အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ယခု နိုဝင်ဘာလ လယ်ပိုင်းမှာ လာရောက်လည်ပတ်ဖို့ ရှိကြောင်း သတင်းတွေ ထွက်နေပါတယ်။
လတ်တလောမှာတော့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ အပြင်းအထန် မဲဆွယ်နေရပါတယ်။ တကယ်လို့ ပြန်အရွေးခံရရင် မြန်မာပြည်ကို အမေရိကန် သမ္မတအနေနဲ့ လာရောက်မှာ ဖြစ်တာမို့ ဒါဟာ သမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။
၁၉၅၃ ခုနှစ်က အမေရိကန် ဒု-သမ္မတ ရစ်ချတ်နစ်ဆင် မြန်မာပြည် လာလည်ခဲ့ဖူးပါတယ်။
သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံမှတဆင့် လာရောက်မှာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်၊ ၂ ရက်တာ နေထိုင်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် အိမ်ဖြူတော်က တရားဝင် အတည်မပြုသေးပါ။
သံတမာန်အသိုင်းအဝိုင်းတွေအဆို အမေရိကန်သမ္မတဟာ ထိုင်းနိုင်ငံကို လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရောက်ရှိလာရမှာဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့ မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ၂၀ ရက်နေ့ထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိကြောင်း သိရပါတယ်။