အမေရိကန် နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ(USAID) က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကဏ္ဍကို အလေးထား ကူညီ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံသို့ မတ်လ ၇ ရက်နေ့က စတင်၍ ၂ ရက်တာ ခရီးစဉ် ရောက်ရှိနေသာ USAID အဖွဲ့၏ အုပ်ချုပ်ရေးမှူး Dr. Rajeev Janardan Shah က သမ္မတ အိုဘားမား မြန်မာနိုင်ငံလာစဉ် မိတ်ဖက်အဖြစ် မြန်မာနှင့် လက်တွဲရန် ကြေညာ ခဲ့သည့် အတွက် အရေးကြီးကြောင်း၊ ထို့ကြောင့် အသွင်ကူးပြောင်းရေးအတွက် အကောင်းဆုံး အစီအစဉ်ဖြင့် ပံ့ပိုး ပေး ရန် ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးဆက်လက် ဖော်ဆောင်ရန် တောင်းဆိုသွားမည်ဖြစ်သည်ဟု VOA မြန်မာပိုင်းနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုသည်။
“တကယ် သိသာတဲ့ တိုးတက်မှု လက္ခဏာတွေ တွေ့ရမှသာ ဖွံ့ဖြိုးရေးအတွက် ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုး ချဲ့နိုင်မှာပါ။ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ နည်းပညာနဲ့ အစိုးရ ပွင့်လင်းမှု ရှိအောင် နောက်ပြီး လူ ငယ်တွေကို လုပ်ငန်းကျွမ်းကျင်မှု သင်တန်းတွေ ပေးဖို့ စတာတွေကို အကောင်အထည်ဖော်ဖို့ ကျနော်လာခဲ့တာပါ” ဟု Dr. Rajeev Janardan Shah က ဆိုသည်။
ဒီမိုကရေစီ ထွန်းကားရေးတွင် သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများ မဟုတ်ကြောင်း၊ အရပ်ဘက် လူထုအခြေပြု အဖွဲ့အ စည်းများ၏ လွတ်လပ်စွာ လုပ်ဆောင်မှုသည်သာ အဓိကကျကြောင်းလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံအား USAID အဖွဲ့အနေဖြင့် အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန် အစိုး ရ ကလည်း ရန်ပုံငွေ ချထားပြီးဖြစ်ကြောင်း၊ အပိုအထောက်အပံ့များလည်း ပါဝင်ကြောင်း သိရသည်။
Dr. Rajeev Janardan Shah သည် ယနေ့ နံနက်ပိုင်းကလည်း နေပြည်တော်တွင် ဒု သမ္မတ ဦးဉာဏ်ထွန်းနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေး ကဏ္ဍနှင့်ပတ်သက်၍ HIV/AIDS ရောဂါ တားဆီးကာကွယ်ရေး၊ ကလေးသူငယ်များနှင့် အမျိုးသမီး ကျန်းမာရေး စောင့် ရှောက်မှု၊ မွေးကင်းစကလေး သေဆုံးမှု ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့် USAID အုပ်ချုပ်ရေးမှူးတို့သည် ပညာရေးကဏ္ဍတွင် တက္ကသိုလ်များ ချိတ်ဆက်၍ သုတေသန လုပ်ငန်းများ၊ အဆင့်မြင့် ပညာဖွံ့ဖြိုးရေးလုပ်ငန်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များ၊ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု၊ အမေရိကန်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ကျန်းမာရေးအကူအညီပေးမှု အရေးတကြီးလိုနေကြောင်းနှင့် အထူးသဖြင့် ၅ နှစ်အောက် ကလေး သေဆုံးမှုသည် သာမန် ထက် အလွန်မြင့်နေကြောင်း၊ USAID အနေဖြင့် နှစ်စဉ် ငှက်ဖျား၊ ဝမ်း ရောဂါ၊ အဆုတ်ရောဂါများကြောင့် သေ ဆုံးသူ ကလေးငယ် လျော့ကျရေးအတွက် နှစ်စဉ် ကလေး ၂ သောင်းခန့်၏ အသက်ကို ကယ်တင်နိုင်မည်ဟု မျှော်လင့် ထားကြောင်းလည်း သိရသည်။
USAID က မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူငယ်ဖွံ့ဖြိုးရေး၊ နည်းပညာ ဖွံ့ဖြိုးရေးများလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကြာသေးခင်ကလည်း USAID က ဦးဆောင်ကာ Cisco, Google, Hewlett- Packard, Intel နှင့် Microsoft တို့ ပါဝင်သည့် နည်းပညာ ကိုယ်စားလှယ်တဖွဲ့လည်း မြန်မာနိုင်ငံတွင် အင်တာနက် မြန်နှုန်းမြင့်လာစေရေး၊ ပွင့်လင်းမြင်သာ သည့် အုပ်ချုပ်ရေးစနစ် အားကောင်းစေရေးနှင့် ဒစ်ဂျစ်တယ် နည်းပညာ ပိုမိုကျယ်ပြန့်စေရေးတို့အတွက် စီမံကိန်းများ လုပ်ဆောင်ရန် လာရောက်ခဲ့သေးသည်။
မြန်မာနိုင်ငံ၌ လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစေရေး အထောက် အပံ့ဖြစ်ရန် အမေရိကန် ဒေါ်လာ ၁၁ သန်း ရှိ စီမံကိန်းတခုကိုလည်း USAIDက ကွန်ဂရက် လွှတ်တော်တွင် အဆိုတင် သွင်းထားသည်။
အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းသို့ သွားရာတွင် အရေးကြီးပြီး ခက်ခဲသိမ်မွေ့သည့် ခြေလှမ်းတခု ဖြစ်လာမည် ဟု ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။
လူ့အခွင့်အရေး လှုပ်ရှားသူများကမူ မြန်မာ့ ပြုပြင်ပြောင်းလဲရေးသည် အောက်ခြေနှင့် ကျေးလက်ဒေသ၊ ဝေးလံသည့် တိုင်းရင်းသား လူနည်းစုဒေသများတွင် သက်ရောက်မှု မရှိသေးကြောင်း၊ ထို့အတွက် မြို့ပြများကို အာရုံထား၍ နိုင်ငံ ခြား အကူအညီ အများစု သွားနေသည့်အတွက် ထောက်ပြဝေဖန်နေကြသည်။
“မြန်မာပြည်က အခြေအနေ မတည်ငြိမ်သေးခင် အမေရိကန်ရဲ့ လုပ်ဆောင်မှုဟာ အရမ်းစောလွန်းသေးတယ်လို့ ကျမ ထင်တယ်၊ ကချင်ပြည်နယ်မှာလည်း ပြောင်းလဲမှုတွေ ရှိလာနေတယ်၊ ပြီးတော့ အဲဒါတွေက ကောင်းတာတွေ မ ဟုတ် ဘဲ မကောင်းတဲ့ လက္ခဏာဖြစ်တဲ့ တိုက်ပွဲတွေလည်း ပိုဖြစ်လာနေတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး(KWAT) မှ အားနိုက ဝါရှင်တန်၌ ရောက်စဉ် ရိုက်တာ သတင်းဌာနကို ပြောသည်။
USAID အကြီးအကဲ ကမူ အမေရိကန်နှင့် အခြား အကူအညီပေးရေး အစီအစဉ်များကို မြန်မာနိုင်ငံတွင်း ဝေးလံခေါင် သီသော တိုင်းရင်းသား ဒေသများသို့ ပို၍ ရောက်ရှိစေရန် တိုက်တွန်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ အမြဲဖြစ်စေချင်တာက အကူအညီတွေ အပြည့်အ၀ ရကြဖို့၊ ဒီထက်ပိုရဖို့၊ အထူးသဖြင့်တော့ IDP ခေါ် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ၊ တိုင်းရင်းသား လူနည်းစုတွေလည်း ပါတယ်။ အဲဒီနေရာတွေလည်း တိုးတက်မှုတွေ ရှိရမယ်လို့ ကျနော် ယုံကြည်တယ်”ဟုလည်း Dr. Rajeev Janardan Shah က ဆိုသည်။