နယ်မြေကျူးကျော်မှုဖြင့် ဖမ်းဆီးထားသော ရှမ်းပြည်တပ်မတော်ေ တာင်ပိုင်း SSA-S တပ်ဖွဲ့ဝင် များကို အသက်အန္တရယ် မထိခိုက်စေဘဲ ပြန်လွှတ်ပေးမည်ဟု ဝပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်က ပြောဆိုလိုက်သည်။
“သူတို့က နယ်မြေကျူးကျော်လာလို့လေ၊ ခဏတဖြုတ် ထိန်းထားတာပါ၊ အေးအေးချမ်းချမ်း ပြန်လွှတ်ပေးမှာပါ၊ ပြန်လွှတ်ဖို့တော့ စီစဉ်နေတယ်၊ ဘယ်အချိန်ပြန်လွှတ်မယ်ဆိုတာတော့ မသိသေးဘူး” ဟု UWSA ဝိန်းကောင်ခရိုင် အတွင်းရေးမှူး ဦးစောလွင် က ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က မိုင်းတုံမြို့နယ် UWSA ထိန်းချုပ်ရာ နယ်မြေ ရာဘာခြံထဲတွင် စိုက်ပျိုးရေး လုပ်ရန် အကြောင်းပြချက်ဖြင့် ရောက်ရှိနေသူ SSA-S တပ်ဖွဲ့ဝင်များနှင့် ဒေသခံ အချို့ကို နယ်မြေကျူးကျော်မှုဖြင့် နယ်မြေခံ UWSA တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ထိုအဖွဲ့များကို လွှတ်ပေးရေးအတွက် ယခုလဆန်းပိုင်းပိုင်းအတွင်း၌ပင် နှစ်ဘက် တာဝန်ရှိသူများ နှစ်ကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း လွတ်မြောက်ရေး အဖြေမထွက်ခဲ့ဘဲ ထိစပ်နယ်မြေများတွင် တပ်အင်အားများတိုးချဲ့ထားပြီး တင်းမာနေလျှက်ရှိသည်။
“ကျနော်တို့ ခွင်ထဲမှာ သူတို့တပ်လာထိုင်တယ်လေ၊ ခင်ဗျားတို့ ဘာလာလုပ်လဲလို့မေးတော့ စိုက်ပျိုးရေးလာလုပ်တယ် ဘာညာ အဲဒီလိုပြောတယ်၊ စိုက်ပျိုးရေးလာလုပ်တာတော့ မဖြစ်နိုင်ဘူး” ဟု ဦးစောလွင် က ပြောသည်။
ဖမ်းဆီးထားသူများကို ရှမ်းပြည်တောင်ပိုင်းရှိ UWSA ထိန်းချုပ်ရာ တပ်စခန်းတွင် ထားရှိပြီး စိုးရိမ်စရာ မရှိကြောင်း သူက ဆက်ပြောသည်။ ယင်းသို့ ဖမ်းဆီးထိန်းသိမ်း ထားမှုကြောင့် နှစ်ဖက်တပ်များ တင်းမာသည့် အနေအထားတွင်ရှိသော်လည်း စစ်ရေးအရ ဖြေရှင်း သွားမည်မဟုတ်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူများထဲတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်းမှ အရာရှိ ၂ ဦးနှင့် တပ်သား ၅ ဦးအပါအဝင် အမာခံဒေသခံ အချို့ပါဝင်ကြောင်း၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် SSA-S တာဝန်ရှိသူများနှင့် UWSA တာဝန်ရှိသူများ ယခုလဆန်းပိုင်း အတွင် ၂ ကြိမ်တွေ့ဆုံခဲ့ပြီဖြစ်သော်လည်း အဆင်မပြေခဲ့ကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောသည်။
ယခုဖြစ်ရပ်ကြောင့် နှစ်ဖက် ထိစပ်နယ်မြေများတွင် တပ်များထားရှိကြသော်လည်း တိုက်ခိုက်မှုများဖြင့် ဖြေရှင်းသွားမည် မဟုတ်ကြောင်း၊ ငြိမ်းချမ်းစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း SSA-S ကလည်း ပြောသည်။
“စစ်ရေးနည်းလမ်းနဲ့ ပြန်ဖြေရှင်းဖို့ ဆန္ဒမရှိဘူး၊ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆွေးနွေးခြင်းနဲ့ အဖြေရှာခြင်းကိုပဲ ကျနော်တို့ သွားမှာပါ” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဧရာဝတီသို့ ပြောသည်။
SSA-S နှင့် UWSA တို့အကြား ယခင်က ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း ယခုဖြစ်ရပ်တွင် ပြေလည်နိုင်ရေး ကြန့်ကြာနေသည်။ နှစ်ဘက်ပြေလည်ရေး ဆွေးနွေးရန် တွေ့ဆုံရာတွင် SSA-S အနေဖြင့် အဆင့်မြင့်အရာရှိများ လွှတ်ပြီး ဆွေးနွေးခြင်း မရှိသည့်အတွက် အဆင်မပြေဖြစ်နေကြောင်း UWSA ဖက်မှသတင်းများကို ကိုးကား၍ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း က ပြောသည်။
သို့သော်လည်း SSA-S အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍများလှုပ်ရှားနေမှု၊ အစိုးရနှင့် ထိတွေ့ဆက်ဆံနေမှု အပေါ် အစိုးရ တပ်များနှင့် SSA-S တို့ ပူးပေါင်း၍ ပူးပေါင်းတိုက်ခိုက်နိုင်သည်ဟု UWSA ထိပ်ပိုင်း အရာရှိအချို့က သံသယဝင်နေကြောင်း ဦးခွန်ဆိုင်းက သုံးသပ်ပြောဆိုသည်။
သို့သော် SSA-S နှင့် အစိုးရတပ်များအကြား ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိပြီး ပဏာမ အပစ်ခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၂၈ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောသည်။
အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားသော်လည်း ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရင်းပေးရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့များထံမှတဆင့် သမ္မတ ဦးသိန်းစိန်ထံ သြဂုတ်လ ၁ ရက်နေ့က စာရေးသား ပေးပို့ထားကြောင်း သိရသည်။