တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့ခဲ့ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Jane’s Intelligence Review မဂ္ဂဇင်းက ဖော်ပြလိုက်သည်။
UWSA အဖွဲ့သည် ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံမှ လက်နက်တပ်ဆင်ထားသည့် စွမ်းဆောင်ရည်မြင့် ကာကွယ်ရေးပစ္စည်းများ အကူအညီရခဲ့ကြောင်း၊ UWSA က လက်နက် အမြန်တပ်ဆင်ရေး နောက်ဆုံး ကြိုးပမ်းမှု အစီအစဉ်တခုလည်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လဆန်းက UWSA သို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် မြန်မာ အစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး အဆိုပါမဂ္ဂဇင်းက ရေးသားထားသည်။
Mi-17 အမျိုးအစား ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ လာအိုနိုင်ငံမှတဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ “ဝ” တိုင်းရင်းသား ထိန်းချုပ်နယ်မြေသို့ ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပေးပို့လိုက်သော ရဟတ်ယာဉ်မှာ ၅ စီးဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာအစိုးရ သတင်းရင်းမြစ်တခု၏ အတည်ပြုချက်အရ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှာ ၂ စီးသာဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
တိုင်းရင်းသား လက်နက်ကိုင် သတင်းရင်းမြစ်တခုအား ကိုးကားချက်အရ Mi-17 ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံလုပ် TY-90 အမျိုးအစား တာတို ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားကြသည်ဟု ဆိုသည်။
အဆိုပါ သတင်းမှန်ကန်ပါက TY-90 အမျိုးအစား ဒုံးကျည်သည် မကြာသေးခင်က ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးခဲ့သော Mi-24P Hind အမျိုးအစား တိုက်လေယာဉ်များကို ထိရောက်စွာ ဟန့်တားနိုင်မည်ဟု သိရှိရသည်။ အဆိုပါ Mi-24P Hind တိုက်လေယာဉ်များကို မကြာသေးမီက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများတွင် မြန်မာအစိုးရ တပ်မတော်က အသုံးပြုခဲ့သည်။
UWSA အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် တလျှောက် နယ်မြေတခုကို ထိန်းချုပ်ထားပြီး ယခုအခါ မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားမှုသည်လည်း အထိအခိုက် မခံသည့် အခြေအနေတွင် ရှိသည်။
UWSA သို့ စစ်လက်နက်များ ရောင်းချပေးသည်ဟူသော စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ငြင်းဆိုခဲ့သေးသည်။ ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ်တင့်ကားများ UWSA က ရရှိခဲ့ကြောင်း Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို တရုတ်သံရုံးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။