ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာပြည်သို့ ခေတ္တရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကိုမြို့ အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဖိလစ်မောင်က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပသော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နဲ့တော့ မူအားဖြင့် သဘောတူထားပြီးပြီ။ ဒါပေမယ့် အစိုးရအဖွဲ့အစည်းတွေ ကြားမှာ ဗျူရိုကရက် ဆန်တာတွေက ရှိနေတုန်းပဲဖြစ်နေတယ်။ ဆုံးဖြတ်ချက်မှားမှာ ကြောက်နေတာလားတော့ မသိဘူး” ဟု ၎င်းက အထက်ပါ ဟောပြောပွဲ အပြီးတွင် ဧရာဝတီသို့ ပြောသည်။
ညီအစ်မမြို့တော် အဖြစ် ပူးပေါင်းနိုင်ရေး စီမံကိန်းတွင် ရန်ကုန်မြို့နှင့် ဆန်ဖရန်စစ္စကို မြို့ရှိ ရှေးဟောင်း အဆောက် အအုံများသည် တည်ဆောက်ပုံခြင်း နီးစပ်သောကြောင့် ယင်းတို့ကို ထိန်းသိမ်းသွားနိုင်ရန်၊ ရန်ကုန်ရှိ ကားလမ်း ပိတ်ဆို့မှု များကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ မြောင်းပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ ငလျင်ဒဏ်ခံ အဆောက်အဦး တည်ဆောက်နိုင်ရန်၊ ကျန်းမာရေးနှင့် ပညာရေး ဗဟုသုတပေးနိုင်ရန် စသည့် အစီအစဉ်များ ပါဝင် ရေးဆွဲထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဈေးသည်များအား နေရာအတည်တကျ ချထားပေးခြင်း မရှိသည့်အတွက် လမ်းများပေါ်တွင် ရောင်းချသည်ကို တွေ့နေရကြောင်း၊ မော်တော်ယာဉ်များ များပြားလာသော်လည်း လမ်းစနစ်များ သေချာစွာ ရေးဆွဲထားခြင်း မရှိသည့် အတွက် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ မြောင်းပိတ်ဆို့မှုများကိုလည်း တွေ့နေရကြောင်း၊ ငလျင်ဒဏ်ခံ အဆောက်အဦး များလည်း မရှိသည့်အတွက် အကြောင်းအရင်း ရှိလာပါက အချိန်မရွေး ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဗဟုသုတများလည်း နည်းပါးနေကြောင်း ဦးဖိလစ်မောင်က သုံးသပ်သည်။
“Sister City လုပ်မယ်ဆိုရင် ဆန်ဖရန်စ္စကိုမြို့ တမြို့လုံးကို တည်ဆောက်ခဲ့တဲ့ ပညာရှင်တွေလည်း ပါဝင်ဆောင်ရွက်မှာပါ၊ ယဉ်ကျေးမှု ဆိုင်ရာတွေလည်း ဖလှယ်နိုင်မယ်” ဟု သူက ဆိုသည်။
ရန်ကုန်နှင့် ဆန်ဖရန်စစ္စကိုမြို့ကို ညီအစ်မ မြို့တော်အဖြစ် အကောင်အထည် ဖော်နိုင်ရန် ဒီဇင်ဘာ ပထမပတ် အတွင်း ဆန်ဖရန်စစ္စကို မြို့တော်ဝန်၏ဇနီးနှင့် မြို့တော် တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် အတတ်ပညာရှင်များ၊ အမေရိကန် အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း၏ တာဝန်ရှိသူတို့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တခြား အစိုးရ အဖွဲ့အစည်းများသို့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို လာမည့် ၆ လ အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖွယ် ရှိပြီး စီမံကိန်း စတင်ပါက ဆန်ဖရန်စစ္စကိုမြို့တော်ဝန်က ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ကြောင်းလည်း ဦးဖိလစ်မောင်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်းမရှိပေ။
ဆန်ဖရန်စစ္စကိုမြို့သည် အီတလီ၊ အိန္ဒိယ၊ စပိန်၊ ဗီယက်နမ်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ ဂရိနှင့် ဆွစ်ဇာလန် နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မြို့ ၂၁ မြို့နှင့် ညီအစ်မ မြို့တော်အဖြစ် ဆက်သွယ်ထားပြီး ဖြစ်ကြောင်း သိရသည်။