“လက်ဝါးကြီးအုပ် အရင်းရှင် ကုမ္ပဏီစရိုက် အလိုမရှိ … အလိုမရှိ”
“ဒီမိုကရေစီ စီးပွားရေးစနစ် အောင်ရမည်… အောင်ရမည် …”
အဲဒီ ကြွေးကြော်သံတွေဟာ တတောလုံး တတောင်လုံး ညံရုံမက ဘေးပတ်ဝန်းကျင် တောင်တွေဆီက ပဲ့တင်သံတွေကလည်း ဆန္ဒထုတ်ဖော်နေတဲ့ အလုပ်သမားတွေကို အားပေးအားမြောက် ပြုနေသယောင် ထင်ရပါတယ်။ မိမိတို့ အလိုဆန္ဒအတိုင်း ကြွေးကြော်သံတွေ အော်ဟစ်ကြွေးကြော်လိုက်၊ မြန်မာနိုင်ငံတော်သီချင်းကို အော်ဟစ် သီဆိုလိုက် လုပ်နေကြတဲ့ သူတို့ မျက်နှာမှာတော့ မခံချင်မှု၊ နာကျင်မှုနဲ့ မျှော်လင့်ချက်တွေ တွေ့မြင်နေရတယ်။
အချိန်က ဇွန်လ ၁ ရက်နေ့ မနက် ၁၀ နာရီ ကျော်ကျော်လောက်၊ နေရာက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အတွင်းမှာရှိတဲ့ မိုးထိ-မိုးမိတောင် ရွှေသတ္တုတူးဖော်ရေး ပင်မစခန်းရှေ့မှာ ဖြစ်ပါတယ်။ မိုး ခပ်ဖွဲဖွဲ ရွာလိုက်၊ နေ ပွင့်လိုက်၊ မိုးအုံ့လိုက်ဖြစ်နေတဲ့ ရာသီအေးအေးထဲမှာကိုပဲ မိုင်းလုပ်သားတွေကတော့ တက်ကြွနေကြပါတယ်။ မိုးထိ-မိုးမိတောင် ရွှေသတ္တုတူးဖော်ရေးကို နိုင်ငံတော်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက မူလရောက်ရှိ လုပ်ကိုင်နေသူ ရွှေတွင်းလုပ်သားတွေရဲ့ တနိုင်တပိုင် အင်းတွေကို ပြီးခဲ့တဲ့ ဧပြီလကစပြီး လုပ်ခွင့် ပိတ်သိမ်းခဲ့ရာမှာ လုပ်သားများက အခုလို ဆန္ဒထုတ်ဖော် တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။
“စက်တွေရပ်ထားရတာ တလကျော်ပြီ။ အင်းသမားတွေလည်း အလုပ်မရှိကြဘူး။ ပြန်တဲ့သူလည်း ပြန်ကုန်ပြီ။ ကျနော်တို့ကတော့ ပြန်ရင်လည်း ရွာမှာ ဘာမှလုပ်စားစရာ မရှိဘူး။ ဒီမှာပဲ ပြန်လုပ်ခွင့်ရချင်တယ်” လို့ ဆန္ဒထုတ်ဖော်နေတဲ့ စက်လုပ်ငန်းရှင်တဦးက ဆိုတယ်။
ရမည်းသင်း ရွှေတောဆိုတာ ရွှေမုဆိုး၊ ရတနာ မုဆိုးတွေကြားမှာ ထင်ပေါ်ခဲ့တာ သိပ်မကြာသေးသလို မြန်မာပြည်အရပ်ရပ်က နေ့ခြင်းညခြင်း ကြီးပွားလိုသူတွေ၊ ပုံမှန်ဝင်ငွေမျိုးထက် သေမြေကြီး ရှင်ရွှေထီးလို့ သဘောထား စွန့်စွန့်စားစား လုပ်လိုသူတွေကလည်း အညာမြို့တမြို့ဖြစ်တဲ့ ရမည်းသင်းမြို့ကို တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။
“ကျနော်တို့ ရောက်တော့ ၂၀၀၆ လောက်။ ဒီမှာ လူလည်း ဒီလောက် မများသေးဘူး။ ရှာလို့ကောင်းသလို ရလည်း ရတယ်။ နောက်ပိုင်း လူတွေများလာတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး အခုကုမ္ပဏီက ကန်ထရိုက်ရသွားတယ်။ စစခြင်းတော့ ရလာတဲ့ ရွှေကို ကုမ္ပဏီတဝက်၊ ကျနော်တို့ တဝက်နှုန်းနဲ့ လုပ်ကြသေးတယ်။ သင်္ကြန်ပြီးလောက်မှာ ကျနော်တို့ကို လုံး၀ လုပ်ခွင့်မပေးတော့ဘူး။ ကုမ္ပဏီမှာ ဝန်ထမ်းပြန်လုပ်ပါဆိုတဲ့ ပုံစံမျိုး ခေါ်တယ်။ အဲလိုကတော့ ကျနော်တို့လည်း လက်မခံနိုင်ဘူး။ ဒီနေရာကို ကျနော်တို့ အရင်ရောက်တာ။ လမ်းကအစ ကျနော်တို့ စထွင်ခဲ့ရတာ။ အရင်လို လုပ်ခွင့်ပဲ ပြန်လိုချင်တယ်” လို့ ရွှေတွင်းလုပ်သားတဦးက သူ့လိုလားးချက်ကို ပြောပါတယ်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက တနိုင်တပိုင်လုပ်ခွင့်တွေ မပိတ်ခင်အထိ မိုးထိ-မိုးမိတောင် ရွှေတောမှာ ရွှေတွင်းလုပ်သား၊ စက်လုပ်သားနဲ့ ဈေးရောင်းဈေးဝယ်သူတွေ အပါအဝင် စုစုပေါင်း လူဦးရေ ၅ သိန်းခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အခု လုပ်ခွင့် ပိတ်လိုက်တဲ့အချိန်ကစပြီး မြန်မာပြည်အနှံ့က လူတွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြရာမှာ လူဦးရေ ၂ သိန်းခန့်တော့ ကျန်ရှိဦးမယ်လို့ သိရပါတယ်။
“တချို့ကလည်း ဒီမှာရတဲ့ အရင်းအနှီးပိုက်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြတယ်။ တချို့ကလည်း ပင်လောင်းဘက် ရွှေ့ကြတယ်။ ရေနံမှော်တွေဘက် သွားတဲ့သူတွေလည်း ရှိတယ်” လို့ မိုးမိ-မိုးထိ ရွှေတောမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ကိုစိုင်းလူက ပြောပါတယ်။
ကိုစိုင်းလူတို့ မိသားစု ကိုယ်တိုင်ကလည်း မိုးကုတ်မြို့ဇာတိဖြစ်ပြီး မိုးကုတ်မှာ ကျောက်တွင်းလုပ်ငန်းတွေ ခေတ်ကောင်းစဉ်က စားသောက်ဆိုင်ဖွင့်ခဲ့သလို၊ မိုးကုတ်ကျောက်တွင်း လုပ်ငန်းတွေကို ဖက်စပ်စနစ် ပြောင်းပြီးတဲ့နောက် လုပ်ငန်းတွေ နှေးကွေးသွားချိန်မှာ မိုင်းရှူးရတနာမြေကို ရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
“မိုင်းရှူးမှာလည်း ဖက်စပ်စနစ် ပြောင်းလိုက်တော့ ဒီကို ရောက်လာကြတာပဲ။ ခုလည်း ကုမ္ပဏီက တနိုင်တပိုင် လုပ်ခွင့်မပေးဘူး၊ ကုမ္ပဏီဝန်ထမ်းပဲ လုပ်ရမယ်ဆိုရင် ဒီက လူတွေလည်း ရွှေထွက်တယ်၊ ရေနံထွက်တယ်၊ ကျောက်ကောင်းထွက်တယ် ကြားတဲ့ နေရာတခုကို ပြောင်းကြမှာပဲ။ သူတို့ကို မှီခိုပြီး ဈေးရောင်းရတဲ့ ကျနော်တို့လည်း သူတို့နဲ့အတူ လိုက်ပြောင်းရွှေ့ရမှာပဲ” လို့ ကိုစိုင်းလူက ပြောပါတယ်။
မိုးထိ-မိုးမိတောင်ဟာ ပင်လယ်ရေပြင်အထက် အမြင့်ပေ ၄၆၀၇ ပေမှာ ရှိပြီးတော့ ရမည်းသင်းခရိုင်အတွင်းမှာ အမြင့်ဆုံးတောင် ဖြစ်ပါတယ်။ မိုးထိ-မိုးမိတောင်ရဲ့ ရွှေသတ္တု ထုတ်ယူနိုင်စွမ်းဟာ နှစ်ပေါင်း ၅၀ အထိ ရှိပြီးတော့ မြန်မာနိုင်ငံမှာ ရွှေသတ္တုအများဆုံး ထွက်ရှိရာ ဒေသလို့ သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရွှေတွင်းလုပ်သားတွေရဲ့ တနိုင်တပိုင် လုပ်ခွင့်တွေကို ပိတ်ပင်လိုက်တဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ “မိုးမိ-မိုးထိ ဒေသဟာ ရေရှည်ထုတ်ယူလို့ရတဲ့ ရွှေမိုင်းကြီးဖြစ်တယ်။ အဲဒါကို အခုအချိန်မှာ တနိုင်တပိုင် ၄ ပေအင်းတွေ ပေးလုပ်လိုက်မယ်ဆိုရင် ကြွက်တွင်းတွေလို မွစာတက်ပြီး အဓိက ရှိနေတဲ့ ရွှေကြောကို မရောက်ခင် မြေပြိုမှုတွေ၊ သယံဇာတ ဆုံးရှုံးမှုတွေ ဖြစ်သွားခဲ့ရင် ကျနော်တို့ သိပ်နစ်နာမယ်။ ကျနော်တို့တင် မဟုတ်ဘူး၊ နိုင်ငံတော်ပါ နစ်နာမယ်။ အဲဒါကြောင့် ၄ ပေအင်း လုပ်ခွင့်တွေပိတ်ပြီး ၇ ပေပတ်လည် အက်ဒစ်တွေလုပ်ပါ။ မလုပ်နိုင်ရင် ကုမ္ပဏီဝန်ထမ်းလုပ်ပါလို့ ကျနော်တို့ ပြောနေရတာပါ” လို့ အခြေအနေကို ရှင်းပြပါတယ်။
၄ ပေအင်းဆိုတာ လူတကိုယ်စာ ဝင်နိုင်ရုံ လေးပေပတ်လည်ကျင်းကို မြေလွှာအောက်တည့်တည့် ဖောက်ယူပြီး ရွှေပါနိုင်တဲ့ မြေစာ၊ ကျောက် စတာတွေကို တူးယူတဲ့ စနစ်ဖြစ်ပြီး အက်ဒစ်ဆိုတာကတော့ အလျား ၇ ပေ၊ အနံ ၇ ပေရှိတဲ့ လှိုဏ်ခေါင်းတွေကို တောင်နံရံတွေမှာ ဖောက်ပြီး ရွှေသတ္တုတူးဖော်တဲ့ စနစ်လို့ သိရပါတယ်။ တနိုင်တပိုင် လုပ်သူတွေအတွက် ၄ ပေအင်းဟာ အရင်းအနှီးနည်းပြီးတော့ အက်ဒစ်ကတော့ အနည်းဆုံး သိန်းရာချီ ကုန်တဲ့အတွက် မလုပ်နိုင်ဘူးလို့ အင်းသားတဦးက ပြောပါတယ်။
“အက်ဒစ် လုပ်ဖို့က ငွေလိုတယ်။ လှိုဏ်ဖောက်ပြီးရင် ဒေါက်တွေနဲ့ ထောက်ရမယ်၊ လှိုဏ်ထဲကနေ သတ္တုတွေ ပြန်သယ်ဖို့ သံလမ်း ဆင်ရမယ်။ အဲလောက်ကြီးကျတော့ တနိုင်တပိုင်သမားတွေက မလုပ်နိုင်ဘူး။ ကျနော်တို့ ငွေမရှိလို့ ငွေရှာချင်လို့ ရွှေတောကို ရောက်လာတာပါ” လို့ သူကဆက်ပြောပါတယ်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကလည်း သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်သတ္တုထုတ်ယူနိုင်ရေးအတွက် အလုပ်သမားတွေရဲ့ ဆန္ဒကို မလိုက်လျောနိုင်တဲ့ အခြေအနေမှာ ရှိနေသလို အလုပ်သမားတွေဘက်ကလည်း တနိုင်တပိုင်လုပ်ခွင့်ကိုသာ တစိုက်မက်မက် တောင်းဆိုနေကြပါတယ်။
ရွှေတွင်းတူး လုပ်သားတွေရဲ့ ဆန္ဒဖော်ထုတ် အော်ဟစ်သံတွေက တဖြည်းဖြည်း ငြိမ်သက်သွားလိုက် နောက်တခါ အားသစ်လောင်းပြီး အုံလိုက်ကျင်းလိုက် အော်ဟစ်လိုက်ကြနဲ့ ညနေ ၃ နာရီလောက်မှာတော့ တနေ့လုံး အုံ့ပြပြဖြစ်နေတဲ့ မိုးဟာ ခပ်ဖွဲဖွဲရွာချလိုက်ပါတယ်။ မိုးရွာပေမယ့် မိုင်းလုပ်သားတွေကတော့ လူစုကွဲမသွားခဲ့ပါဘူး။
“ကျနော်တို့ တောင်းဆိုတဲ့ အရာတွေ မရမချင်း ဆက်လက် တောင်းဆိုသွားမယ်။ ညှိတယ်ဆိုတာ သူတို့ ဖြစ်ချင်တာတွေ ခေါ်ပြောနေတာပဲ။ ကျနော်တို့ကလည်း ကျနော်တို့ဖြစ်ချင်တာကို တောင်းရမှာပဲ” လို့ စက်လုပ်ငန်းရှင် တဦးက ဆိုပါတယ်။
မိုးထိ-မိုးမိတောင်ပေါ်က ဇွန်လ ၁ ရက်နေ့မှာ စခဲ့တဲ့ ရွှေဆန္ဒထုတ်ဖော်မှုဟာ ဇွန်လ ၃ ရက်နေ့တွေအထိ မပြီးသေးပါဘူး။ တတိယမြောက်ရက်ဖြစ်တဲ့ ဇွန်လ ၃ ရက်နေ့မှာတော့ မိုးထိ-မိုးမိ တောင်ပေါ်မှာရှိတဲ့ လူဦးရေ အားလုံးရဲ့ တဝက်နီးပါး လူ တသိန်းကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ သုံးရက်တိုင်တိုင် ဆန္ဒထုတ်ဖော်ညှိနှိုင်းခဲ့ကြပေမယ့် အခုအချိန်ထိ ကျေနပ်ဖွယ်ရာ အဖြေမထွက်ခဲ့ပါဘူး။
ကုမ္ပဏီဘက်က လိုက်လျောနိုင်မှု မရှိသလို ရွှေတွင်းလုပ်သားတွေဘက်ကလည်း အလျှော့ပေးမယ့် အခြေအနေ မတွေ့ရသေးပါဘူး။ လောလောဆယ်တော့ နည်းလမ်းနှစ်ခုပဲ ရွှေတွင်းအလုပ်သမားတွေအတွက် ရွေးစရာရှိနေပါတယ်။ ကုမ္ပဏီဘက်က တင်းမာနေခဲ့ရင် နိုင်ငံအနှံ့က ရတနာမုဆိုးတွေကရော အခွင့်အရေးကို တိုက်ယူမလား၊ တခြားသော ရတနာမြေ တခုကို ရှာဖွေရွှေ့ပြောင်းသွားမလား ဆိုတာပါပဲ။
ဆက်စပ်သတင်း
ရွှေတူးဖော်ရေး လုပ်သားများ ဆန္ဒပြ