အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းမရှိသေးသော်လည်း ကမ္ဘာကျော် အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသော အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာတရပ်ကို ယနေ့လက်မှတ်ရေးထိုးလိုက်သည်။
ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ယနေ့ကျင်းပသော အမေရိကန်-မြန်မာ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံရေးမှုဆိုင်ရာ အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သည်အသင်းများအကြား အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ယင်းသို့ လက်မှတ် ရေးထိုးလိုက်ကြခြင်း ဖြစ်သည်။
ယနေ့ အစည်းအဝေးသို့ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားဌာန လက်ထောက်ဝန်ကြီး Mr.Jose Fernandez၊ အာရှဒေသဆိုင်ရာ အမေရိကန်ကုန်သည် အသင်း ဒုတိယ ဥက္ကဋ္ဌMs.Tami Overby တို့ဦးဆောင်သော အမေရိကန် ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှ ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ဦးဆောင်သော မြန်မာ စီးပွားရေး ကုမ္ပဏီနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အမေရိကန ်စီးပွားရေး လုပ်ငန်းရှင်များနှင့်မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အကြား တွေ့ဆုံမှုသည် နှစ်နိုင်ငံအတွက် ထူးခြားသော နေ့ရက်ဖြစ်ပြီး အနာဂတ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာလိမ့်မည်ဟု မြန်မာနိုင်ငံ ကုန်သည်အသင်း ဦးဝင်းအောင်က ဆိုသည်။
“နှစ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ အကြား နှစ်နိုင်ငံ စီးပွားရေး ကိစ္စတွေကို အကျိုးရှိရှိနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ဘယ်လို ပူးပေါင်းဆောင်ရွက်ရင် အကျိုးရှိမယ်ဆိုတာ ဆွေးနွေးတယ်။ အမေရိကန်ကို ကုန်သွယ်ရေးတွေ လုပ်တဲ့အခါမှာ စားသုံးသူ လက်ခံနိုင်မယ့်၊ ဟိုဘက်က စနစ်တွေအရ ချောချောမွေ့မွေ့နဲ့ ဘယ်လိုရမယ်၊ နည်းလမ်းတွေက အစပေါ့။ လာရောက်ရင်းနှီးမြုပ်နှံမယ့် နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံနိုင်မယ့်အခွင့်အလမ်းတွေကို ဖလှယ်တယ်၊ ရှင်းပြတယ်။ အပြန်အလှန် ဆွေးနွေးတယ်ပေါ့။ ရင်းနှီးမြုပ်နှံမှုဆိုတဲ့ကိစ္စမှာ စီးပွားရေး ရှုဒေါင့်တခုတည်းက မဟုတ်ဘဲနဲ့ Cooperate Social Responsibility(CSR)ဘယ်လိုအလေးအနက်ထားပြီးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံမှာ ရှိတဲ့ လုပ်သားထုတွေ၊ လုပ်သားထုတ်တွေကို အကြောင်းပြုပြီးတော့ တည်ရှိနေကြတဲ့မိသားစုတွေရဲ့ဘ၀ လုံခြုံရေး၊ လူမှုဘ၀ မြင့်မားလာရေး ဘယ်လိုဆောင်ရွက်လို့ရမလဲ ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြဖို့ ဆွေးနွေးကြမယ်” ဟု ဦးဝင်းအောင်က ဆိုသည်။
ယနေ့ဆွေးနွေးပွဲသို့ အမေရိကန် Chervon ရေနံကုမ္ပဏီ၊ General Motor ၊ MetLife၊ Cargill ၊ Fedex ၊ General Electric ၊ Target ၊ Honeywell ၊ eBay ကုမ္ပဏီအပါအဝင် စိုက်ပျိုးရေးလုပ်ငန်း၊ မော်တော်ကားထုတ်လုပ်ရေး၊ အီလက်ထရွန်းနစ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် အခြားအမေရိကန်ကုမ္ပဏီ ၃၀ နီးပါးလာ ရောက်ကြပြီး စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်အခြေစိုက် အမေရိကန် ကုမ္ပဏီများမှ တာဝန်ရှိသူများလည်း တက်ရောက်ကြကာ မြန်မာနိုင်ငံဘက်မှ စက်မှုလက်မှု လုပ်ငန်းရှင်များ၊ အထည်ချုပ် လုပ်ငန်းရှင်များ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အိုင်တီနှင့် သတင်းနည်းပညာကုမ္ပဏီများ အပါအဝင် အစည်းအဝေးတက်ရောက်သူ ၃၀၀ ကျော်ရှိသည်။
အမေရိကန ်နိုင်ငံခြားဝန်ကြီးဌာန၊ စီးပွားဌာန လက်ထောက်ဝန်ကြီး Mr.Jose Fernandez က မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု၊ ထင်သာမြင်သာ နည်းပါးမှုနှင့် စစ်တပ်၏ အခန်းကဏ္ဍတို့က အမေရိကန် ရင်းနှီးမြုပ်နှံသူများအတွက် အဟန့်အတား ဖြစ်စေသည်ဟု ဆိုသည်။
“အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေအတွက် စီးပွားရေးနဲ့ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အားစိုက်ဆောင်ရွက်နေပါတယ်။မြန်မာအစိုးရအနေနဲ့လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် တိကျသေချာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီဖြစ်လို့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အနာဂတ်ကို ကျနော်တို့မျှော်လင့်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို ဆိုင်းငံ့ခဲ့ပြီဖြစ်ပေမယ့် လာဘ်ပေးလာဘ်ယူမှုရှိနေတာ၊ ထင်သာမြင်သာ မရှိတာ၊ စီးပွားရေးမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သတိရှိရှိနဲ့ စောင့်ကြည့်နေပါတယ်”ဟု Mr.Jose Fernandez ကဆိုသည်။
အစည်းအဝေးတက်ရောက်သူတဦးဖြစ်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် အမေရိကန် လေကြောင်းဆိုင်ရာ အကြံပေးတဦးဖြစ်သူ Mr.Wolfgang Sander-Fischerက စီးပွားရေးပိတ်ဆို့မှုများ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည့်အတွက် အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း သုံးသပ်သည်။
“အခုတွေ့ဆုံမှုက အစပိုင်းတွေ့ဆုံမှုပါပဲ။ တဦးနဲ့ တဦးကြားမှာ ပထမဆုံး ထိတွေ့တာပါ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက်ကတော့ အရမ်းစောပါသေးတယ်။ ဒါပေမယ့် ဒီတွေ့ဆုံမှုကနေ အနာဂတ်အတွက် သေချာရေရာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမယ်လို့ မျှော်လင့်ပါတယ်” ဟု Mr.Wolfgang Sander-Fischerက ပြောသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် အရှိန်မြှင့်နေသည့်အတွက် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ မကြာမီ ရုပ်သိမ်းသွားလိမ့်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အမေရိကန်နှင့်မြန်မာစီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကြောင့် ပိုမို နီးစပ်သော ဆက်ဆံရေးမှား ဖြစ်ထွန်းလာမည်ဟု ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
“ဒီနားလည်မှုစာချှွှန်လွှာက နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးချောမွေ့စေမယ်။ စီးပွားရေး ပိတ်ဆို့မှုတွေလည်း တဖြည်းဖြည်းချင်း ရုပ်သွားပါလိမ့်မယ်။ တနိုင်ငံနဲ့တနိုင်ငံ၊ တသင်းနဲ့ တသင်း ရင်းရင်းနှီးနှီး လုပ်ဆောင်နိုင်မယ်။ သတင်းအချက်အလက်တွေဖ လှယ်နိုင်မယ်။ ကုမ္ပဏီတွေအတွက် အချက်အလက်တွေဖလှယ်နိုင်မယ်။ စည်းကမ်းနဲ့ နည်းလမ်းနဲ့လုပ်ဆောင်ကြမှာကို ပြောတာပါ။ ရင်းနှီးမြုပ်နှံမှုတွေ ရောက်လာဖို့ကတော့ အချိန်တော့ယူရမယ်။ အခုက တယောက်နဲ့တယောက် အခုမှ စပြီးထိတွေ့တာလေ။ နောက်ပိုင်းကျရင် ပိုရင်းနှီးမယ်၊ သူတို့လိုချင်တာ၊ ကိုယ်ကပေးနိုင်တာတွေနဲ့ ဆက်ပြီးဆွေးနွေးရမယ်” ဟု ဒေါက်တာမောင်မောင်လေးက ရှင်းပြသည်။
အမေရိကန်ပြည်ထောင်စုသည် သမ္မတအိုဘားမားလက်ထက်တွင် မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံရေးမူဝါဒကို စတင်ကျင့်သုံးလာခဲ့ရာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက် ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံသည့်အပြင် ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ အစိုးရဘဏ်များဖြစ်ကြသည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေး ဘဏ်နှစ်ခုနှင့် ပုဂ္ဂလိကဘဏ်များဖြစ်ကြသည့် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် နှင့် ဧရာဝတီဘဏ်နှစ်ခုတို့ကို အမေရိကန် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ငွေကြေးကိစ္စ ဆက်သွယ်ဆောင်ရွက်ခွင့်ပြုကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။