မြန်မာတပ်မတော်အရာရှိများကို အမေရိကန်နိုင်ငံက တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် စစ်ဘက်ဆိုင်ရာ သင်တန်းများ စတင်ပေးတော့မည်ဟု ဝါရှင်တန်အခြေစိုက် AFP သတင်းတွင် ယမန်နေ့က ရေးသားဖော်ပြလိုက်သည်။
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဓိကအားဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသရေးနှင့် ကာကွယ်ရေးကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပို့ချမည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ရေးသားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပခဲ့သော အမေရိကန်-မြန်မာ လူ့အခွင့်အရေး စကားဝိုင်း (US-Burma Human Rights Dialogue) သို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စနာ (Michael Posner) ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့၊ ဒု သမ္မတရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီတို့နှင့်အတူ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်ဘက်အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်ကီ (Francis Wiercinki) နှင့် အကြီးတန်းအရာရှိများ တွေ့ဆုံဆွေးနွေးပြီးနောက် ဤကဲ့သို့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး လမ်းပွင့်လာခြင်း ဖြစ်သည်ဟု သိရသည်။
“အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံရေးမှာ အခြေတည်စ အခြေအနေကိုပဲ ကျနော်တို့ အာရုံစိုက်တာပါ။ သတိရှိရှိနဲ့ စံညွှန်းအတိုင်းဖြစ်တဲ့၊ သင့်လျော်ပြီး ရည်မှန်းချက်ပြီးမြောက်တဲ့၊ သတ်မှတ်ဘောင်ရှိတဲ့ စစ်တပ်ချင်း ဆက်ဆံရေးမျိုးကို ယေဘုယျအားဖြင့် ထောက်ပံ့ပေးနိုင်မယ့် အနေအထားမျိုးဟာ မြန်မာတနိုင်ငံလုံးချီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်စေပါလိမ့်မယ်” ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ရေးထားသည်။
လာမည့် ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ရွှေမြွေဟောက် (Cobra Gold) စစ်ရေး လေ့ကျင့်မှုတွင်လည်း လေ့လာသူအဖြစ် လေ့လာသူအဖြစ် တက်ရောက်ရန် မြန်မာတပ်မတော်ကို မကြာသေးမီက ဖိတ်ကြားထားပြီးဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးသည့်နောက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာရာ မကြာသေးမီက အမေရိကန်သမ္မတ ဘားရက် အိုဘားမာ လာရောက်လည်ပတ်သည့်အထိ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့သည်။
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက “သင်တန်းက နိုင်ငံရေးဆိုင်ရာ ပို့ချမှု ပါမပါတော့ မသိဘူး။ လွတ်လပ်တဲ့နိုင်ငံ တပ်မတော်ချင်း ဆက်ဆံတာ အရမ်းကောင်းတဲ့ အစီအစဉ်ပါ၊ အပယ်ခံ ဖြစ်နေတာထက်စာရင် စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်ဖြစ်လာမယ့်ဟာ ကောင်းတာပေါ့” ဟု ဆိုသည်။
သို့သော်လည်း မိမိတို့ တပ်မတော်အနေဖြင့် သင်ကြားသည့် ပညာရပ်သည် ပြည်သူလူထုကို အကျိူးပြုရန်သာဖြစ်ပြီး ဒုက္ခပေးရန် မဟုတ်ဆိုသည်ကိုလည်း မမေ့သင့်ကြောင်း ဦးတင်ဦးက ထောက်ပြပြောဆိုသည်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ သီတီနန် ပွန်ဆဒ်ဟီရက်ခ်က အမေရိကန်၏ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုသည် စစ်သင်တန်းနှင့် စစ်လက်နက် သင်တန်းများ မဖြစ်သင့်ဘဲ မြန်မာစစ်ဗိုလ်ချုပ်များ အနေဖြင့် နိုင်ငံရေးတွင် ဝင်မပါတော့ဘဲ စစ်တန်းလျားသို့ ပြန်ရေး လက်ခံလာစေရန်သာ ဖြစ်သည်ဟု ပြောသည်။
ယခုကဲ့သို့ မြန်မာတပ်မတော် အရာရှိများကို သင်တန်းများပို့ချမည်ဟု ပြောဆိုချိန်သည် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေသည်။
လွတ်လပ်ရေးရပြီး ကာလများ အင်္ဂလန်နိုင်ငံနှင့်သာ စစ်ရေးဆက်ဆံမှုရှိခဲ့သည့် မြန်မာတပ်မတော်သည် ၁၉၅၀ ခုနှစ်လွန် ကာလများတွင် အမေရိကန်နိုင်ငံနှင့်ပါ စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ခဲ့သည်။
ထိုစဉ်က တပ်မတော် ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင်က မြန်မာစစ်တပ် စုဖွဲ့ပုံတချို့ကို အမေရိကန် စစ်တပ်များကဲ့သို့ တိုက်ခိုက်ရေးကို အားပြုသည့်ပုံစံသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့်အပြင် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနကိုလည်း ဖွဲ့စည်းကာ မြန်မာအရာရှိများကို အမေရိကန်သို့ စတင် စေလွှတ်လေ့လာစေခဲ့သည်။
နောက်ပိုင်းတွင် အမေရိကန် ဗဟို ထောက်လှမ်းရေးအဖွဲ့ (CIA) နှင့် အနီးကပ် ဆက်ဆံပြီး ဗိုလ်မှူးချုပ် တင်ဦး၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးလေးမောင်စသည့် စစ်ဘက်အရာရှိကြီးများကို ထောက်လှမ်းရေး အတတ်ပညာပိုင်းကိုပါ သင်ကြားစေခဲ့သည်။
ထို့အပြင် တောတွင်းတိုက်ခိုက်ရေး သင်တန်း (Ranger Course)၊ ကွန်မန်ဒိုသင်တန်း၊ အရာရှိသင်တန်း၊ ကာကွယ်ရေးတက္ကသိုလ် များသို့ပါ တခြားသော မြန်မာတပ်မတော် အရာရှိကြီးများကို စေလွှတ်ပြီး တက်ရောက်စေခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအဝင် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ် ဉာဏ်လင်း၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူး ချုပ်ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး တို့သည် အမေရိကန် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည့် ထင်ရှားသည့် စစ်ဘက်အရာရှိကြီးများ ဖြစ်သည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်ချင်းဆက်ဆံရေး နည်းပါးသွားခဲ့ပြီး မရှိမဖြစ် လိုအပ်သည့် နည်းစနစ်ပိုင်းဆိုင်ရာ သင်တန်းများကိုသာ စေလွှတ်နိုင်ခဲ့သည်။
၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို အဆက်မပြတ် နှိမ်နင်းခဲ့ခြင်း၊ လူအခွင့်အရေး ချိုးဖောက်မှုများကြောင့် နှစ်နိုင်ငံတပ်မတော်အကြား ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။
နောက်ပိုင်းတွင် တရုတ်တပ်မတော်နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာရာ မြန်မာတပ်မတော် အရာရှိများလည်း တရုတ်နိုင်ငံသို့ သွားရောက်ကာ သင်တန်းများ တက်ရောက်ခဲ့သည့်အပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှား စသည့်နိုင်ငံများသို့ စေလွှတ်မှုများလည်း ရှိခဲ့သည်။