၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က (UWSA) ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက ငြင်းဆိုသည်။
တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် တရုတ်တို့အနေဖြင့် မြန်မာစစ်တပ်ကိုသာမက ကချင်၊ ရှမ်းနှင့် ဝ တပ်ဖွဲ့များသို့လည်း လက်နက်ရောင်းချနေသည်ဟူသော စွပ်စွဲပြောဆိုချက်များသည် “အခြေအမြစ်မရှိ” ဟု ရေးသားထားသည်။
ယင်းထုတ်ပြန်ကြေညာချက်သည် ယမန်နှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ်တင့်ကားများ UWSA က ရရှိခဲ့ကြောင်း ဒီဇင်ဘာလအတွင်း ထုတ်ဝေခဲ့သော စစ်ဘက်ရေးရာ မဂ္ဂဇင်း “ဂျိန်းစ် ထောက်လှမ်းရေး အစီရင်ခံစာ” Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဂျိန်းစ်၏ သတင်းပေးပို့ချက်တွင် ယင်းလက်နက်ပစ္စည်းများကို တရားဝင် မဟုတ်သော တဆင့်ခံ ဈေးကွက်မှ ရောင်းဝယ်ခဲ့ခြင်းဟု ဆိုသည်။
တရုတ်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင်မူ “တရုတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာ အာဏာကို လေးစားအသိအမှတ်ပြုသည့် ရှင်းလင်းပြီး တသမတ်တည်းဖြစ်သော မူဝါဒကို လက်ကိုင်ထား” ပါကြောင်းနှင့် ဂျိန်းစ်၏ သတင်းသည် “မြန်မာလူထုနှင့် ကျယ်ပြန့်သော ပရိဿတ်များအတွက် မှားယွင်းစွာ နားလည်လက်ခံခြင်းနှင့် ရှုတ်ထွေးခြင်းတို့ကို ဖြစ်စေနိုင်သည်” ဟု တုန့်ပြန်ရေးသားထားသည်။
ယခု အငြင်းပွားမှုမှာ တရုတ်-မြန်မာ နယ်စပ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြန်မာတပ်များ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေပြီး နှစ်ဘက်စလုံးကလည်း တရုတ်လုပ် စစ်လက်နက်ပစ္စည်းများ တစိတ်တပိုင်း သုံးစွဲနေသည်။
UWSA နှင့် နီးစပ်သူများကလည်း အကယ်၍ KIA ဌာနချုပ် ကျပြီးလျှင် မြန်မာစစ်တပ်အနေဖြင့် “ဝ” တပ်များထံ မြှားဦးလှည့်လာမည်ကို စိုးရိမ်ကြောင်း ပြောကြသည်။
ပြီးခဲ့သည့်အပတ် သောင်္ကြာနေ့တွင် ပြုလုပ်သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်က KIA ကို လက်နက် မထောက်ပံ့ကြောင်း ပြောဆိုသည်။
“တရုတ်ဘက်က ကြားဝင်ညှိနှိုင်းပေးတာ၊ စကားဝိုင်းတွေကို ကမကထ လုပ်ပေးတာတွေနဲ့ မြန်မာပြည် မြောက်ပိုင်းက ပဋိပက္ခကို အပြုသဘော ပါဝင်ဆောင်ရွက်ပါတယ်” ဟု မစ္စတာ ဟုံလီက ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၁၈ ရက်ကလည်း တရုတ်အထူးသံ ဖူယင်းနှင့် တရုတ်စစ်တပ် ကိုယ်စားလှယ် တဖွဲ့ သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တွင် တွေ့ဆုံပြီး ကချင်ပဋိပက္ခအကြောင်း ပြောဆိုကြသော်လည်း အဖြေရှာမရခဲ့ကြပေ။