ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုနှင့် မြေပြိုမှုကြောင့် ကျိုင်းတုံ- မိုင်းလား ကားလမ်း ပျက်စီးသွားပြီး ကားသွားလာခွင့် ယာယီ ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၂၈ နေ့ မနက် ၁၀ နာရီဝန်းကျင်က ကျိုင်းတုံ-မိုင်းလား ကားလမ်း တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုနှင့် မြစ်ချောင်းရေ တိုက်စားမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး ကားလမ်းပေါ် သွားလာနေသည့် ကားတချို့ပါ မြေပြိုမှုကျမှုတွင် ပါဝင်သွားကြောင်း၊ လူထိခိုက် သေဆုံးမှု မရှိသော်လည်း ကားလမ်း ယာယီပိတ်ထားလိုက်ရပြီး သက်ဆိုင်ရာ အာဏာပိုင် များက ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မိုးတွေဆက်တိုက်ရွာတော့ မြစ်ချောင်းရေတွေတိုက်စားပြီး မြေပြိုတယ်။ မြေပြိုတော့ ကားလမ်းပိုင်းတွေပါ ပြိုကျ ပျက်စီးကုန်တယ်။ လမ်းပေါ်မှာ မောင်းနေတဲ့ ကားတစီးတောင် မြေပြိုကျတဲ့ အထဲပါသွားတယ်။ အခုတော့ သက်ဆိုင်ရာက လမ်းကို ပြန်ပြင်နေပြီ”ဟု ကျိုင်းတုံ ဒေသခံတဦးဖြစ်သူ စိုင်းရီတစ်က ပြောသည်။
မြေပြိုမှုကြောင့် ပိတ်ပင်ထားရသော ကျိုင်းတုံ-မိုင်းလား ကားလမ်းသည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အသုံးပြု နေသည့် လမ်းကြောင်းဖြစ်ပြီး နေ့စဉ်အမျှ ကားအစီးရေ ရာပေါင်းများစွာ သွားလာ နေသည့် လမ်းကြောင်း ဖြစ်ကြောင်း၊ လမ်းယာယီပိတ်ထားရသဖြင့် ကုန်သွယ်ရေး ယာယီ ရပ်ဆိုင်းသွားပြီး ယင်းသို့ ကားလမ်း မြေပြိုမှု ဖြစ်ပွားမှုမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီလမ်းက စီးပွားရေးနဲ့ ကုန်သွယ်ရေး အတွက် အဓိက သွားလာနေတဲ့ လမ်းကြောင်းပါ။ ဒီလိုမြေပြိုမှုက တခါမှမဖြစ်ဖူးဘူး။ ဒါပထမဆုံး အကြိမ်လို့ ပြောလို့ရတယ်။ တာလေ ငလျင်လှုပ်တုန်းကလို့ မြေ ကျွံနှစ်ခြမ်း ကွဲသွားလောက်ပဲ ဖြစ်ခဲ့တာ။ ကားလမ်းတွေ သွားလာမရတဲ့အထိ မြေပြိုတာမျိုးက ဒါပထမဆုံးအကြိမ်ပဲ” ဟု ကျိုင်းတုံမြို့ခံ တဦးဖြစ်သူ ဦးစိုင်းဆိုင်က ဧရာဝတီသို့ပြောသည်။
အလားတူ ရှမ်းပြည်နယ်အတွင်းရှိ ထိုင်း – မြန်မာ နယ်စပ် ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းတွင် သြဂုတ် ၁၁ ရက်နေ့မှ စတင်ပြီး ရေကြီးရေလျှံ မှုများဖြစ်ပွားသဖြင့် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့နယ်များရှိ နေအိမ်များနှင့် လယ်ယာ မြေများ ရေလွှမ်းခံနေရကြောင်း၊ ကျိုင်းတုံ- တာချီလိတ် ကားလမ်းများ ပိတ်ထားရပြီး ကျိုင်းတုံမြို့နယ်ရှိ ရေလွှမ်းမိုးမှုခံခဲ့ရသည့် နေရာများတွင် ရေများ ကျဆင်းမှုမရှိသေးဘဲ ကူညီထောက်ပံ့မှုမရရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ရေလွှမ်းမိုးမှုကြောင့် ကျိုင်းတုံမြို့နယ်တွင် လယ်ဧက ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ နမ့်ပေါ့ချောင်း၊ လားရှိုးမြို့နယ်အတွင်းရှိ နမ့်ယော်ချောင်း၊ သိန်းနီမြို့နယ် နှင့် သီပေါ မြို့နယ်အတွင်းရှိ နမ့်တူမြစ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတဝန်း မိုးသည်းထန်မှုနှင့် မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် ရေကြီးရေလျှံများ ဖြစ်ပွားလျက်ရှိရာ ကရင်ပြည်နယ် တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး နှင့် မြဝတီမြို့ များတွင် ရေးဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရပြီး ရေဘေးသင့် ပြည်သူ ၇၀၀၀ ကျော်ကို စောင့်ရှောက် အကူအညီ ပေးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရှိရသည်။