ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့များဖြစ်သည့် ဝပြည်သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် ရှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြီးခဲသည့်စနေနေ့က တွေ့ဆုံဆွေးနွေးသည်။
UWSA အဖွဲ့ ဒု ဥက္ကဋ္ဌ ရှောက်မီလျံ၊ NDAA အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။
“ပြဿာနာ ကြီးကြီးမားမားရှိလို့ တွေ့ဆုံတာမဟုတ်ပါဘူး၊ နယ်မြေ အတွင်းမှာဖြစ်ပေါ်နေတဲ့ လတ်တလော အခြေအနေလေးတွေကို ပြောကြမှာပါ”ဟု UWSA အဖွဲ့၏ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဘွမ်တိန်းက ဧရာဝတီကို ပြောဆိုသည်။
ယခင် စစ်အစိုးရလက်ထက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရန် ကြိုးစားရာ တဖက်နှင့် တဖက်တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါအဖွဲ့များနှင့် ဆက်ဆံရေး တန်းသွားခဲ့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း က ပဏာ မငြိမ်းချမ်းရေး သဘောတူညီချက်များ အောက်ခြေတပ်မှူးများအဆင့် ဆွေးနွေးပွဲများမှတဆင့် ရယူနိုင်ခဲ့သည်။
ထိုသဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများကို မြို့ကြီးများတွင် ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဘက်တပ်ဖွဲ့များ လက်ရှိ အခြေ အနေအတိုင်း ဆက်ရှိနေရန်၊ လက်နက်ကိုင် တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့် အငြင်းပွားဖွယ်အချက်များကို ရှောင် ရန်၊ နှစ်ဖက်တင်းမာမှု ဖြစ်ပွားစဉ်က ဝနယ်မြေမှ ထွက်ခွာသွားသည့် အစိုးရဝန်ထမ်းများကို ပြန်လည်လက်ခံရန် စသည့်အချက် များ ပါဝင်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၀ လက်နက်ကိုင်တပ်ဖွဲ့ (UWSA)တို့ တွေ့ဆုံမှုသည် မြန်မာတပ်မ တော်နှင့် ကချင်လွတ်လပ် ရေး တပ်ဖွဲ့ (KIA)တို့ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက“တရုတ်နယ်စပ်က တိုင်းရင်းသားတွေက တရုတ်နဲ့ အရမ်းနီးစပ်သလို၊ လက်ရှိ ဝတပ်ဖွဲ့ အနေအထားအရလည်း မြန်မာတပ်ကတိုက်ဖို့ မလွယ်သေးဘူး၊ ဒါကြောင့် သတိကြီးကြီးနဲ့ ကိုင်တွယ်နေတဲ့ပုံပဲ”ဟု ဆိုသည်။
တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားများအရေးသည် တရုတ်အစိုးရအပေါ်တွင်လည်း မူတည်ပြီး၊ အစိုးရသစ် လက်ထက်တွင် အမေရိကန်နှင့် အနီးကပ်ဆက်ဆံလာ ခြင်း၊ မြစ်ဆုံရေကာတာစီမံကိန်းကို ရုတ်သိမ်းခဲ့ခြင်းတို့သည်တရုတ်- မြန်မာဆက်ဆံရေးကို ထိခိုက်နိုင် ကြောင်း၊ ထိုကြောင့် တရုတ်အစိုးရက တိုင်းရင်းသားများကို ကျောထောက်နောက်ခံပြန်လည် ပြုလာနိုင်ကြောင်း ဦးအောင် ကျော်ဇောက သုံးသပ်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်လျှင် ပြတ်ပြတ်သားသား ကိုင်တွယ်သူတဦးဟု အများက ပြောဆိုကြ သော်လည်း စစ်တပ်ပိုင် မြဝတီသတင်းဌာနမှ ဖော်ပြ သည့် ဓာတ်ပုံများ၌မူ ဝတိုင်းရင်းသားခေါင်းဆောင် ရှောက်မီလျံ နှင့် ရင်းနှီးစွာ ဖက်လှဲတကင်း နှုတ်ဆက်နေသည်ကို တွေ့ရသည်။
ကြိဂံတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်တာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ ၏အနေ အထား စစ်ရေးလေ့ကျင့်မှုများကိုလည်း သွားရောက်စစ်ဆေးခဲ့သေးသည်။