မြန်မာသင်္ဘောတစီးကို ဗီယက်နမ်နိုင်ငံသို့ တရားမဝင် ဒီဇယ်ဆီ တင်သွင်းသည်ဟု စွပ်စွဲ၍ ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
နမ်ဒင်း(Nam Dinh) မြောက်ပိုင်းခရိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ကင်းလှည့်စဉ် နင်း(Ninh) ကမ်းရိုးတန်းမှ အရှေ့ တောင် ဘက် ရေမိုင် ၂၁ မိုင်အကွာတွင် သံသယဖြစ်ဖွယ် သင်္ဘော ၂ စီးသို့ ချဉ်းကပ်ခဲ့ရာ သင်္ဘောသားများက ဗီယက်နမ် သင်္ဘောတစီးပေါ်သို့ ဒီဇယ်ဆီများ ရွှေ့ပြောင်းနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ်နိုင်ငံ အခြေစိုက် Thanh Nien News သတင်း တပုဒ်၌ ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
“ရောင်ဝင်း”(Yong Win) အမည်ရ မြန်မာသင်္ဘော တစီးကို အင်္ဂါနေ့က တရားမဝင် ဒီဇယ်ဆီများ၊ သင်္ဘောသားများ နှင့် အတူ ဖမ်းဆီးလာပြီး ဟိုင်သင်း(Hai Thinh) သင်္ဘောဆိပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ဒီဇယ်ဆီ အရောင်းအဝယ်လုပ်နေကြသည့် သင်္ဘော ၂ စီးမှ သင်္ဘောသားများကလည်း တရားမဝင် လောင်စာဆီ ရောင်း ဝယ်မှုတွင် ပါဝင်ပတ်သက်ကြောင်း ဝန်ခံကြသည်ဟု အဆိုပါ သတင်းက ဖော်ပြသည်။
သင်္ဘောသား ၇ ဦးပါသော ဗီယက်နမ် သင်္ဘောသည် သင်္ဘောသား ၁၇ ဦးပါသော “ရောင်ဝင်း” အမည်ရ မြန်မာ သင်္ဘော ထံက ဒီဇယ်ဆီ တန်ချိန် ၅၀၀၀ ကျော် ဝယ်ယူရန် ရှိခဲ့ကြောင်းလည်း Thanh Nien News သတင်းက ဆိုသည်။
နောက်ဆက်တွဲ သတင်းအရ “ရောင်ဝင်း” မြန်မာသင်္ဘောတွင် ကပ္ပတိန်နှင့် သင်္ဘောသား ၁၆ ဦး ပါရှိကာ သင်္ဘောသားများထဲ က ၁၄ ဦး မှာ မြန်မာများဖြစ်ကြပြီး ၂ ဦးမှာ တရုတ်များဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်များထံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရခဲ့ပါ။