လေညင်းက သစ်သားကြမ်းခင်းကြမ်းပြင် အပြင်ဖက်က ကန်ရေပြင်ကို လှိုင်းဂယက်ငယ်လေးတွေ ထသွားစေသည်။ သစ်ပင်တွေနှင့် အနားသတ်ထားသည့် ရေစပ်မှာ ထီးကလေးတွေ နှင့်ကွယ်ထားကြသည့် စုံတွဲတွေရှိသည်။ ကန်စပ်မှာ အေးအေးလူလူ လမ်း လျှောက်နေကြသည့် မိသားစုတွေက သစ်ပင်တွေအောက်မှာ ဓါတ်ပုံရိုက်နေကြသည်။
ကန်တော်ကြီးသည် ရန်ကုန်မှာ ခဏတာ အချိန်ဖြုန်းဖို့ကောင်းသည့် နေရာတွေထဲက တခုဖြစ်သည်။ Nervin’s Café and Bistro ကော်ဖီဆိုင်က ရေပြင်၏ အထက် ဆယ်ပေအထက်မှာ ရှိပြီး သစ်သားတိုင်တွေနှင့် ပင်စည်ဖြတ်ပိုင်းတွေ ပေါင်းစပ်၍ တန်ဆာဆင် ထားသည်။ ငွေကြေးတတ်နိုင်ပုံရသည့် မြန်မာများနှင့် Laptop စွဲနေသည့် အနောက်တိုင်းသားများက ကော်ဖီ အမျိုးမျိုးနှင့် ဖျော်ရည်တွေကို တငုံချင်း သောက်နေကြ၏။
ဒီမှာက မြင်နေကျ မြို့လယ်ကော်ဖီဆိုင်တွေနှင့် စာလျှင် ပို၍ အေးဆေးသည်။ ရန်ကုန်၏ လက်တဆုပ်စာနေရာများထဲတွင် ခရင်မ်ပါသည့် ကော်ဖီတခွက်ကို ရနိုင်သည့် နေရာလည်းဖြစ်သည်။ ၂၀၁၀ ခုနှစ် ကန်တော်ကြီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့စဉ်က လူ ၂၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ကို အမှတ်တရအနေဖြင့် စားပွဲပေါ်မှာခင်းသည့် အဝတ်စတွင် “ကော်ဖီစေ့က ဗုံးထက် ပို၍ စွမ်းအားကြီးသည်” ဟု ရေးထား၏။
မြန်မာစီးပွားရေး လုပ်ငန်းရှင်တယောက်ဖြစ်သူ ကိုချမ်းငြိမ်းဟော့က ဒီနေရာသည် အားလပ်ရပ်တွင် သူငယ်ချင်းများနှင့် တွေ့ ဆုံဖို့ ကောင်းသည့်နေရာဖြစ်သည်ဟု ဆိုသည်။ “ကျနော်တို့ ဒီမှာလာပြီး အပန်းဖြေကြတယ်၊ နောက်ပြီး ကော်ဖီကလည်း ကောင်းတယ်လေ” ဟု ဆိုင်၏ အစွန်ဖက်တွင် ထိုင်နေသည့် သူငယ်ချင်းငါးယောက်ကို ညွှန်ပြရင်းပြောသည်။
ကော်ဖီသည် တိုးထွက်လာခါစ မြန်မာ့စီးပွားရေးဈေးကွက်တွင် ဆွဲဆောင်မှု အားကောင်းသည့် လမ်းကြောင်းတခု ဖြစ်လာသည်။ ကမ္ဘာမှာ အကြီးဆုံးကော်ဖီဆိုင်လုပ်ငန်းကြီး ဖြစ်သည့် Starbucks ကလည်း ဝင်လာဖို့ခြေလှမ်းပြင်နေသည်။ Starbucks ၏ အမှုဆောင်အရာရှိချုပ် Howard Schultz က မြန်မာနိုင်ငံတွင်ဆိုင်ဖွင့်ရန် မျှော်လင့်ကြောင်း၊ လာမည့်နှစ် အနည်းငယ်အတွင်းတွင် ဖြစ်လာနိုင်ကြောင်း ဘန်ကောက်မြို့တွင် မေလ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။ လတ် တလောတွင် အိန္ဒိယနှင့် ဗီယက်နမ်တွင် Starbucks ဆိုင်ခွဲများ ဖွင့်လှစ်နေပြီဖြစ်သည်။
“ကော်ဖီက မြန်မာနိုင်ငံမှာ ခေတ်စားလာနေပါတယ်” ဟု ရန်ကုန်၏ အထင်ကရ ဟိုတယ်ကြီးများ အနီး စည်ကားသည့် လမ်းဘေးတနေရာတွင် ဖွင့်လှစ်ထားသော Santino Cafe’ ၏ မန်နေဂျာ ကိုမြင့်လင်းအောင် က ပြောသည်။
“လာမယ့် နှစ်တွေမှာပိုပြီး ရေပန်းစားလာဦးမယ်လို့လည်း ထင်ပါတယ်” ဟု သူကထပ်ပြောသည်။ လာမည့်နှစ်တွင် ရန်ကုန် မြို့လည်၌ နောက်ထပ်ကော်ဖီဆိုင် တဆိုင်ထပ်ဖွင့်နိုင်မည်ဟုလည်း အကောင်းဖက်မှ သူက ရှုမြင်သည်။
အချိန်အနည်းငယ် ယူကောင်း ယူရပါဦးမည်ဖြစ်သော်လည်း “ကော်ဖီယဉ်ကျေးမှု” က စစ်အာဏာရှင်ချုပ်ကိုင်မှု နှင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှ လွတ်မြောက်လာသည့် စီးပွားရေးနှင့်အတူ မြန်မာနိုင်ငံမှာ နေရာယူစပြုလာပြီဖြစ်သည်။
Starbucks ထက် အရင်ရောက်လာသူမှာ ကနေဒါနိုင်ငံသား Emmanuel Jaquet ဖြစ်သည်။ ယခုအခါ ရန်ကုန်တွင်နေထိုင် သော Jaquet သည် သြစတြေးလျတွင် ၁၄ နှစ်ကြာနေခဲ့ဖူးပြီး ကော်ဖီဝါသနာအိုးတဦး အဖြစ် အများကိုကြေညာထားသူ လည်း ဖြစ်သည်။
“ဆစ်ဒနီ ကိုပြန်သွားတဲ့အခါ ကျနော်က Starbuck နဲ့ တခြားနေရာတွေကိုကျော်ပြီး ကော်ဖီကောင်းတယ်လို့ ကျနော် သိတဲ့ တနေရာကို သွားနေတဲ့ လူတယောက်ဖြစ်နေတယ်” ဟု သူကဆိုသည်။
သူ၏ Coffee Club သက်တမ်းက ရက်သတ္တသုံးပတ်သာ ရှိသေးသည်။ လျှပ်စစ် ပစ္စည်းဆိုင်တဆိုင်၏ အပေါ်ထပ်မှာ ဖွင့်လှစ်ထားသော ဆိုင်လေးသည် ရန်ကုန်မြို့လယ်က ဆူးလေစေတီ နှင့် တမိုင်အကွာလောက်တွင်ရှိပြီး တိုးတက်စပြု နေပြီဖြစ်သည်။ “လမ်းထက် ပိုပြီးမြင့်နေတာ သိပ်ကောင်းတဲ့ စိတ်ကူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အပြင် ဖက်မှာ တခုခု လုပ်ပါမယ်။ မိုးရာသီ လွန်သွားတဲ့အခါ လေသာဆောင်က အဆင်သင့် ဖြစ်နေမယ် လို့တော့ မျှော်လင့်မိ ပါတယ်” ဟုပြောပြသည်။
“နေ့လည်စာ စားချိန်ဆိုရင် ဒီမှာ လူတွေပြည့်ကြပ်နေတာပဲ။ ဒီနားတဝိုက်မှာက ရုံးတွေနဲ့ သံရုံးတွေလဲ ရှိတယ်လေ၊ အနောက်တိုင်းသားတွေရော၊ ပိုက်ဆံရှိတဲ့မြန်မာတွေ၊ နိုင်ငံခြားမှာ နေဖူးတဲ့မြန်မာတွေ လာကြတယ်။ နောက်ပြီး သူတို့က ဒီရောက်တာနဲ့ အင်တာနက်သုံးကြတော့တာပဲ” ဟု သူကဆက်ပြောသည်။
“စနေ၊ တနင်္ဂနွေ နေ့တွေဆိုရင်တော့ အလုပ်များတယ်။ လူတွေက ဝင်လာကြတယ်။ ကော်ဖီနဲ့ အသားညှပ်ပေါင်မုန့် စား ပြီးတော့ ခပ်မြန်မြန် ပြန်ထွက်သွားတတ်ကြတယ်” ဟု Jaquet ကရှင်းပြသည်။
အမြဲပိတ်ထားသော သမိုင်းဝင် တော်လှန်ရေးပန်းခြံအနီးရှိ Coffee Circles သည် ရန်ကုန်မှ လူသိများသည့် ကော်ဖီဆိုင်တွေထဲက တခုဖြစ်သည်။ အရှေ့ဖက်မှာ မှန်တွေ အပြည့်ကာထားသည့် ဆိုင်သည် Savoy Hotel နှင့် ခဲတပစ် အကွာခန့်မှာ ရှိနေသည်။ ထိုဆိုင်တွင် အနောက်တိုင်းဝတ်စုံ ပြည့်ဝတ်ထားသည့် နိုင်ငံခြားသားများ အချင်းချင်း စီးပွားရေးအလားအလာများအကြောင်း သို့မဟုတ် NGO လုပ်ငန်းအခွင့်အလမ်းတွေအကြောင်း ပြောဆို ဆွေးနွေးနေကြသည်များနှင့် ငွေသုံးစွဲနိုင်သော မြန်မာများကို မြင်ရမည်ဖြစ်သည်။
ဧည့်သည်များ အနေဖြင့်မူ သွားလာစရာကော်ဖီဆိုင် ရှားပါးသည်ကို မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ် ကြည့်နိုင်သည်။ ကွဲပြားခြားနားမှုကို ရန်ကုန်သို့ ပထမဆုံးရောက်လာသည့် ထိုင်းအမျိုးသမီး Ming Patananut က ပြောပြသည်။
“ကျမ ဘန်ကောက်မှာဆို Starbucks ကို သွားတယ်၊ Coffee World ကို သွားတယ်။ ဒါပေမယ့် ဒီက ကော်ဖီလည်း ကောင်းပါတယ်” ဟု Coffee Circles တွင် နေ့လည်စာ ကော်ဖီကို သောက်ရင်း ပြောသည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးသည် အမေရိကန်ဒေါ်လာ ၆၄၆ ဘီလီယံရှိပြီး ကမ္ဘာတွင် အမှတ်စဉ် ၂၅ ၌ရှိသည်။ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP) မှာ လူတဦးချင်းလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖြစ်သည်။ မြန်မာနိုင်ငံ၏ GDP မှာ ၉၀ ဘီလီယံသာရှိပြီး ပျမ်းမျှ တဦးချင်းတနှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၄၀၀ သာရှိသည်။ မြန်မာနိုင်ငံ၏ ဝင်ငွေကို ၎င်းမှီခိုအားထားနေရသော သဘာဝသယံဇာတများ ရောင်းချရခြင်းဖြင့် ခန့်မှန်းတွက်ချက်ထား ခြင်းဖြစ်ပြီး ယင်းဝင်ငွေ၏ အကျိုးအမြတ်များကို စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေရသည့် ပြည်သူ သန်းပေါင်းများစွာတို့ ခံစားရခြင်းလည်း မရှိပေ။ ထို့ကြောင့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံသားများလောက် ကော်ဖီအတွက် ငွေကြေးသုံးစွဲ ခြင်းမပြုနိုင်ဟု ဆိုနိုင်ပါသည်။
သို့သော်လည်း ထိုအချက်သည် အချိန်နှင့်အမျှ အပြောင်းအလဲတွေ ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် မူဝါဒ ပွင့်လင်းမှုတွေ ဆက်လက်တည်ရှိနေပြီး မြန်မာတို့၏ လူနေမှု အဆင့်အတန်း မြင့်မားလာလျှင် ပြောင်းလဲသွားနိုင်သည်။ စာရင်းစာရွက် တွေ တပုံတပင်ရှိနေသည့် စားပွဲမှာ ထိုင်နေသော Santino Café မှ ကိုမြင့်လင်းအောင်က သူ၏ ဆိုင်သို့လာရောက် သူများ၏ ၇၅ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများ ဖြစ်သော်လည်း မကြာတော့သောအချိန်တွင် အခြားပုံစံဖြစ်သွားနိုင် ကြောင်းပြောသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် သူ၏လုပ်ငန်းတိုးတက်လာစေရန် အထောက်အကူဖြစ်စေသည်ဟု သူက ဆိုသည်။ “၂၀၁၀ လောက်ကစပြီး နိုင်ငံခြားသားတွေပို ရောက်လာတယ်၊ ကမ္ဘာလှည့်ခရီးသည်တွေရော၊ ဒီမှာ လာအလုပ် လုပ်ကြတဲ့သူတွေရောပေါ့။ သူတို့က ကော်ဖီသောက်ဖို့၊ ဝိုင်ဖိုင်နဲ့ အင်တာနက်သုံးဖို့ လာကြတယ်၊ ပြုပြင်ပြောင်းလဲ ရေးတွေ ဆက်လုပ်သွားမယ် ဆိုရင် မြန်မာတွေလည်း ပိုရောက်လာကြမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်းပြောသည်။
နိုင်ငံခြားသားဖောက်သည်များကို ဆွဲဆောင်နိုင်ရန်အတွက် Espresso၊ Mocha ကဲ့သို့ ကော်ဖီများသာမက စားစရာများ လည်း လိုအပ်သည်ဟု ကိုမြင့်လင်းအောင်က ဆိုသည်။
“ဝိုင်ဖိုင်ကလည်း အရေးကြီးတယ်၊ တကယ်လို့ ကွန်နက်ရှင် မကောင်းဘူးဆိုရင် ဧည့်သည်က မင်းဝိုင်ဖိုင်က နှေးတယ်၊ ကွန်နက်ရှင်ကျသွားပြီ ပြောလာရော၊ တကယ်လို့ ဝိုင်ဖိုင် အလကားလွှင့်မပေးနိုင်ဘူး ဆိုရင် အရောင်းအဝယ်က မကောင်း တော့ဘူး၊ ကျနော်ကတော့ ဒီမှာ ဝိုင်ဖိုင် အကြာကြီးထိုင်သုံးနေလည်း စိတ်ထဲဘယ်လိုမှ သဘောမထားပါဘူး”
မြန်မာတွေက ကော်ဖီပြင်းပြင်း မကြိုက်ဘူး
Santino ကော်ဖီဆိုင်နှင့် ခပ်လှမ်းလှမ်းတနေရာ ဗိုလ်ချုပ်အောင်ဆန်းဈေး၏ အနောက်ဖက် ရန်ကုန်မြို့ပတ်ရထားလမ်း ကုန်းကျော်တံတား အနီးတွင် ကိုကြည်လွင် လက်ဘက်ရည်ဆိုင်ဖွင့်ခဲ့သည်မှာ ၁၇ နှစ်ရှိပြီဖြစ်သည်။ သစ်သားစားပွဲငယ်များ နှင့် ပလပ်စတစ် ခုံပုလေးများပေါ်တွင်ထိုင်ရင်း လွတ်လွတ်လပ် လက်ဘက်ရည် သောက်နိုင်ကြသည်။ ဆေးလိပ်ဖွာနိုင်ကြသည်။ သို့ မဟုတ် ဘီယာမော့ နိုင်ကြသေးသည်။
“မြန်မာတွေက ကော်ဖီပြင်းပြင်းတွေ မကြိုက်ကြဘူး” ဟု ရန်ကုန်က ဆိုင်အချို့တွင်ရောင်းချသော အာရေဘီကာ ကော်ဖီ များကို ရည်ညွှန်း၍ ကိုကြည်လွင်က ပြောသည်။ သူက ဆက်၍ “ လူတိုင်း လက်ဘက်ရည်ကြိုက်ကြတယ်လို့ ကျနော် ထင်တယ်၊ ကော်ဖီဆိုရင်တော့ အရသာပျော့တဲ့ ကော်ဖီထုပ်တွေကို ကြိုက်ကြတယ်” ဟုပြောသည်။
သူဆိုလိုသည်မှာ three in one ဟုခေါ်သည့် အိတ်သွင်းကော်ဖီထုပ်လေးများဖြစ်သည်။ ကြာရှည်ခံအောင် ပြုလုပ်ထား သည့် ကော်ဖီမှုန့်၊ နို့မှုန့် နှင့် သကြားအနည်းငယ်ကို ပလပ်စတစ် အိတ်ခွံအတွင်း ထည့်သွင်း ၍ အဆင်သင့် သောက်သုံး နိုင်ရန် ပြုလုပ်ပေးထားသည်။ ကော်ဖီအစစ်၏ အရသာနှင့် ကော်ဖီမစ်၏ အရသာက ကွာခြားသလို ဈေးနှုန်းကလည်း ကွာခြားသောကြောင့် မြန်မာအများစု တတ်နိုင်သည့် အနေအထားရှိ ကော်ဖီမစ်ကို တွင်တွင်ကျယ်ကျယ် သောက်သုံးကြသည်။
ကိုကြည်လွင်က မြန်မာများသည် ကော်ဖီကို အရသာခံပြီးမသောက်ကြဟု ယုံကြည်သော်လည်း ကနေဒါနိုင်ငံသား Jaquet ကတော့ ထိုအချက်က မသေချာဟု ဆိုသည်။
“တမနက် ကျနော် ဒီကို တက္ကဆီစီးလာတယ်။ ဆိုင်ရှေ့ရောက်တော့ ကားခပေးရင်း အထဲဝင်ပြီး ကော်ဖီသောက်ပါဦး လို့ပြောတော့ လိုက်လာပြီး Cappuccino သောက်တယ်။ သူတခါမှ ဒီလိုမျိုးကော်ဖီ မသောက်ဖူးဘူးလို့ ပြောတယ်။ ဒါပေမယ့် အရသာရှိတယ်လို့ ပြောသွားတယ်” ဟု Jaquet ကပြောသည်။
ကော်ဖီဆိုင် အသစ်တွေထဲက နောက်ဆုံးဖြစ်သည့် ဖွင့်လှစ်သည်မှာ တပတ်သာကြာသေးသည့် Bar Boon အမည်ရှိသည့် ဆိုင်သည် FMI ဈေးဝယ်စန်တာအသစ်၏ မြေညီထပ်တွင်ရှိသည်။ အမည်မပြောပြသော ဆိုင်မန်နေဂျာက သူ့ဆိုင်ကို လာ ရောက်ကြသူများ၏ ၉၀ ရာခိုင်နှုန်းသည် ဒေသခံ မြန်မာများဖြစ်သည်ဟု ဆိုသည်။
“အံသြစရာပါ၊ နောက်ပြီး အားတက်စရာလည်း ကောင်းပါတယ်” ဟု သူကပြောသည်။ ဟော်လန် အခြေစိုက် ကော်ဖီလုပ်ငန်းသည် ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဆူးလေစေတီ စသည်တို့နှင့် နီးသည့် အတွက် ထိုနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကို ကော်ဖီကို အရသာခံသောက်သည့် အလေ့အထ တိုးပွားလာသော်လည်း ကုန်ကျစားရိတ်က ပြဿနာ တခု အဖြစ်ရှိနေသေးသည်။ မြန်မာနိုင်ငံမှ ဥပဒေပြုရေးအဖွဲ့များသည် အနိမ့်ဆုံး လုပ်ခလစာဥပဒေကို အချောသပ်နေကြပြီဖြစ် သည်။ အချို့သော လွှတ်တော်ကိုယ်စားလှယ်များက အနိမ့်ဆုံး လစာသတ်မှတ်မှုသည် တလလျှင် ကျပ်ငွေ ၆၀၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၆၅ ခန့်) ရှိသင့်သည်ဟု ဆိုကြသည်။ ထိုနှုန်းထားသည် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းတခုဖြစ်သော အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားများ ရရှိနေသည့် တနေ့လျှင် ပျမ်းမျှ ၁၄၀၀ ကျပ်ထက် သာလွန်မှုရှိပါသည်။
ကိုကြည်လွင်က လဘက်ရည်တခွက်ကို ၃၀၀ ကျပ်နှင့်ရောင်းသည်။ ထို့ကြောင့် လေအေးစက်တပ်ထားသည့် ရန်ကုန်မြို့မှ ကော်ဖီဆိုင်သစ်များဆီသို့ သူ၏ ဖေါက်သည် အများအပြားပြောင်းရွှေ့သွားလိမ့်မည် မဟုတ်ဟု ခိုင်ခိုင်မာမာ ယူဆထားသည်။
ထိုသို့ ယူဆရခြင်းမှာ ဈေးနှုန်းကြောင့် တစိတ်တပိုင်းဖြစ်သလို အနေအထားကြောင့်လည်း ဖြစ်သည်ဟု ကိုကြည်လွင်က ပြောသည်။ ကော်ဖီတခွက်လျှင် တထောင်ကျပ်၊ နှစ်ထောင်ကျပ်ပေးရခြင်းသည် မြန်မာအများစု လက်လှမ်းမီသည်ထက် များသည်ဟု ဆိုနိုင်သော်လည်း ကိုကြည်လွင်က သူ၏ လေဟာပြင်လဘက်ရည်ဆိုင်လေးကို လက်ညိုးထိုးပြရင်း “အဲဒီမှာ ဈေးကြီးတာတခုထဲကြောင့် မဟုတ်ပါဘူး၊ အဲဒီဆိုင်တွေက သိပ်သီးသန့်ဆန်လွန်းတယ်၊ ကျနော့်ဆိုင်ကိုလာတဲ့ သူတွေက အဲဒီလို နေရာမျိုးတွေက သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆထားကြတယ်လေ” ဟု မှတ်ချက်ပြုလိုက်သည်။
(Simon Roughneen ၏ Faint Waft for Now from Rangoon’s Budding Coffee Culture ကို နိုင်မင်းသွင် ဘာသာပြန်သည်)