နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို များမကြာမီ ကြေညာနိုင်ရန် လုပ်ဆောင်နေသည်ဟု လတ်တလော ပြီးဆုံးခဲ့သည့် ဥရောပခရီးစဉ်တွင် သမ္မတဦးသိန်းစိန်က ထုတ်ဖော်ကြေညာအပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဇူလိုင်လ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ပါဝင်သောအဖွဲ့က ရန်ကုန်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာသို့ သွားရောက်လည်ပတ်ခဲ့ခြင်းက နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား စိတ်ဝင်စားစရာဖြစ်ခဲ့ရသည်။
ဇူလိုင်လ ၂၁ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခဲ့သော်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ၁၃ ဦးတွင် ပါဝင်သော ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပါဝင်ဆွေးနွေးခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း MPC မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
”အဲဒီနေ့ကတော့ MPC ဘက်ကတော့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်ပြီး ဆွေးနွေးတယ်။ လွှတ်တော်ဥက္ကဌကြီးက အဖွင့်နဲ့ အပိတ်မိန့်ခွန်းတွေမှာ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ၁၃ မိနစ်လောက် ပြောပါတယ်။ နောက် ဦးသိန်းဇော်လည်း ဆွေးနွေးပါတယ်”ဟု ပြောဆိုသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။
ယင်း ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုဥက္ကဌ ဦးေဋ္ဌးဦး၊ ဝနယ် ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းများကို ဦးဆောင်သူ ဦးသိန်းဇော်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီ နှင့် Myanmar Peace Center မှ ဦးလှမောင်ရွှေ၊ ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးသီဟမျိုးညွှန့်တို့ပါဝင်ကြသည်။
ယခုကာလသည် အပစ်အခတ်ရပ်စဲရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်သောအဆင့်သာ ရှိသေးသောကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက ချမှတ်ထားသော မူအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် နိုင်ငံရေးဆိုင်ရာ အခြေခံမူဘောင်များ ဆွေးနွေးညှိနှိုင်းမှု Frame Work Meeting များပြုလုပ်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားများနှင့် အခြားပါဝင်ထိုက်သူအားလုံး ပါဝင်ရန် မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် မိမိတတ်နိုင်သောနေရာမှ ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားဖူးပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများပါဝင်သော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)ကလည်း နိုင်ငံရေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန် ဖိတ်ခေါ်ထားသည်။
သမ္မတ ဦးသိန်းစိန်ကလည်း ဗြိတိန်၊ ပြင်သစ် ဥရောပ ၂ နိုင်ငံ ခရီးစဉ်အတွင်း ယခုရက်ပိုင်းအတွင်း တနိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားလျက်ရှိပြီး ကျန်ရှိနေသော KIA/KIO နှင့်လည်း မကြာမီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂကလည်း မြန်မာငြိမ်းချမ်းရေးစင်တာကို ငွေကြေးအရ ထောက်ပံ့ကူညီပေးနေပြီး မြန်မာပြည်တွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတည်ဆောက်ရေးကို ကုန်သွယ်ရေးနှင့်အတူ ဦးစားပေး ကူညီဆောင်ရွက်လိုကြောင်း သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ထုတ်ပြန်ကြေညာခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူရန် စစ်ရေးအရ နှစ်ဘက်သဘောတူ နယ်နမိတ်များ သတ်မှတ်ခြင်း၊ မတရားသင်း သတ်မှတ်မှုကို ဖယ်ဖျက်ခြင်း၊ မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးထောင်ချသူများကို လွှတ်ပေးခြင်းတို့ကို အစိုးရက ပြုလုပ်ဆောင်ရွက်ရန် လိုလားနေကြရာ ယနေ့ ဇူလိုင်လ ၂၃ ရက် အကျဉ်းသား ၇၀ ကို လွှတ်ပေးမှုတွင် မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးထောင်ချထားသူများ ပါဝင်သောကြောင့် အရေးပါသော ကနဦး ခြေလှမ်းဟု ပြောနိုင်သည်။
သို့ရာတွင် အပစ်အခတ်ရပ်စဲရေးအဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်သည်အထိ ကြိုးစားသင့်ပြီး နိုင်ငံတကာ အထောက်အပံရရှိရန်နှင့် တိုင်းရင်းသားတို့ကို အယုံသွင်းရန် နိုင်ငံရေးသြဇာကြီးမားသော ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခြင်းကိုမူ စိုးရိမ်ကြောင်း ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ပြောသည်။
”အစိုးရက သူတို့ပြောသလို ဇူလိုင်လထဲ မဖြစ်သေးတဲ့အခါကျတော့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပွဲထုတ်လာတယ်။ အပစ်အခတ်ရပ်စဲရေးအဆင့်မှာတင် ဒေါ်စုကို အသုံးချသွားမှာတော့ ကျနော်စိုးရိမ်တယ်”ဟု သူက ဆိုသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းညွှန့်လွင်ကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာစေချင်ကြောင်း၊ မည်သည့်ပုံစံဖြင့် ပါဝင်လာမည်ကို စိတ်ဝင်စားကြောင်းနှင့် ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း ပြောသည်။
”ကျနော်တို့ကတော့ နိုင်ငံရေးသဘောတူညီချက် ရဖို့ပဲလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါတီဥက္ကဌ တစ်ယောက်အနေနဲ့ သွားဆွေးနွေးဖို့ ရှိတယ်။ သူရဦးရွှေမန်းကိုလည်း ကြံခိုင်ရေးပါတီ ဥက္ကဋ္ဌ အနေနဲ့ သွားတွေ့မှာပါ”ဟု သူက ဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ပါက ၂၀၁၅ ရွှေးကောက်ပွဲနှင့် တိုင်းပြည် အသွင်ကူးပြောင်းရေးတို့ကို အထောက်အကူပြုနိုင်ပြီး သမ္မတဖြစ်ချင်နေသော သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လည်း အမှတ်ရနိုင်ကြောင်း၊ တိုင်းရင်းသားများနှင့် နိုင်ငံရေး ဆွေးနွေးခြင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းများသည်လည်း ဟန်ချက်ညီရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာဝေဖန်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
”ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကလည်း တိုင်းရင်းသားတွေနဲ့ နိုငင်ငံရေးဆွေးနွေးမှုအပေါ်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေပါတယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာလည်း ဟန်ချက်ညီနေဖို့ လိုပါတယ်။ အဲဒါတွေအရ ကြည့်ရင်တော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အထိ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းနိုင်ရင်တောင် အတော်ဟုတ်ပြီလို့ ထင်ရမယ့် အနေအထား ရှိနေပါတယ်။ အခု လွှတ်တော်က ဖွဲ့မယ့် ဖွဲ့စည်းပုံသုံးသပ်ရေးကော်မတီအနေအထားတွေအရ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အထောက်အကူပြုလောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရည်တူခွင့်တွေနဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်မှုတွေဟာ ၂၀၁၅ မတိုင်ခင် ပုံပေါ်ဖို့ ခက်တယ်လို့ထင်ပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောဆိုသည်။