ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကြီးရွာတွင် အင်းလေလံကိစ္စနှင့် ပတ်သက်၍ လေလံအောင်သူနှင့် ဒေသခံများအကြား ယမန်နေ့ညက အချင်းပွားမှုကို နယ်မြေခံ ရဲတပ်ဖွဲ့က ပစ်ခတ်ထိန်းသိမ်းခြင်းကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ အပြင်းအထန် ရသွားကြောင်း သတင်းရရှိသည်။
“ကိုကြည်သိန်းက ညာဘက်ရင်အုံမှာ သေနတ်ထိပြီး နေရာတင် သေသွားတယ်။ ဒဏ်ရာရတာ ၃ ယောက်။ ကျော်ဆန်းငွေက ခေါင်းမှာ ထိထားတယ်။ ကျော်ဇင်သန့်က လက်မောင်းမှာထိတယ်။ ဝင်းသန်းက ရင်အုံနဲ့ လည်ပင်းမှာ ထိထားတယ်။ သူတို့ကို ဆေးရုံကို ပို့ထားတယ်”ဟု မျက်မြင်တဦးက ပြောသည်။
ဒဏ်ရာရသူများကို ယမန်နေ့ညက ဟသာၤတ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ယနေ့နံနက်တွင် ပုသိမ်ဆေးရုံသို့ ပို့လိုက်ကြောင်း၊ ခေါင်းတွင် ဒဏ်ရာရသော ကျော်ဆန်းငွေမှာ ဆေးရုံပေါ်တွင် ထပ်မံ သေဆုံးသွားကြောင်း သိရသည်။
ဒေသခံရွာသားတဦးအား အင်းမှထွက်သည့် ဆည်မြောင်းဝကို ဖျက်ဆီးသည်ဆိုကာ အင်းလေလံ အောင်ထားသည့် ဝိုင်းဝိုင်း လည် ကုန်ထုတ် သမ အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူစစ်ဆေးရာမှ လက်လွန်၍ သေဆုံးသွားသည်ကို မကျေနပ်သည့် ရွာသားများက ဖြေရှင်းပေးရန် တောင်းဆိုရာမှ ပဋိပက္ခ စတင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
“ကိုတလုတ် ခေါ် ကိုဝင်းနိုင်ကို သူတို့က ခေါ်သွားတာ။ ရိုက်နှက်တယ် ထင်ပါတယ် သေသွားတယ်။ မကျေနပ်တဲ့ ရွာသားတွေက အုပ်ချုပ်ရေးမှူးရုံးကို ဝိုင်းပြီးတော့ ဒီကိစ္စ ဖြေရှင်းပေးဖို့ ပြောတာမှာ အချေအတင်တွေဖြစ်တော့ သူတို့က အထောင် ရဲစခန်း ကို အကြောင်းကြားတယ်။ ဟိုက ရဲကား သုံးစီးနဲ့ လာထိန်းတာ။ သေနတ် ၆ ချက် ပစ်တယ်။ ၄ ယောက်မှန်သွားတာ”ဟု ရှားခဲကြီး ဒေသခံ ကိုထွန်းထွန်းက ပြောသည်။
အထောင် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်၍ အသေးစိတ် မပြောနိုင်သေးကြောင်း ဖြေ ကြားသည်။ ဟင်္သာတ ဆေးရုံကမူ အဆိုပါကိစ္စကို ဖြေကြားခွင့် မရှိကြောင်း ငြင်းဆိုခဲ့သည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံများနှင့် လေလံအောင်ထားသည့် အင်းသူကြီး ဝိုင်းဝိုင်းလည် သမ အဖွဲ့ အကြား တင်းမာမှုများ ပိုများလာနေကြောင်း၊ သေဆုံး ဒဏ်ရာရရမှု များကို သက်ဆိုင်ရာက အမြန်ဆုံး ဖြေရှင်းပေးစေချင်ကြောင်း၊ ဒေသခံများက ဆိုသည်။
“အင်းလေလံကိစ္စ ဆန္ဒပြတုန်းက ငါးလုပ်ငန်းက လူကြီးတွေက ဒေသခံတွေကိုပဲ ဦးစားပေးမယ် ပြောပေမယ့် အခု စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကိုပဲ ပေးလိုက်တာကို မကျေမနပ်ဖြစ်နေကြတာ။ အင်းသူကြီး ဝိုင်းဝိုင်းလည်သမ ကလည်း လူမိုက်တွေထား ပြီးတော့ ကျနော်တို့ကို ခြိမ်းခြောက်တာမျိုးတွေ လုပ်တယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း ရွာသား၂ယောက် ချောင်းရိုက်ခံထားရတာကို အခုလိုဖြစ်တော့ ပိုဆိုးကုန်တယ်။ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက်ရော၊ ရွာသားတွေ သေ ဆုံး၊ ဒဏ်ရာရမှုကိုရော ပြေလည်အောင် ဖြေရှင်းပေးစေချင်တယ်”ဟု ဒေသခံတဦးက ပြောသည်။
ရှားခဲအင်းတွင် ဧရာရွှေဝါ ကုမ္ပဏီသည် ၁၄ နှစ်တာ ကာလအတွင်း နှစ်အများဆုံး လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီ ဖြစ်ခဲ့ပြီး အင်း အတွင်း ငါးများကို မွေးမြူ ထုတ်လုပ်ရောင်းချခြင်းပြုလုပ်ကာ အင်းအနီးနေထိုင်သူ ဒေသခံများကိုလည်း အင်းအတွင်း သွားလာ မှုများ ကန့်သတ်ခြင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ ၃၆ တပ်ရင်းကို အခကြေးငွေပေး၍ လုံခြုံရေး တာဝန် ယူစေကာ အင်း အနီး သွားလာသူ ဒေသခံတချို့ကို ငါးခိုးမှုနှင့် ဖမ်းဆီးရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်းများလည်း ရှိခဲ့ဖူးကြောင်း၊ ယခု အင်းသူကြီး အသစ်သည်လည်း ထိုသို့ ပြုလုပ်မည်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်ဟုလည်း ဆိုသည်။
ဧရာရွှေဝါ ကုမ္ပဏီသည် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏ သား ဦးအောင်သက်မန်း ပိုင် ကုမ္ပဏီ ဖြစ်ကြောင်း သိရ သည်။
ရှားခဲကြီးအင်းတွင် ငါးလုပ်ငန်းလုပ်ကိုင်ရေးအတွက် ငါးလုပ်ငန်း ဦးစီးဌာနက လေလံတင်နေရာချပေးသည်ကို ဒေသခံများက မကျေနပ်မှုများ ရှိခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းက အဆိုပါလေလံကိစ္စတွင် အင်းလုပ်ကိုင်နေသည့် ဒေသခံများကို ကြိုတင်အသိပေးခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ဦးစားပေးလေလံတင်ရန် စီစဉ်မှုကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း ထိခိုက်သည်ဆိုပြီး ကျေးရွာစု ၆ စုမှ လူ ၁၅၀ ခန့်က ဆန္ဒပြကန့်ကွက်ခဲ့၍ လေလံကို ခေတ္တ ရပ်ဆိုင်း ထားခဲ့သည်။ နောက်ပိုင်းတွင် လေလံပြန် တင် ခဲ့ပြီး ဝိုင်းဝိုင်းလည် သမ အဖွဲ့မှ လေလံအောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလျား ၁၃ မိုင် အနံ ၆ မိုင် ကျယ်ဝန်းသော ရှားခဲအင်းကို ၁၉၉၈ ခုနှစ်မတိုင်မီ သမဝါယမဝန်ကြီးဌာနထံ အခွန်ဆောင်ကာ ဒေ သ ခံများက အင်းအတွင်း ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့ကြပြီး ထိုနှစ်မှစတင်ကာ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနက ကုမ္ပဏီများကို လေလံပေး ရောင်းချခဲ့သည်။