ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝကို ရိုက်ကူးထားသော The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ခရိုင် မဟာချိုင်မြို့များတွင် ဖေဖော်ဝါရီ၂ ရက်မှ ၁၆ ရက်အထိ ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။
The Lady ကို Major Cineplex Group Public Co. Ltd. က ၎င်းတို့၏ IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့်ပြသ ခွင့် ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတဦးဖြစ်သည့် ကိုမျိုးက ပြောသည်။ လတ်တလောတွင် လက်မှတ် ၇၀၀၀ ခန့် ဈေးကွက် တွင်း ဖြန့်ချိထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
The Lady ရုပ်ရှင် လက်မှတ်တစောင်လျှင် ထိုင်းဘတ် ၁၄၀ ဖြင့် ဖြန့်ချိလျက်ရှိကြောင်း၊ မူလတန်ဖိုးမှာ ဘတ် ၁၆၀ ဖြစ်ကြောင်း၊ ရုပ် ရှင် ကြည့်သူများကို ဘိုးလိန်း ကစားခြင်း နှင့် ကာရာအိုကေ သီဆိုခွင့်အတွက် အခမဲ့ ဝန်ဆောင်မှု ပေးထားကြောင်း လက်မှတ်ဖြန့်ချိသူ တဦးဖြစ်သည့် မငယ်ကလည်း ပြောပြသည်။
လက်မှတ် ဝယ်ယူထားသူ တဦးဖြစ်သော ကိုထွန်းဇော်က The Lady ရုပ်ရှင်ကို အမျိုးသားရေးအမြင်ဖြင့် အားပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ မဖြစ်မနေ အားပေးကြည့်ရှုသင့်ကြောင်း ပြောသည်။
“ကျနော်တို့လို အသက်၂၀ ကျော် ၃၀ အရွယ် လူငယ်တွေအနေနဲ့ အမေစုအကြောင်း အသေအချာသိတဲ့သူ အရမ်းနည်းတယ်။ ဒါကြောင့် ဒီဇာတ်ကားကို ရုံတင်ပြတာ အင်မတန် ဝမ်းသာတယ်။ ဒီကားကို မြန်မာတွေ အားလုံးကြည့်သင့်တယ်”ဟု ၎င်းက ဆိုသည်။
ယင်းဇာတ်ကားကို မူလက ရုပ်ရှင်ရုံ တရုံတွင် တပွဲနှုန်းဖြင့် ပြသရန် စိတ်ကူးခဲ့သော်လည်း ပျံ့နှံ့နေသော မြန်မာနိုင်ငံသားများ နီးစပ် ရာ နေရာများတွင် ကြည့်ရှုနိုင်ရန် Major Cineplex Group Public Co. Ltd.မှ ရုပ်ရှင်ရုံကြီးများကို သတင်း၂ ပတ်တိတိ ငှားရမ်း ပြ သရခြင်းဖြစ်ကြောင်း ကိုမျိုးက ဆက်လက် ရှင်းပြသည်။
“ဒါကြောင့် ဒီဇာတ်ကားကို ရုံတင်ပြသနိုင်အောင် ကျနော်ရယ် ကျနော့်မိတ်ဆွေ ထိုင်း စီးပွားရေးသမား တချို့နဲ့ တိုင်ပင်ပြီး ပြသဖို့ စီစဉ်လိုက်တာပါ။ လူတွေကတော့ အရမ်းစိတ်ဝင်စားကြတယ်လေ။ ဖုန်းထိုးပြီး ခဏခဏမေးနေကြတယ်”ဟု ၎င်းက ဆိုသည်။
The Lady ရုပ်ရှင်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရိုက်ကူးခြင်း ဖြစ်ပြီး ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသည်။
မီရှဲလ်ယိုးသည် Tomorrow Never Dies ၊ Crouching Tiger, Hidden Dragon ၊ Memoirs of Geisha စသည့် ရုပ်ရှင်ကားများဖြင့် အောင်မြင် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် တဦးဖြစ်သည်။
The Lady ရုပ်ရှင်၌ ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် သို့ ပြန် လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ်ခန့် အထိ သရုပ်ဖော်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ဧရာဝတီ တိုင်း ဓနုဖြူမြို့သို့ သွားရောက်သည့် ပါတီ ခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း၊ NLD ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့် ဇာတ်ရုပ်များလည်း The Lady ၌ ပါဝင်၍ မြန်မာနိုင်ငံသားများစွာ သရုပ်ဆောင်ထားကြောင်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သူတဦးက ပြောဆိုဖူးသည်။