သမ္မတဦးသိန်းစိန်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူထားမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်သည်ဟု ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ပြည်တွင်းပြည်ပ သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတက အထက်ပါအတိုင်း ပြောဆို၍ ၎င်းအပေါ် ဝေဖန်မှုများကို ပယ်ချလိုက်သည်။
နေပြည်တော်တွင် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမဆုံးအကြိမ် ညီလာခံတွင် သမ္မတ ဦးသိန်းစိန်ကို ဥက္ကဋ္ဌ အဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီး ယင်း ခန့်အပ်မှုနှင့် ပတ်သက်ပြီး ပြည်တွင်း နိုင်ငံရေး အသိုင်းအဝန်းအကြား ဝေဖန်မှုများပေါ် ထွက်လျှက်ရှိသည်။
သို့သော် သမ္မတက ၎င်း အနေဖြင့် ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော်လည်း ပါတီ လုပ်ငန်းများကို
လုပ်ဆောင်ခြင်း မရှိသဖြင့် ဖွဲ့စည်းပုံအခြေခံနှင့် ဆန့်ကျင်ခြင်း မရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဥက္ကဋ္ဌက ပါတီက ထွက်ရမယ်လို့ မပါပါဘူး။ သို့ုသော်လည်း သမ္မတ သက်တမ်း ကာလအတွင်း ပါတီ လုပ်ငန်းများ မလုပ်ရဆိုပြီး ဒီလို တိတိကျကျ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ကျနော်က ဥက္ကဋ္ဌ ဆိုသော်လည်းပဲ
ကျနော့်ရဲ့ လုပ်ငန်းတွေ လုပ်လို့မရပါဘူး။ ကျနော့်ရဲ့ လုပ်ငန်းတွေက ဟိုမှာ ရှိနေလည်း ကျန်တဲ့လူတွေက လွှဲပြောင်းပြီး လုပ်ရမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က သတင်းထောက်များကို ရှင်းပြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် တာဝန် ထမ်းဆောင်နေသည့် ကာလအတွင်း ပါတီနိုင်ငံရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရဟူ၍ ပြဋ္ဌာန်းထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူများက သမ္မတ ဦးသိန်းစိန် ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေမှုကို ဥပဒေအရ စိစစ်မှုများ ပြုလုပ်သွားရန်ရှိကြောင်း သတင်း မီဒီယာများသို့ တရားဝင် ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။
NLD ၏ နာယက တဦးဖြစ်သူ ဦးဝင်းတင်ကမူ သမ္မတဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်းသည်
အခြေခံဥပဒေကို လှည့်စားခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။
“အခြေခံ ဥပဒေကို လက်တလုံးခြား လှည့်လုပ်တာကိုတော့ မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ အခြေခံဥပဒေထဲမှာ အတိအလင်း ပုဒ်မတွေ တတ်ပြီးပါတဲ့ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ် ဆိုတာကို ပြောင်ကြီး ချိုးဖောက်လာတာမျိုး ကျနော်တို့က လက်မခံဘူး။ မပြောမဖြစ်လို့ ပြောရတာ။ သမ္မတ အခန်းဆိုင်ရာ အခြေခံ ဥပဒေအရ ဆိုရင်တော့ လက်တလုံးစာ လွတ်နေသေးတယ်။ အဲဒီအထဲမှာ ပါတီတခုရဲ့ ဥက္ကဋ္ဌ တဦးလို့ မပါဘူး၊ နောက်ပြီး ပါတီက ထွက်ရမယ်ဆိုတာ မပါဘူး။ ဒီတော့ လက်တလုံးခြား လွတ်သွားတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ဥက္ကဋ္ဌ ဦးသုဝေကလည်း သမ္မတ ဦးသိန်းစိန် ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန် ယူနေခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီဟု ဧရာဝတီ သတင်းဌာနသို့ ပြောဆိုထားပြီး ဖြစ်သည်။
သမ္မတဦးသိန်းစိန်က ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော်လည်း လတ်တလောအနေဖြင့် သမ္မတ သက်တမ်း တခုအတွက်သာ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ထားကြောင်း၊ သို့သော်လည်း ပြည်သူက တောင်းဆိုမှုရှိလျှင် နောက်တကြိမ် တာဝန်ထမ်းဆောင်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောသည်။
“ဒီကနေ့အထိတော့ ကျနော့် အသက်အရွယ်အရ၊ ကျနော့် ကျန်းမာရေးအရ သက်တမ်းတခုပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ဟိုမှာတော့ ကျနော် ဖြေလိုက်ပါတယ်၊ သူတို့ကလည်း သိပ်လိုလားနေတော့ ကျနော်က ဒီကနေ့အထိ
ပထမ သက်တမ်းတခုပဲ လုပ်မယ်၊ သို့သော်လည်းပဲ တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူရဲ့ဆန္ဒ၊ ဒါတွေ ကျနော်တို့ ဖြစ်လာလို့ရှိရင် ကျနော်တို့ စဉ်းစားပါ့မယ် ဆိုပြီးတော့ ဖြေခဲ့ပါတယ်။ အခုလည်း ခုနကလို ဒီအတိုင်းပဲ ဖြေရမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ ကချင်အရေး၊ ရခိုင်ပြည်နယ်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ မေးခွန်းများကို
အပြည့်အစုံ ဖြေကြား ရှင်းလင်းခဲ့သည်။
အစိုးရသစ်အနေဖြင့် သတင်းမီဒီယာများကို ကြောက်ရွံ့နေမည် မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ဦးသိန်းစိန်က ပြောသည်။
“ဟိုတုန်းကတော့ ဝန်ကြီးဌာနတွေက မီဒီယာဆိုရင် တော်တော်ကြောက်ပါတယ်။ ကျနော်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ အခုတော့ အားပေးထားပါတယ်၊ ငါလည်း မကြောက်တော့ဘူး၊ မင်းတို့လည်းမကြောက်နဲ့တော့၊ မေးသမျှတော့ မှန်မှန်ကန်ကန်သာ ဖြေပေးပါ ဆိုပြီးတော့ ဒီအတိုင်းပဲ ပြောထားတယ်။ မယုံရင်လည်း ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့ကို မေးကြည့်တော့။ ဘာကြောင့်လဲ ဆိုတော့ Hard Talk လို ဟာမျိုး တွေ့ပြီးတော့မှ ကျန်တာတွေတော့ မကြောက်တော့ဘူး။ ဝန်ကြီးဌာန တွေကိုလည်း ပြောထားပြီးဖြစ်ပါတယ်။ အခုတော့ မကြောက်တော့ပါဘူး” ဟု သူက ဆိုသည်။
ကချင်အရေး ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားတယောက် ဆုံးရှုံးမှုသည် တိုင်းပြည်၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ မြန်မာစစ်သား တယောက် ဆုံးရှုံးမှုသည်လည်း တိုင်းပြည် ဆုံးရှုံးမှုဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ဦးသိန်းစိန်က ဆိုသည်။
“KIA စစ်သားတယောက် ဆုံးရှုံးသွားရတာ တိုင်းပြည်ရဲ့ စစ်သားတယောက် ဆုံးရှုံးသွားရတာပါပဲ။ ဒီဘက်က ဗမာစစ်သား တယောက် ဆုံးရှုံးမှုကလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုတွေကို ထောက်ပြပြီးတော့ KIO အဖွဲ့အစည်း နဲ့လည်း အဆက်အသွယ်တွေ လုပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အကြိမ်ကြိမ် မျက်နှာချင်းဆိုင် ထိတွေ့ ဆွေးနွေးတာတွေ ရှိသလို ယုံကြည်မှု တည်ဆောက်တဲ့ ဆွေးနွေးပွဲတွေလည်း လုပ်နေပါတယ်။ ဒီဟာတွေကလည်း စိတ်ရှည်သည်းခံ ပြီးတော့ လုပ်သွားခြင်းအားဖြင့် ကျနော်တို့ရဲ့ စေတနာကို နားလည်လာပြီး မကြာခင် ကချင် ပြည်နယ် မှာလည်း ကျနော်တို့ ဒေသတွေလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိသွားမယ်လို့ ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရေး အတွက် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက် သွားရန်ရှိပြီး နောက်ဆုံးအဆင့်သည် လွှတ်တော်တွင် နိုင်ငံရေးအရ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် ဖြစ်ကြောင်း
သိရှိရသည်။
“ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှ ပထမ အဆင့်ကတော့ ပြည်နယ်အဆင့်၊ ဒုတိယအဆင့် ကတော့ ပြည်ထောင်စု အဆင့်၊ ပြည်ထောင်စု အဆင့်မှာ အထိုက်အလျောက် သဘောတူညီချက် ရပြီးတယ်ဆိုရင် နိုင်ငံရေး ပိုင်းတွေကတော့ အချိန်ယူပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပိုင်းကို အချိန်ယူပြီး ဆွေးနွေးဖို့ဆိုရင် လွှတ်တော်ထဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း အများကြီးရှိပါတယ်၊ ပြည်သူ့ ကိုယ်စားလှယ်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တတိယအဆင့် ကျရင် နိုင်ငံရေးအရ ဆက်ပြီးဆွေးနွေးမယ်လို့ မူဝါဒ သုံးရပ် ချမှတ်ထားပါတယ်” ဟု ဦးသိန်းစိန်က
ရှင်းလင်း ပြောဆိုသည်။
ရခိုင်ပြည်နယ်အရေးကိစ္စ ရှင်းလင်းပြောဆိုရာတွင် အစ္စလမ်နိုင်ငံများ အချင်းချင်း ပူးပေါင်းကူညီပေးရေး အဖွဲ့ (OIC) ရုံး ဖွင့်လှစ်ခွင့် ပြုမည်မဟုတ်ဘဲ ပညာရေးနှင့် အလုပ်အကိုင် ဖန်တီးခြင်း၊ လူ့အခွင့်အရေး နားလည်အောင် မြှင့်တင်ပေးခြင်းဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု ဖြစ်ပေါ်လာသေမည်ဟု ၎င်းက ဆိုသည်။
“သူရယ်၊ ငါရယ်၊ သူ့လူမျိုးရယ်၊ ငါ့လူမျိုးရယ်လို့ ဖြူတယ်၊ မည်းတယ်ဆိုတဲ့ အစွဲအလန်းတွေကို သိပ်ပြီးမထားဘဲ၊ မခွဲခြားဘဲနဲ့ လူသားဆိုတဲ့ စိတ်ဓာတ်နဲ့ ကမ္ဘာက ဦးစားပေးလာတဲ့ လူ့အခွင့်အရေးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ် ထိုင်တတ် ရမယ် ဆိုတဲ့ ဒီအတွေးအခေါ် အလေ့အကျင့်တွေ ရအောင် လုပ်ပေးသွားမှပဲ။ ဒီ လူ့ အဖွဲ့အစည်း နှစ်ရပ်က အတူ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ မနေလို့လည်း မရဘူး၊ နေနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီး ရှာကြံနေပါတယ်” ဟု သမ္မတက ရှင်းပြသည်။
စီးပွားရေးတွင်လည်း ပွင့်လင်းမြင်သာမှုဖြင့် လုပ်ကိုင်သွားမည် ဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေတွင် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်မှုများ ပါဝင်ကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ တဦး၏ လစာသည် ကျပ် သိန်း ၅၀ ရရှိမည် ဖြစ်သော်လည်း တိုင်းပြည် စီးပွားရေး မကောင်းသည့် အချိန်တွင် ယခင်အစိုးရ အကြီးအကဲလစာ ၁၅ သိန်းကိုသာ ရယူကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ထွန်းရေးကိုလည်း အချိန်ယူ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် ရရှိရေးတို့ကိုလည်း ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး လာမည့် နှစ်အတွက် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် မြှင့်တင်သွားရန် ရှိကြောင်း သမ္မတ ဦးသိန်းစိန်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုသွားသည်။