ယခုနှစ်အကုန်တွင် မြန်မာ့ပို့ကုန်များ အမေရိကန်ပြည်ထောင်စုသို့ အကောက်ခွန်မဲ့ တင်သွင်းနိုင်မည်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို စတင်တော့မည်ဟု အမေရိကန် အစိုးရနှင့် စစ်ဘက် အရာရှိများက ပြီးခဲ့သည့်အပတ်က ပြောကြားကြသည်။
မကြာမီက မြန်မာပြည်လာပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပုံမှန်လုပ်ငန်းစဉ် လည်ပတ်နိုင်ရေး အလားအလာအပြင် မြန်မာ့ကုန်များ အကောက်ခွန်မဲ့ တင်ပို့နိုင်ရေး ရှေးရှုသော ဆွေးနွေးမှုများ မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံအပြီး အမေရိကန် လက်ထောက်ကုန်သွယ်ရေးဝန်ကြီး ဒီမီထရော့စ် မရန်တစ်က မြန်မာနိုင်ငံသည် “မဟာ အပြောင်းအလဲများနဲ့ စိန်ခေါ်မှုကြီးတွေကို ကြုံတွေ့နေရတဲ့ နိုင်ငံ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုက ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ ပြုနိုင်ပါတယ်။ အလုပ်တွေ ဖန်တီးပေးမှာဖြစ်ပြီး လူနေမှု အဆင့်အတန်းကိုလည်း မြှင့်တင်နိုင်ပါတယ်” ဟု ပြောဆိုသည်။
” အတူတူ လက်တွဲလုပ်ဆောင်သွားခြင်းဖြင့် ကျနော်တို့ နှစ်ဦးနှစ်ဘက်နဲ့ ဒေသတွင်းမှာ အခွင့်အလမ်းတွေ ဖန်တီးနိုင်ပါတယ်။ နိုင်ငံစီးပွားတိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုတွေရဲ့ အကျိုးအမြတ်တွေ လိုကြတဲ့ ဒီနိုင်ငံက ပြည်သူလူထုတွေအပါအဝင် ကျနော်တို့ နှစ် နိုင်ငံ စီးပွားရေးအတွက် အကျိုးအမြတ် ဖြစ်စေမယ်” ဟု မြန်မာနိုင်ငံခရီးစဉ်အပြီး အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် မစ္စတာ ဒီမီထရော့စ် မရန်တစ်က ပြောဆိုထားသည်။
မြန်မာပြည် ခရီးစဉ်အတွင်း နိုင်င်ငံခြား ရင်းနှီးမြှုပ်နှံကော်မတီ ဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်း၊ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၊ အလုပ်သမား ဒု ဝန်ကြီး ဦးမြင့်သိန်းနှင့် ကုန်သွယ်ရေးမှ နိုင်ငံသားများ၏ နေ့စဉ်ဘဝ တိုးတက်ရေးအတွက် အကြံဉာဏ်များ ရယူရန် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံခဲ့ကြောင်း၊ မြန်မာ့ပို့ကုန်များ အခွန်ကင်းလွတ်ခွင့်တွင် အလုပ်သမားအခွင့်အရေး အထူးသဖြင့် အဓမ္မလုပ်အား ရပ်ဆိုင်းရေးတို့ ပါဝင်သောကြောင့် ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ကိုယ်စားလှယ်နှင့်လည်း ဆွေးနွေးကြောင်း သိရသည်။
ဇွန်လ ၄ ရက်တွင် အများပြည်သူရှေ့ ကြားနာပွဲတွင် အမေရိကန် အစိုးရက မြန်မာနှင့် ကုန်သွယ် ကူးသန်း ရင်းနှီးမြှုပ်နှံမှုများ အရေး တင်ပြရန် ပြင်ဆင်နေသကဲ့သို့ မြန်မာ့ “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်စေရေး” အားပေးသောအားဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် “စစ်ရေးဆိုင်ရာဆက်ဆံမှု ပေါ်ထွန်းလာစေရေး အားပေးရန် နည်းလမ်းများ ရှာဖွေနေ”ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းက ကြာသပတေးနေ့က ကွန်ဂရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် မြန်မာ့တပ်မတော်က လူ့အခွင့်အရေး စံနှုန်းများနှင့် နိုင်ငံတကာ လူမှုကူညီထောက်ပံ့ရေး ဥပဒေများကို နားလည်လိုက်နာရန် အကူအညီပေးရေး ဆန္ဒပြင်းပြနေကြောင်းလည်း ဂျိုးဆက်ဖ်ယွန်းက ဆိုသေးသည်။
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးကို ဆက်လက်ချုပ်ကိုင်ထားဆဲ ဖြစ်သည့်အပြင် အနာဂါတ်တွင်လည်း ၂၀၀၈ အခြေခံဥပဒေအရ ဆက်လက်ထိန်းချုပ်သွားမည်ဟု ဝေဖန်ထောက်ပြနေကြသော်လည်း ကုန်သွယ်ရေးနှင့် စစ်ရေး ဆက်ဆံမှုက မြန်မာပြည်အပေါ် အမေရိကန်၏ ဩဇာ ပိုသက်ရောက်စေသည်ဟု အမေရိကန် အစိုးရအရာရှိများက ယူဆနေသည်။
“ပူးပေါင်းဆောင်ရွက်မှုရဲ့ ကနဦးအဆင့်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်လာစေဖို့ စနစ်တကျပြင်ဆင်တွက်ချက်ပြီး ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ” ဟု အမေရိကန်စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့် ရှိသူ ကေသီ ဝေလ်ကင်ဆန်ကလည်း အိန္ဒိယအခြေစိုက် PTI သတင်းဌာန ကိုပြောသည်။
“ပထမ အဆင့်မှာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာထောက်ထားမှု အထောက်အကူပေးရေးနဲ့ သဘာဝဘေးအန္တရယ်ကယ်ဆယ်ရေးစွမ်းဆောင်မှုမြှင့်တင်ရေး တွေကို အဓိကထားပြီးလုပ်ဆောင်သွားပါမယ်။ မြန်မာ စစ်တပ်အရာ ရှိတွေဟာ အဆင့်တူ အမေရိကန်အရာရှိတွေနဲ့ ပူးပေါင်းပြီး နိုင်ငံတကာ အဆင့်အတန်းနဲ့ ကိုယ်ကျင့်တရား စံနှုံးသတ်မှတ် ချက်တွေကို ဖေါ်ထုတ်ခွင့် ရရှိကြပါလိမ့်မယ်” ဟု သူကဆိုသည်။
သို့ရာတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် တွေးခေါ်ပညာရှင်အဖွဲ့တခုဖြစ်သော Center for Strategic and International Studies (CSIS) မှ မိုက်ကယ်ဂရင်းကမူ မြန်မာစစ်တပ်ကို လေ့ကျင့်ပေးရေးနှင့် ပတ်သက်၍ စာရွက်ပေါ်မှာ ဖြစ်နိုင်သော်လည်း မလွယ်ကူကြောင်း လွှတ်တော်အမတ်များကို သတိပေးခဲ့သည်။
“လက်နက်ကိုင်စစ်တပ်လို့ဆိုရင် မြန်မာစစ်တပ်ဟာ ကွဲပြားတဲ့ လက်နက်ကိုင်သူပုန်အဖွဲ့၁၁ ခုနဲ့ ပတ်သက်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပညာရေးနှင့် သင်ကြားရေး (International Military Education and Training) အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရော တခြား စစ်ရေးဆိုင်ရာ လဲလှယ်ရေးအစီအစဉ် တွေအတွက် အရာရှိတွေ ရွေးချယ်ဖို့ပါ ကျနော်တို့ အတွက် ခက်ခဲပါတယ်” ဟု မိုက်ကယ်ဂရင်းက အထက်လွှတ်တော် အမတ်များ၏ မေးခွန်းကို ပြန်လည် ဖြေကြားရင်းပြောဆိုခဲ့သည်။