တရားမဝင် အိမ်ခြံမြေ အရောင်းအဝယ်ဖြင့် တရားရုံးတင် ဖမ်းဆီးစစ်ဆေးခံနေရသော မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr. Namase Motohikoသည် စိတ်ကျရောဂါ၊ ဆီးချို၊ သွေးချိုရောဂါခံစားနေပြီး ကျန်းမာရေး ချို့ယွင်းလာသောကြောင့် အာမခံ လျှောက်ထားသည်ကို တရားရုံးက ငြင်းပယ်လိုက်ကြောင်း သတင်းရရှိသည်။
အသက် ၅၂ နှစ်အရွယ် ဂျပန်နိုင်ငံသား Mr. Namase Motohiko နှင့် လက်ထပ်ထားသူ အသက် ၂၀ နှစ်အရွယ် မနန်းဝိုးဖန်သည် သိန်းထောင်ချီ မြေကွက်များ ဝယ်ယူထားခဲ့ကြောင်း တိုင်ကြားချက် ရရှိသည်ဟုဆိုကာ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် မနန်းဝိုးဖန်သည် ရုံးအဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးသွားခဲ့ပြီး မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ Mr. Mamase Motohiko နှင့် အိမ်ခြံမြေ ရောင်းဝယ်မှုတွင်ပါဝင်သူ မြန်မာနိုင်ငံသား ၅ ဦးစုစုပေါင်း ၆ ဦး ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ၁၉၅၀ အရေးပေါ် စီမံချက်၊ စီးပွားရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅ (ဇ) ဖြင့် လှိုင်သာယာ တရားရုံးတွင် မေလ ၁၇ ရက်နေ့မှစတင် တရားစွဲဆိုလျှက်ရှိသည်။
Mr.Namase Motohiko မှာ ကျန်းမာရေး မကောင်းသဖြင့် အင်းစိန်ထောင် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရပြီး စိတ်ကျ ဝေဒနာပါ ခံစားလာရသည့် အတွက် သက်ဆိုင်ရာ တရားရုံးတွင် အာမခံရရေး အကြိမ်ကြိမ် လျှောက်ထားသော်လည်း ငြင်းပယ် ခံနေရကြောင်း ရှေ့နေဖြစ်သူ ဒေါ်နန်းထွေးမှုန်က ဧရာဝတီသို့ ပြောသည်။
“Mr.Namase က သွေးချို၊ ဆီးချိုရောဂါတွေ ခံစားနေရပါတယ်။ ဒါ့အပြင် စိတ်ဝေဒနာ ရနေပုံပါပဲ။ ကျမတို့က အာမခံရဖို့ အကြိမ်ကြိမ် လျှောက်ပေမယ့် ငြင်းပယ်ခံရတယ်။ အမှုတွဲမှာပါတဲ့ တချို့သူတွေကတော့ အာမခံ ရသွားကြတယ်” ဟု
ဒေါ်နန်းထွေးမှုန်က ဆိုသည်။
တရားရုံးတွင် ရင်ဆိုင်နေရသော အမှုများအနက် သေဒဏ်မထိုက်သော ပြစ်မှုများနှင့်ဆက်နွှယ်သည့် ကျန်းမာရေး မကောင်းမွန်သူများ၊ အမျိုးသမီးများနှင့် နာမကျန်းသူများ အာမခံ လျှောက်ထားလာလျှင် အာမခံ ပေးနိုင်သည်ဟု ဥပဒေတွင် ပါရှိကြောင်း၊ သို့ရာတွင် Mr.Namase Motohiko မှာမူ အာမခံရရန် ငြင်းပယ်ခံနေရကြောင်း ၎င်းက ရှင်းပြသည်။
Mr.Namase Motohiko သည် ပုဒ်မ ၅ (ဇ) အပြင် ဗီဇာ စည်းကမ်း ဖောက်ဖျက်ကျူးလွန်မှု အတွက် ၁၉၄၇ ခုနှစ်၊
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁)/ ၄ (၂) အရလည်း တရားစွဲဆိုခံ ထားရပြီး ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထောင်ဒဏ် ၇ နှစ်ထက်မနည်း ချမှတ်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။
မနန်းဝိုးဖန်၏ အမှုကို လေ့လာနေသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း သက်ဆိုင်ရာက
မနန်းဝိုးဖန် သေဆုံးမှုနှင့်ပတ်သက်ပြီး စသုံးလုံးဌာနက ဌာနဆိုင်ရာ စီမံခန့်ခွဲမှု နည်းများအရ အရေးယူမည်ဟု သိရှိထားကြောင်း ပြောဆိုသည်။
“ဒီအမှုက အင်မတန်မှလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ အမှုအသွားအလာကို အမြဲတမ်း စောင့်ကြည့်နေပါတယ်။ အခုသိထားတာက စသုံးလုံးဘက် တင်ထားတဲ့ တရားလိုပြ သက်သေတွေကို စစ်နေတယ်လို့ သိရတယ်” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
မနန်းဝိုးဖန် သေဆုံးမှုနှင့်ပတ်သက်ပြီး ဦးစီးအရာရှိ ဦးသန်းအေး၊ စုံစမ်းရေးမှူး ဦးစန်းဝင်းမြင့်နှင့် ဒေါ်ခင်မော်ဦး၊ ဒုတိယစုံစမ်းရေးမှူး ဦးကျော်ကျော်မောင်နှင့် ဒေါ်ဝင်းဝင်းနိုင်တို့ကို အမှုပြီးပြတ်ချိန်တွင် ဌာနဆိုင်ရာနည်းလမ်းဖြင့်
အရေးယူမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းရေးဌာနမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇော်နှင့်
လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးလွင်တို့ ၂ ဦးကို ယင်းဌာန ညွှန်ကြားရေးမှူးချုပ်က သတိပေး ဆုံးမခဲ့သည်ဟု စုံစမ်း သိရှိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက မနန်းဝိုးဖန် သေဆုံးမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ နိုင်ငံခြားသား တဦးက မြန်မာတိုင်းရင်းသူ မိန်းကလေးကို ငွေကြေး အရှိန်အဝါနှင့် စည်းရုံး သွေးဆောင်လက်ထပ်ပြီး မိန်းကလေးကို ခုတုံးလုပ် အသုံးချ၍ မြန်မာ့မြေပေါ်တွင် တရားမဝင် နည်းလမ်းဖြင့် ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်မှုဖြစ်ကြောင်း၊ ထို့ကြောင့် အမှန် နစ်နာသူစစ်စစ်မှာ နိုင်ငံတော်ပင် ဖြစ်ကြောင်း၊ နန်းဝိုးဖန်သေဆုံးမှုမှာ တဦးတယောက်၏ ပယောဂမပါဘဲ မတော်တဆ ပြုတ်ကျမှုသာ ဖြစ်ကြောင်း ယင်းဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မနန်းဝိုးဖန်အမှု ဖြစ်ပွားခဲ့ချိန်တွင် စသုံးလုံးက သတင်းပေါက်ကြားခြင်း မရှိစေရန် အထူးလျှို့ဝှက် ဆောင်ရွက်ခဲ့သော်လည်း မီဒီယာများက သတင်း ဖော်ပြသည့်အခါမှ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူမှုများ လုပ်ဆောင်ခဲခြင်း ဖြစ်သည်ဟု သိရှိရသည်။
မနန်းဝိုးဖန်၏ ရှေ့နေဖြစ်သူ ဒေါ်အိအိအောင်က မနန်းဝိုးဖန်သည် အိပ်စက်အနားယူခွင့် မရရှိဘဲ စစ်ဆေးမှုများ ခံခဲ့ရကြောင်း၊ တနေ့လျှင် ၂ နာရီမျှသာ အပြင်ထွက်ခွင့် ပြုခြင်းသည် နိုင်ငံသားတဦးကို တရားရုံး၏ အမိန့်မပါဘဲ ၂၄ နာရီ ကျော်လွန် ထိန်းသိမ်းခြင်း မပြုရ ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အာဏာပိုင်များက လက်တလုံးခြား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့ ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို ခဲ့သည်။