မြန်မာနိုင်ငံတွင် အပူချိန်မြင့်နေပြီး အမြင့်ဆုံး ပြည်နယ်၊ မြို့များတွင် အပူချိန်သည် ၄၂ ဒီဂရီ ဖာရင်ဟိုက် အထိ ဖြစ်နေပြီး ဒုတိယ အပူချိန်အမြင့်ဆုံးဖြစ်သည့် ချင်း၊ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေသကြီးများတွင်မူ ၃၈ ဒီဂရီ ဖာရင်ဟိုက် ဖြစ်နေသောကြောင့် ခရမ်းလွန်ရောင်ခြည်ပါ အန္တရာယ်ရှိသည့် အဆင့်ကို ရောက်နေသည့်အတွက် နေရောင်ခြည်အကာအကွယ်များ ပြုလုပ်ရန် နိုင်ငံပိုင်သတင်းစာတွင် အသိပေးထားသည်။
ယခုလက်ရှိတွင်ဖြစ်ပေါ်နေသည့် ခရမ်းလွန်ရောင်ခြည်သည် သာမာန်အဆင့်ထိ ကျော်လွန်ကာ အန္တရာယ်ရှိသည့်အဆင့်ကို ရောက်ရှိပြီး အပူချိန်အလွန်များနေခြင်းသည် မြန်မာနိုင်ငံတနိုင်ငံတွင်သာ ထိုသို့ဖြစ်သည်မဟုတ်ဘဲ အာရှတိုက်တွင် တည်ရှိသည့် နိုင်ငံများအားလုံးတွင် ထိုသို့ဖြစ်ပေါ်နေကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောသည်။
“မြန်မာတနိုင်ငံထဲ ကွက်ပြီး ပူနေတာတော့ မဟုတ်ဘူး။ အဲလိုမျိုး ရှိလည်းမရှိဘူး။ အခုလက်ရှိမှာ အာရှတိုက် တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေက အပူရှိန်ပိုတယ်၊ အရှေ့တောင်ပိုင်းဒေသ တွေက အပူရှိန် လျော့တယ်”ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ဆိုသည်။
မြန်မာနိုင်ငံအား ဗဟိုထားကြည့်လျှင် အနောက်ဘက်တွင်ရှိသည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ တို့မှာ အပူရှိန်သည် ပုံမှန်ထက် ပိုနေပြီး အရှေ့တောင်ဘက်တွင် ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများတွင် အပူရှိန်လျော့ကြောင်း ဦးထွန်းလွင်က ဆက်လက်ရှင်းပြသည်။
“မြန်မာ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ ရှမ်း၊ ကယား၊ ကရင်ပြည်နယ်ဘက်တွေက အပူချိန် နည်းနည်းလျော့မယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်း၊ ရခိုင်၊ စစ်ကိုင်းဘက်တွေမှာကြတော့ အပူချိန် နည်းနည်းမြင့်မယ်။ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေးက အခုလက်ရှိကာလမှာ အပူဆုံးနေရာတွေ ဖြစ်နေတယ်”ဟု ဦးထွန်းလွင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံရှိ ယခုလက်ရှိ အပူချိန် အနိမ့်ဆုံးဒေသများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများဖြစ်ကြောင်း သိရသည်။
“အပူချိန်မြင့်တယ်လို့ ပြောကြပေမယ့်လည်း အပူချိန်အမြင့်ဆုံးစံချိန်ကိုတော့ မကျော်သေးပါဘူး။ နောက်ပြီး ဒီနှစ်က လာနီညိုနှစ်လည်း မဟုတ်ဘူး။ ဒါတောင် သင်္ကြန်အပြီးနောက်ပိုင်းမှသာ အပူချိန်တွေက ၄၀ကျော်ကို ရောက်လာတာ။ အခုဆို ၄၂ လောက်အထိကို တက်နေပြီ။ အရင်ကလည်း ဒီလိုမျိုးတက်လာဖူးပါတယ်”ဟု ဦးထွန်းလွင်က ဆိုသည်။
ယခုနှစ် မြန်မာနိုင်ငံ၏ အပူချိန်သည် ယခင်နှစ်များကကဲ့သို့ပင် ဖြစ်သော်လည်း ယခင်နှစ်နွေရာသီများတွင် မိုးရွာခြင်း၊ ရာသီဥတုအေးသွားခြင်းများရှိကာ ယခုနှစ်နွေရာသီတွင်မူ မိုးမရွာခြင်းကြောင့် အပူချိန်မြင့်သည့်ရက် များလာကာ အပူရှိန် ပိုမိုပြင်းသည်ဟု ထင်လာရကြောင်း ဦးထွန်းလွင်က ရှင်းပြသည်။
အပူချိန်မြင့်မားပြီး ခရမ်းလွန်ရောင်ခြည်ပါ အန္တရာယ်ရှိသည့် အဆင့်ကို ရောက်နေသည့်အတွက် ရာသီဥတုဒဏ်အား ကာကွယ်နိုင်ရန် ရောင်ပြန်ဟပ်သည့် ထီးဆောင်းခြင်း၊ နေကာမျက်မှန် တပ်ခြင်း၊ အလင်းပြန်နိုင်သော အဝတ်အစားများ ဝတ်ခြင်းများ ပြုလုပ်သင့်သည်ဟု ဆရာဝန်များက တိုက်တွန်း အကြံပေးကြသည်။
နေရောင်အောက်တွင် အလုပ်လုပ်ရသူများအား အရိပ်ရရန် မိုးကာများဖြင့် အမိုးမိုးပြီး အရိပ်အောက်တွင် အလုပ် လုပ်သင့်ကြောင်း၊ နို့စို့အရွယ် ကလေးများသည် ခံနိုင်ရည် အားနည်းသဖြင့် နေရောင်အောက်သို့ ခေါ်သွားခြင်း မပြုရန်၊ ခေါ်သွားမည်ဆိုပါကလည်း နေရောင်ခြည်အကာအကွယ်များ ပြုလုပ်ပေးရန် နိုင်ငံပိုင်သတင်းစာတွင် အသိပေးထားသည်။
“အပူဒဏ်ကို ကာကွယ်နိုင်အောင်ဆိုပြီး အဝတ်ထူထူကြီးတွေ မဝတ်သင့်ဘူး၊ လေဝင်လေထွက်ကောင်းပြီး လုံခြုံမှုရှိတာပဲ ဝတ်သင့်တယ်၊ ရေများများ၊ ဓါတ်ဆားရေ များများသောက်သင့်တယ်၊ အပြင်က ပြန်လာရင် ရေကို ချက်ချင်း မချိုးရဘူး၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားပေးသင့်တယ်”ဟု ဒေါက်တာမြင့်ဦး (ဂျီပီ)က ဆိုသည်။
နေရောင်ခြည်တွင် လူတို့ကို အကျိုးပြုစေနိုင်သည့် ဗီတာမင် ဒီ နှင့် ဗီတာမင် အီး တို့ကို ရရှိနိုင်ပြီး မွေးကင်းစ ကလေးများ အသားဝါပါက ခရမ်းလွန်ရောင်ခြည်ဖြင့် ကုနိုင်သော်လည်း ယခုအခြေအနေအရ နေရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည် သည် အန္တရာယ်ဖြစ်စေနိုင်နေသည်ဟု သိရသည်။
“နေရောင်တွေ၊ အန္တရာယ်အဆင့်ရောက်နေတဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ရေရှည်ထိတွေ့မှုကြောင့် အရေပြားကင်ဆာ ရောဂါ အပြင် အရေပြားကို ရောင်ခြည်နဲ့ အထိများလာမယ်ဆိုရင် ဆဲလ်တွေကို ထိခိုက်ပြီး အိုမင်းရင့်ရော်စေနိုင်တယ်၊ ခွန်အားတွေ လျော့လာပြီး မျိုးဆက်ပွားဖို့ကို မစွမ်းဆောင်နိုင်တော့တာတွေ ဖြစ်နိုင်တယ် ဒီလိုအဖြစ်မျိုးကတော့ ရှားတော့ ရှားတယ်။ ဒါပေမယ့် ကိုယ်က သတိလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု အရေပြားအထူးကု ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။
အပူချိန်မြင့်မားနေခြင်းကို ကာကွယ်နိုင်ရန် မိမိအိမ်ခြံဝင်းအတွင်းတွင် အရိပ်ရသစ်ပင်များ စိုက်ခြင်း၊ ရုပ်ကြွင်းလောင်စာ များကို မီးရှို့ခြင်းအား လျှော့ခြခြင်းများကို ပြုလုပ်သင့်ပြီး၊ အပူရှိန်အလွန်မြင့်မားနေခြင်းသည် သဘာဝပတ်ဝန်းကျင်အား မထိန်းသိမ်းခြင်း၊ သစ်တောများ ပြုန်းတီးခြင်းများနှင့်လည်း သက်ဆိုင်ကြောင်း Forest Resource Environment Development and Conservation Association (FREDA) မှ ဥက္ကဌ ဦးအုန်းက သုံးသပ်သည်။
“အပူချိန်နဲ့ ခရမ်းလွန်ရောင်ခြည်များတယ်ဆိုတာ သစ်တောပြုန်းတီးတာတွေနဲ့လည်း ဆိုင်တယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေမြင့်နေတာက အာရှတိုက်တောင်ပိုင်း တခုထဲပဲ။ ကမ္ဘာ့သစ်တော အပြုန်းတီးဆုံး ထိပ်ဆုံး ၄ နိုင်ငံမှာ အာရှတိုက်တောင်ပိုင်းက ၃ နိုင်ငံပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံကတော့ ၄ နိုင်ငံမြောက်ပေါ့”ဟု ဦးထွန်းလွင်က ဆိုသည်။
သစ်တောပြုန်းခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်းများအပြင် ရုပ်ကြွင်းလောင်စာများအား မီးရှို့ခြင်းကြောင့် အိုဇုန်းလွှာမှာ ပေါက်ပြဲကာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာပြီး ၎င်းတို့က လူသားများထံသို့ တိုက်ရိုက်ထိတွေ့လာကြောင်းသိရသည်။
“အရှေ့တောင်အာရှနိုင်ငံတွေက ပတ်ဝန်းကျင်နိုင်ငံတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ မြန်မာနိုင်ငံနားက တရုတ် နိုင်ငံ ဆိုတာကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်တဲ့နေရာမှာ နံပါတ် ၁ ဖြစ်သွားပြီ။ ဒုတိယဖြစ်တဲ့ အိန္ဒိယကလည်း ထုတ်တယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ ဘေးနိုင်ငံတွေက ဒီလိုတွေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထုတ်နေတာဆိုတော့ မြန်မာ နိုင်ငံက ဒီလိုပြသနာတွေ ခံစားနေရတာလည်း ပါတယ်”ဟု ဦးထွန်းလွင်က ဆက်လက်ပြောသည်။
ခရမ်းလွန်ရောင်ခြည်များခြင်းသည် အိုဇုန်းလွှာပေါက်ခြင်းကြောင့်ဖြစ်ပြီး အိုဇုန်းလွှာပေါက်ခြင်းသည် ဓါတ်ငွေ့ထုတ်လွှတ်မှု များခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ရုပ်ကြွင်းလောင်စာများအား မီးရှို့ခြင်း (ဥပမာ- ကျောက်မီးသွေးသုံးခြင်း၊ ဒီဇယ်၊ ဓါတ်ဆီသုံးပြီး လျှပ်စစ်ဓါတ်ထုတ်ခြင်း) များအား လျှော့ချခြင်း၊ အရိပ်ရ သစ်ပင်ကြီးများ ပြန်လည်စိုက်ပျိုးခြင်းများကြောင့် အိုဇုန်းလွှာပေါက်ခြင်းကို ရေရှည်တွင် သက်သာသွားစေနိုင်သော်လည်း ထိုသို့ နှစ်ပေါင်းများစွာ လုပ်နိုင်မှသာ အကျိုးရှိမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းလုပ်ကိုင်နေကြသူများက ပြောသည်။
သစ်တောပြုန်းခြင်းများ၊ လူဦးရေတိုးပွားမှုများ၊ စွမ်းအင်ထုတ်လုပ်မှုများကြောင့် အိုဇုန်းလွှာပေါက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် များခြင်း၊ အပူရှိန်မြင့်ခြင်းများဖြစ်ကာ ထိုသို့ဖြစ်စေသည့် နောက်ဆုံးတွေ့ရှိရသည့် အဓိက တရားခံသည် အစိုးရက တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်တွင်းအသားတင်ကုန်ထုန်လုပ်မှု (GDP)အား တိုးအောင်ပြုလုပ်သည့် လုပ်ငန်းစဉ် များကြောင့် ဖြစ်သည်ဟု ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရသည်။