မန္တလေးမြို့ရှိ လယ်မြေများကို အကွက်ရိုက်ပြီး တရုတ်လူမျိုးများထံ ရောင်းချသည်ကို ဆန့်ကျင် ဆန္ဒပြသည့် အနေဖြင့် ရောင်းချပြီး ဖြစ်သော မြေကွက်များတွင် ကျူးကျော်သူ နှစ်ထောင်ကျော်တို့ ဝင်ရောက်နေထိုင်လျှက် ရှိကြောင်းသိရသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်းနှင့် ၆၂ လမ်းကြား အင်းခရုရပ်ကွက်ရှိ အကွက်အမှတ် ၅၃၇ ရှိ လယ်မြေ ၁၅ ဧကပေါ်တွင် ကျူးကျော်သူ နှစ်ထောင်ကျော်တို့က ပေ ၃၀၊ ပေ ၄၀ အကွက်ပေါင်း ၄၂၀ ဖွဲ့ပြီး အိမ်များ ဆောက်လုပ် နေထိုင်လျှက် ရှိသည်။
အဆိုပါ မြေကွက်မှာ ကချင် နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖွဲ့စည်းရန် သဘောတူညီခဲ့သည့် ဦးလဆန်အောင်ဝါ ခေါင်းဆောင်သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခွဲထွက် ငြိမ်းချမ်းရေး အဖွဲ့က လယ်သမားများထံမှ ဝယ်ယူထားသော မြေကွက်များ ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ညွန့်စိန်က သြဂုတ်လ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
၎င်းတို့ ပိုင်ဆိုင်သည့် နေရာသို့ ဇူလိုင် ၂၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ဦးဝင်းမြင့်ထွန်း ဦးဆောင်သည့် လူ ၁၀၀ ကျော်တို့က တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ပြီး အဓမ္မ ကျူးကျော် နေထိုင်ခြင်းဖြစ်ကြောင်း၊ ကျူးကျော်သူများကို သက်ဆိုင်ရာက အရေးယူပေးပါရန် ဇူလိုင်လ ၂၅ ရက်နေ့က တိုင်ကြားထားကြောင်း သူက ဆိုသည်။
ကျူးကျော် နေထိုင်သူများသည် ယင်းမြေကွက်များတွင် အိမ်များဆောက်ခြင်း၊ ရေကန်များ တူးဖော်ခြင်း၊ ထမင်းဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ခြင်း၊ ယင်းဧရိယာ ပတ်လည် အပြင်ဘက်တွင် ထရံများ ကာရံ ပိတ်ဆို့ကာ အပြင်လူများကို ဝင်ခွင့်မပေးခြင်းများ ပြုလုပ်လျှက် ရှိပြီး ယင်းသို့ ပြုလုပ်ရခြင်းမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး အစီစဉ်များ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ကျူးကျော်နေထိုင်သည့် အဖွဲ့ကို ခေါင်းဆောင်လာသည့် ဦးဝင်းမြင့်ထွန်းက ဧရာဝတီကို ပြောသည်။
‘‘အဓိက လယ်သမားတွေက လယ်မစိုက်ကြတော့ဘူး။ လယ်သမားတွေက ဒီလယ်မြေတွေ နယ်ခြားစောင့်တပ်ကို ရောင်းတယ်၊ နယ်ခြားစောင့်တပ်က တရုတ်လူမျိုးတွေကို ပြန်ရောင်းတယ်။ တရုတ်လူမျိုးတွေကလည်း တိုင်းရင်းသား ပိုင်တဲ့မြေတွေကို အကုန်သိမ်းကျုံး လိုချင်ကြတယ်။ အဲဒါကို ဆန္ဒပြ ဆန့်ကျင်တဲ့ အနေနဲ့ အခုလို လုပ်တာပါ” ဟု ၎င်းက ဆိုသည်။
ဦးဝင်းမြင့်ထွန်းမှာ လက်ရှိ လူပေါင်းနှစ်ထောင်ကျော် အတွက် ထမင်းနှင့် ဟင်းများကို နေ့စဉ် အခမဲ့ ပေးဝေလျှက် ရှိသည်။
ဦးဝင်းမြင့်ထွန်းကို မည်သည့် အဖွဲ့အစည်းက ပံ့ပိုးထောက်ပံ့ထားကြောင်း ဧရာဝတီက မန္တလေး ပြည်ကြီး တံခွန် ရဲစခန်းတွင် စုံစမ်းရာ ဦးဝင်းမြင့်ထွန်းနှင့် ပတ်သက်၍ ပြောဆိုရန် အဆိုပါ ရဲစခန်းက ငြင်းဆန်ခဲ့သည်။
‘‘သူတို့ တကယ်ပဲ ဆင်းရဲမှု လျှော့ချရေး အစီအစဉ် လုပ်ချင်တယ်ဆိုရင်၊ သူတို့ပိုင်တဲ့ မြေကွက်မှာ လုပ်တယ်ဆိုရင် ကျနော်တို့ ဝမ်းသာပါတယ်။
ခုတော့ မြေကွက်တွေအများကြီးရှိတဲ့အထဲက ကျနော်တို့ မြေကွက်တွေကို ရွေးပြီး လုပ်တယ်ဆိုတာ ဘာသဘောလဲ ဆိုတာ နားလည်လို့ မရဘူး။ နောက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကလည်း ကျနော်တို့ကို ဘာတခုမှ မလုပ်ပေးသေးဘူး။ ကျနော် မေးချင်တာက မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တွေက ကျနော်တို့ ငြိမ်းချမ်းရေး အဖွဲ့ကို မလိုလားလို့လား၊ ဒါကြောင့် ဒီလိုမျိုးလုပ်တယ်လို့ ကျနော်တို့က ယူဆပါတယ်” ဟု ကချင် BGF အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ညွန့်စိန်က ပြောသည်။
သို့ရာတွင် ၎င်းက ဦးဝင်းမြင့်ထွန်း ပြောဆိုသကဲ့သို့ လယ်မြေများကို တရုတ်များဘက်သို့ အသည်းအသန် ရောင်းချနေခြင်းကို ၎င်းက ငြင်းဆိုသည်။
‘‘ကျနော့်ဆီ လက်တလော လာပြီး ဝယ်တဲ့လူတွေက အဲဒီ အနီးအနားမှာ ရှိတဲ့ ဒေသခံတွေက များပါတယ်။ အခုချိန်အထိ တရုတ်တွေလာပြီး ဝယ်တာ မကြုံဖူးသေးပါဘူး” ဟု သူက ပြောသည်။
မန္တလေးမြို့တော် စည်ပင်က ကျူးကျော် မြေများပေါ်တွင် နေထိုင်သူများကို သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် အမိန့်ကြေညာချက်အမှတ် (၂/၂၀၁၂) ထုတ်ပြန်ထားသည်။ ယင်းကြေညာချက်ကို လိုက်နာမှု မရှိလျှင် ဥပဒေအရ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသော်လည်း ယနေ့အထိ တစုံတရာ အရေးယူခြင်း မရှိသေးကြောင်း သိရသည်။
ယင်းမြေကွက်များကို လယ်သမားများက ကချင် BGF အဖွဲ့ထံ တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၁၀၀၀ ကျော်နှင့် ရောင်းချထားခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်က ယင်းမြေကွက်များကို အစိုးရက တကွက်လျှင် ငွေကျပ် ၄ ထောင်စီ နစ်နာကြေး ပေးပြီး သိမ်းဆည်း ထားခဲ့ခြင်း ဖြစ်ကြောင်း လယ်သမား ဦးတင်မောင်က ပြောသည်။
ဦးဝင်းမြင်ထွန်းက “လယ်သမားတွေ လယ်မစိုက်ဘဲ လယ်မြေကွက်တွေကို ရောင်းချတာဟာ ကူးစက် ရောဂါတမျိုး ဖြစ်နေပြီ။ မြန်မာတနိုင်ငံလုံးက လယ်သမားအားလုံး လယ်မြေတွေကို အကွက်ရိုက် ရောင်းကြမယ် ဆိုရင် စားနပ်ရိက္ခာ ရှားပါးပြီး တိုင်းပြည် ဆင်းရဲတွင်းထဲ နက်သထက် နက်ကုန်ကြတော့မှာပေါ့” ဟု ဆိုသည်။
၎င်းတို့မှာ မန္တလေး မြရည်နန္ဒာရပ်ကွက်တွင် ကျူးကျော် နေထိုင်ကြသူများ ဖြစ်ကြပြီး ကျောက်ဆည်၊ ပခုက္ကူ၊ စဉ့်ကိုင်၊ ပျော်ဘွယ်မြို့တို့မှ ကျူးကျော်သူများလည်း ပါဝင်ကြောင်း သိရသည်။