ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားနေကြာင်း သတင်းရရှိသည်။
ယခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ရာဘာခြံတခုအတွင်း၌ SSA-S တပ်ဖွဲ့ဝင်များပါဝင်သော ၁၄ ဦးအဖွဲ့အား UWSA က ဖမ်းဆီးလိုက်ပြီးနောက် သြဂုတ် လဆန်းပိုင်းမှ စ၍ နှစ်ဘက်တပ်ဖွဲ့များ ဆက်ဆံရေး တင်းမာလာရခြင်း ဖြစ်ကြောင်း UWSA ထိပ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဆက်ဆံရေးကတော့ တင်းမာနေတုန်းပဲ၊ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အနေအထားလား ဆိုတာကတော့ သူတို့လှုပ်ရှားမှုအပေါ်မှာပဲ မူတည်တယ်၊ သူတို့ဘက်က တပ်တွေတိုးချလာတာရှိတယ်၊ တပ်တွေတိုးချပြီး လှုပ်ရှားမှုတွေ ပိုလုပ်လာရင်တော့ ဖြစ်လာနိုင်တယ်၊ ကျနော်တို့လည်း စောင့်ကြည့်နေတဲ့ အနေအထားတော့ ရှိတာပေါ့”ဟု သူက ပြောသည်။
နယ်မြေကျူးကျော်မှုဖြင့်ဟုဆိုကာ ဖမ်းဆီးထားသော ရှမ်းတပ်ဖွ့ဲဝင်များကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ထိုသူများကို UWSA က လွှတ် ပေးရန် ဆုံးဖြတ်ထားသော်လည်း ၎င်းတို့အပေါ် SSA-S က အလေးအနက်ထား ဆွေးနွေးရန် လက္ခဏာများ မတွေ့ရသဖြင့် ဆက် လက် ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း UWSA ဘက်က ပြောသည်။
“သူတို့ကို လာဆွေးနွေးစေချင်တယ်၊ ၂ ခါတော့ လာဆွေးနွေးတယ်၊ အောက်ခြေအဆင့်တွေကိုပဲ လွှတ်ပြီးဆွေးနွေးခိုင်းတယ်၊ ကျနော် တို့ဘက်ကလည်း အရာရောက်တဲ့လူအချင်းချင်းပဲ ကောင်းကောင်းဆွေးနွေးချင်တာပေါ့”ဟု အထက်ပါ UWSA အရာရှိက ဆက် ပြောသည်။
SSA-S အနေဖြင့် ထိုနေရာများတွင် တပ်အင်အားတိုးချဲ့ခြင်း၊ UWSA နှင့် စစ်ရေးအရရော၊ ဆက်ဆံရေးအရပါ နှစ်ဘက် တင်းမာခြင်း မရှိကြောင်း၊ ထို့အတူ ဖမ်းဆီးထားသည့် ရှမ်းတပ်ဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက်လည်း သက်ဆိုင်ရာ ဒေသရှိ ခံတပ်မှူး အဆင့်ဖြင့် ၂ ကြိမ် လွှတ်၍ ဆွေးနွေးခဲ့ကြောင်း သို့သော် အဆင်ပြေမှုမရခဲ့ကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင် ဆိုင်း က ပြောသည်။
“အရင်တုန်းကတော့ ပြဿနာ မရှိခဲ့ဘူး၊ ၂၀၀၅ နောက်ပိုင်းမှာ ကျနော်တို့လည်း သူတို့ဗဟို ပန်ဆန်းအထိ သွားလာဆွေးနွေး တာ တွေ ရှိတယ်၊ အခု ကျနော်တို့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက် သူတို့ဘက်ကတော့ စစ်ရေးပြင်နေတယ်လို့ ကြား တာပဲ၊ သူတို့က ဘာလို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်တာလဲ၊ ကျနော်တို့လည်း နားမလည်ဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြော သည်။
ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ပြီးနောက် အစိုးရနှင့် SSA-S တို့ မူးယစ်ဆေးဝါးပူးပေါင်း တိုက်ဖျက်ရေး မူဝါဒ ချမှတ် လုပ်ဆောင်မှုကို UWSA အနေဖြင့် ကြိုက်နှစ်သက်ပုံမရကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောဆိုသည်။
တင်းမာမှုများဖြစ်ပွားနေသော မိုင်းတုံမြို့နယ်အတွင်း၌ UWSA တပ်ဖွဲ့များက လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဆေးရေးဂိတ်များ ပြုလုပ် ကာ ခရီးသွားဒေသခံများကို စစ်ဆေးမေးမြန်းမှုများပြုလုပ်၍ ဖမ်းဆီးမှုများရှိကြောင်း၊ ထို့ကြောင့် ဒေသခံများမှာ သွားလာရေး အခက်ခဲကြုံတွေ့နေရကြောင်း ရှမ်းပြည်နယ်အတွင်း အခြေနေများကို စောင့်ကြည့်နေပြီး သတင်းထုတ်ပြန်နေသော ထိုင်းနိုင်ငံအခြေ စိုက် သျှမ်းသံတော်ဆင့် သတင်းဌာန က ပြောသည်။
“တောင်းပိုင်း “ဝ” တပ်ဖွဲ့တွေက သူတို့ထိန်းချုပ် ဒေသတွေထဲက လမ်းတွေမှာတင်မကဘူး၊ အစိုးရထိန်းချုပ်တဲ့ နေရာထဲက လမ်း တွေ မှာပါ၊ ဂိတ်တွေ လုပ်ပြီးစစ်ဆေးတယ်၊ သူတို့မသင်္ကာဘူးဆိုတဲ့ လူတွေကိုဖမ်းတယ်၊ အဲဒီလိုအဖမ်းခံရတာ အရင်လ ၂၇ ရက်နေ့က တယောက် ဒီနေ့တယောက်”ဟု သျှမ်းသံတော်ဆင့် သတင်းဌာန သတင်းထောက် ကိုစိုင်းမိဏ်း က ပြောသည်။
ယခုနှစ် ဇွန်လလယ်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် UWSA ထိန်းချုပ်ရာ နေရာအတွင် SSA-S တပ်ဖွဲ့များ ကျူးကျော်ဝင်ရောက် လာသည်ဟု ဆိုကာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ SSA-S လွယ်ကော်ဝမ်း တပ်စခန်းကို UWSA တပ်ဖွဲ့ဝင် များက သွားရောက် ဝိုင်းထားပြီးနောက် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သေးသည်။