးကို အလေးပေးသူဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပထမဆုံး တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော် ပြင်ပ၌ တိုင်းရင်းသား ကိုယ်စားလှယ်များဖြင့် ၂ ပတ်လျှင် တကြိမ်ကျ တွေ့ဆုံပြီး တိုင်းရင်းသား အရေးကိစ္စများကို ဆွေးနွေး ပြောဆိုမှုများ လုပ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လေ့လာရေး ခရီးရောက်ရှိနေကြသော တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များက ဧရာဝတီကို ပြောသည်။
အမေရိကန် ပြည်ထောင်စုသို့ ၁၇ ရက်ကြာ ခရီးစဉ် ပြီးဆုံး၍ ယမန်နေ့ညက ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများစွာက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့သွားရာ လမ်းဘေးဝဲယာ တလျှောက် စည်ကားစွာ ကြိုဆိုခဲ့ကြသည်။
ယနေ့ နေ့လယ်ပိုင်းက မြန်မာ့ရုပ်မြင်သံကြား၊ MRTV၊ MRTV 4 ရုပ်သံလိုင်းများက ပြည်သူ့လွှတ်တော်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင် ငံ အပြန်ခရီးကို ပြည်သူများ၊ အနုပညာရှင်းများက စည်ကားစွာ ကြိုဆိုကြကြောင်း ထုတ်ပြန်သွားသည်။
လင်းသန့် ပါဝင်ရေးသားသည်။