မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းဟာ အာရှ ၂၀၁၄ အမျိုးသမီး ဖလား ဝင်ခွင့်ရဖို့အတွက် ပါလက်စတိုင်း ဒေသသို့ ရောက်ရှိနေပြီး အိန္ဒိယ၊ ထိုင်ဝမ်နဲ့ အိမ်ရှင် ပါလက်စတိုင်း အသင်းတို့နဲ့ အုပ်စု (ဒီ) မှာ ပါဝင်နေပါတယ်။
မြန်မာအမျိုးသမီး အသင်းဟာ မေလ ၂၁ ရက်နေ့ ညနေပိုင်းက အိန္ဒိယအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိကာ ခြေစစ်ပွဲအောင်ဖို့ ထိုင်ဝမ်အသင်းနဲ့ အတူ ရေပန်းစားနေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အန္ဒိယနဲ့ ပွဲစဉ်မှာ ပထမပိုင်းမှာတင် ၂ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းမှာ နော်အာလိုဝါးဖောက ပထမစ၍ ၆ မိနစ်အကြာမှာပဲ အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ ခင်မိုးဝေက မြန်မာအသင်းအတွက် ဒုတိယ အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မြန်မာအသင်းက ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိကာ အဖွင့်လှသွားခဲ့ပါတယ်။ ဖိုင်ဆယ် အယ်လ် ဟူစနီကွင်းမှာ မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သလို တဖက်မှာလည်း ထိုင်ဝမ်အသင်းနဲ့ ပါလက်စတိုင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထိုင်ဝမ်အသင်းက ပါလက်စတိုင်း အသင်းကို ၆ ဂိုး ပြတ်နဲ့ အနိုင်ရရှိကာ အုပ်စုဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
မြန်မာ အမျိုးသမီးအသင်းဟာ မေလ ၂၃ ရက်နေ့မှာ ပါလက်စတိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နောက်ဆုံး ပွဲစဉ်မှာတော့ ပြိုင်ဖက် ထိုင်ဝမ်အသင်းနဲ့ ခြေစစ်ပွဲအောင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။
ယခုယှဉ်ပြိုင်နေတဲ့ အာရှအမျိုးသမီး ခြေစစ်ပွဲဟာအုပ်စု (၄) ခုခွဲကာ ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး အုပ်စု (၁) ခုစီမှ တသင်းသာ ဖိုင်နယ်ပွဲစဉ်ကြီးမှာ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ သြစတေးလျ၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က တိုက်ရိုက် ခြေစစ်ပွဲအောင်ပြီး ဖိုင်နယ် အကျော့မှာ စောင့်နေတာဖြစ်ပါတယ်။ လက်ရှိချန်ပီယံကတော့ သြစတေးလျ အသင်းဖြစ်ပြီး အမျိုးသမီးပွဲစဉ်တွေမှာ ခြေစွာတတ်တဲ့ မြောက်ကိုရီးယား အသင်းကတော့ ပြီးခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲစဉ်မှာ ကစားသမား ၂ ယောက် တားမြစ်ဆေးသုံးတာ တွေ့ရှိရတာကြောင့် ပါဝင်ခွင့်မရရှိဘဲ ပွဲပယ်ခံထားရပါတယ်။
လက်ရှိအခြေအနေမှာ မြန်မာအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအောင်ဖို့ အခြေအနေ ကောင်းနေပြီး မြန်မာဘောလုံး ပရိသတ်ကြီးရဲ့ အားပေးမှုကိုလည်း လိုအပ်နေပါတယ်။ အကယ်၍သာ ပါလက်စတိုင်းနဲ့ ထိုင်ဝမ် အသင်းတို့ကိုသာ အနိုင်ရရှိခဲ့ပါက အာရှအဆင့်အထိ တက်ရောက်ပြီး မြန်မာအမျိုးသမီးတို့ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြသနိုင်တော့မှာပါ။
ပွဲချိန်
မြန်မာ – ပါလက်စတိုင်း (မေလ ၂၃ ရက်နေ့)
မြန်မာ – ထိုင်ဝမ် (မေလ ၂၅ ရက်နေ့)
ကိုးကား – AFC