မြန်မာနိုင်ငံ အရပ်ရပ်ရှိ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှုများကို လာမည့် အောက်တိုဘာ ၇ ရက်နေ့မှ စတင်လုပ်ဆောင်၍ သမ္မတနှင့် အစိုးရ အဖွဲ့သို့လည်း တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြောကြားလိုက်သည်။
အဆိုပါ အဖွဲ့၏ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော် ကျန်ရှိနေသည်ဟု သိရပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကမူ လက်ရှိ ၃၁၁ ဦး ကျန်ရှိသည်ဟု အတည်ပြု၍ ကျန်ရှိ စာရင်းကို ဆက်လက် အတည်ပြုနေဆဲ ဖြစ်ကြောင်း သိရသည်။
ရန်ကုန် အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ အစီအစဉ်အရ လက်ရှိ အကျဉ်းချခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များကို အားပေးခြင်း၊ ကူညီခြင်းများဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများကို စတင်ကြမည်ဟု ဆိုသည်။
ယခင်က အကျဉ်းသားများ လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်သည့်အတွက် အစိုးရကို ကျေးဇူးတင် ကြောင်း၊ သို့သော် ယခင် စစ်အစိုးရများက နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခဲ့သူ နိုင်ငံရေး အကျဉ်းသားများ ကိုလည်း ဆက်လက် လွှတ်ပေးစေလိုကြောင်း အဆိုပါအဖွဲ့ဝင် ဦးဗမျိုးသိန်းက ဧရာဝတီကို ပြောသည်။
“အခု ကျန်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော်ထဲမှာ ဖောက်ခွဲရေး ပုဒ်မ၊ ရာဇဝတ် ပုဒ်မတွေနဲ့ အဖမ်းခံထားရတာ က ၁၀၀ အောက်တော့ ရှိတယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အဲဒီလို အသွင်သဏ္ဍန် အမျိုးမျိုးနဲ့ လှုပ်ရှားကြတယ်၊ ထောင်ကျ ကြတယ်။ နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုး တပ်ခံ ထားရတာတွေ ဖြစ်တယ်” ဟု သူက ဆိုသည်။
မြန်မာအစိုးရအနေဖြင့် အကျဉ်းသားများကို စိစစ်ပြီး လွှတ်ပေးလျှက် ရှိသော်လည်း ရာဇဝတ်မှုနှင့် ကျခံနေရသူများ၊ ဖောက်ခွဲရေး သမားများ၊ အကြမ်းဖက် သမားများကို ပြန်လွှတ်ပေးရန် မရှိကြောင်း သမ္မတ ဦးသိန်းစိန်က BBC Hard talk အစီအစဉ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အများစုမှာ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ တခြား ရာဇဝတ် ပုဒ်များဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ တာဝန် ဝတ္တရား နှောက်ယှက်မှု၊ တရားမဝင် ထီ လောင်းကစားမှု စသည့် ပုဒ်မများတပ်ကာ ဖမ်းဆီးခံရမှုများ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များက ဆိုသည်။
AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ၎င်းတို့စာရင်းအရ ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသား ၃၁၁ ဦးအနက် လတ်တလော ကချင်ပြည်နယ်တွင် ဖမ်းဆီးထိမ်းသိမ်းထားသူ ၅၀ ရှိကြောင်း၊ ယင်းတို့ကို မူလက မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ရာဇဝတ် ပုဒ်မပြောင်းကာ ဆက်လက် ထိမ်းသိမ်းထားခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ဦးမြင့်အေးတို့လို၊ ကိုလက်ျာထွန်းတို့လို သူတို့တွေဟာ ဆိုရင် ဖောက်ခွဲရေးနဲ့ ဖမ်းဆီးခံထားရတယ်။ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်မှုလည်း ပါတယ်။ အဲဒီလို လူမျိုးတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အစိုးရ ကြေညာချက်ထဲမှာ ၁၂၉ ဦးရှိတယ်လို့ ပြောထားတယ်။ သို့ပေမယ့် ဒီလူတွေကို ဘယ်လို မေးမြန်းစစ်ဆေးပြီး အတည်ပြုခဲ့သလဲ ဆိုတာ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။
AAPP အနေဖြင့် ရာဇဝတ် အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ စစ်အစိုးရ အဆက်ဆက်က မတရား ညှဉ်းပမ်းနှိပ်စက်ပြီး အမှုဆင် ထားသည့် စာရွက်များပေါ် လက်မှတ်ထိုး ရယူထားသည့် ဖြောင့်ချက်များဖြင့် နိုင်ငံရေး ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးတိတ်နိုင်က ဆက်ပြောသည်။
အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ သင်္ကန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လာမည့် ပဉ္စမ အကြိမ်မြောက် လွှတ်တော်တွင် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ၊ တခြား နှစ်ရှည် အကျဉ်းကျခံနေရသည့် သူများကိစ္စကို တနည်းနည်းဖြင့် ဆက်လက်တင်ပြသွားရန် ရှိကြောင်း သိရသည်။
“ကျနော့်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရ ပြီးခဲ့တဲ့ အစိုးရဟောင်း လက်ထက်မှာ အကျဉ်းကျခံရတဲ့ လူတွေဟာ တရား ဥပဒေရဲ့ အကာအကွယ်ကို ပြည့်ပြည့်၀၀ မရခဲ့တဲ့ အမှုတွေ၊ မရခဲ့ရုံတင်မကဘူး၊ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ပြစ်ဒဏ် ချခဲ့တာတွေ ရှိတယ်။ နောက်ပြီးတော့ ဥပဒေအရ ဆုံးဖြတ်တယ် ဆိုရင်တောင် အင်မတန် ပြင်းထန် လွန်းတာတွေ ရှိတယ်” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။
ဦးသိန်းညွှန့်သည် ပြည်သူ့လွှတ်တော်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် တဦးလည်းဖြစ်သည်။
ယခင် စစ်အစိုးရက နိုင်ငံရေးအရ ရည်ရွယ်ချက်ဖြင့် သော်လည်းကောင်း၊ တခြားသော အကြောင်း အမျိုးမျိုးကြောင့် သော်လည်းကောင်း ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုး တပ်ကာ ပြစ်ဒဏ်ကို သီးခြားစီ ချမှတ်သည့်အတွက် လူ့သက်တမ်းထက် ပိုလွန်သော ပြစ်ဒဏ်စီရင် ခံရမှုများဖြင့် တချို့မှာ ယခုထိတိုင် အကျဉ်းထောင်များတွင် ရှိနေကြသေးကြောင်း သူက ရှင်းပြသည်။
သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိခိုက်တွင် မြန်မာမိသားစုများက အကျဉ်းကျ ခံနေရသည့် ကိုလက်ျာထွန်းနှင့် နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ရာ အမြန်ဆုံး စိစစ်ပြီး ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
မကြာခင် ရက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး အကျဉ်းထောင်များမှ ပြန်လည် လွတ်မြောက်လာရန် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီး ဌာနတို့နှင့် နီးစပ်သည့် အသိုင်းအဝန်းတွင် သတင်း ထွက်ပေါ်နေသည်။