အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ရှမ်းတိုင်းရင်းသူ အမျိုးသမီးငယ် တဦးကို အမှုတခု နှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေး ရင်း စသုံးလုံးရုံး အဆောက်အအုံပေါ်မှပြုတ်ကျ သေဆုံးသွားခဲ့သော ဖြစ်ရပ်ကို မီဒီယာသို့ မပေါက်ကြားရေး အတွက် လျှို့ဝှက်စွာ ထိန်းသိမ်း ဆောင်ရွက်ရန် ဌာနတွင်း ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။
အိမ်ခြံမြေ ပိုင်ဆိုင်မှု အလွဲသုံးစားပြုခြင်းနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံရသူ အသက် ၁၉ နှစ် အရွယ်ရှိ မနန်းဝိုးဖန် သည် မတ် လ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ် သည်။
မနန်းဝိုးဖန် သေဆုံးမှုနှင့်ပတ်သက်ပြီး ပြည်တွင်း သတင်းထောက်များက သတင်းရယူရန် ကြိုးစားကြရာတွင် စသုံးလုံးဌာနက ဝန် ထမ်းများက ဒုက္ခရောက်သွားနိုင်သည်ဟူသော ပြောဆို ခြိမ်းခြောက်မှုများပြုလုပ်ကြောင်းလည်း သတင်းသမားများက ပြောသည်။
“မင်း ဒုက္ခရောက်သွားချင်သလား၊ အန္တရာယ်ဖြစ်သွားချင်သလားပေါ့ စသုံးလုံးဝန်ထမ်းက ပြောတယ်။ အဲဒီ သတင်းလိုက်တဲ့
သတင်းထောက်တော်တော်များများကို ခြိမ်းခြောက်ခံရတာ။ နောက်ဆုံး စုံစမ်းသိရှိရတာကတော့ ဒီကိစ္စကို သတင်းမီဒီယာတွေကို မပေါက်ကြားစေဖို့ လျှို့ဝှက်ထိန်းသိမ်းခိုင်းထားတယ်လို့ သိရပါတယ်”ဟု ပြည်တွင်း သတင်းသမားတဦးက ပြောပြသည်။
မနန်းဝိုးဖန် အမှုကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်စသုံးလုံးရုံးသို့ ဆက်သွယ်မေးမြန်းသော ဖုန်းများအားလုံးကိုလည်း ပြန်လည်ဖြေကြား ခြင်းမပြုဘဲ အကြိမ်ကြိမ် ဖုန်းချသွားခဲ့ကြောင်း သတင်းထောက်များက ဆိုသည်။
ယမန်နေ့က မနန်းဝိုးဖန်၏ အသုဘအခမ်းအနားကို ရန်ကုန်တိုင်း လှိုင်သာယာ ထိန်ပင်သုသာန်တွင် ပြုလုပ်ခဲ့ပြီး သတင်းထောက် များ မလာရောက်နိုင်ရန် အချိန်နှင့် နေရာအသိမပေးခြင်း၊ မိသားစုဝင်များကို သတင်းထောက်များနှင့် ထိတွေ့မှု မရှိစေရန် လုပ်ဆောင်ခြင်းများပြုလုပ်ခဲ့သည်ဟုလည်း သတင်းထောက်များက ပြောဆိုသည်။
စသုံးလုံးက ယင်းသတင်းကို နေပြည်တော်သို့ ပေါက်ကြားခြင်းမရှိစေလိုသောကြောင့် ထိန်းချုပ်မှုများပြုလုပ်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော စသုံးလုံး ဝန်ထမ်းတချို့က ပြောသည်။
“အခုတောင် တော်တော်ပြဿနာတက်နေတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကြီး လူထုတွေမှာရော၊ လူကြီးတွေ နားအထိ မရောက်စေချင် တာကြောင့်လို့ပဲ ထင်တယ်။ ကိစ္စကတော့ ဌာနတွင်းမှာတော့ ဒါကို ဘယ်သူက မေးလာပါစေ မဖြေရဘူး၊ မပြောရဘူး။ လျှို့ဝှက် ကိစ္စပေါ့။ ဌာန သိက္ခာကျမှာ၊ လူတွေ အပြစ်တင်ခံရမှာကြောင့်ပဲ”ဟု အမည်မဖော်လိုသော စ သုံးလုံး စုံစမ်းရေးမှူးတဦးက ပြော သည်။
စသုံးလုံးက သတင်းထိန်းချုပ်လင့်ကစား ပြည်တွင်းသတင်းဂျာနယ်တချို့က ယင်းသတင်းကို အင်တာနက် စာမျက်နှာများတွင် စတင်ဖော်ပြခဲ့ကြသည်။
ယနေ့ထုတ် Venus News ဂျာနယ်၌ မနန်းဝိုးဖန် သေဆုံးမှုနှင့်ပတ်သက်ပြီး“စစ်မေးရင်း မူးဝေအော့အန်ပြီး ပြတင်းပေါက်က ပြုတ် ကျသွားတယ်လို့ ကျနော့်ဆီကို သတင်းတက်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြား ကြောင်း ဖော်ပြထားသည်။
မနန်းဝိုးဖန်၏ ရှေ့နေဖြစ်သူ မအိအိအောင်ကမူ ၎င်းတို့ကို မတ် ၂၁ ရက်နေ့မှ စတင်ပြီး စသုံးလုံးက တညလုံး စစ်မေးခဲ့ကြောင်း၊ မနန်းဝိုးဖန် သည် အလွန်ကြောက်တတ်သူဖြစ်ပြီး စစ်ဆေးခံနေရချိန်တွင် တယောက်တည်းထား ကြောင်း၊ မတ်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် မူးဝေအော့အန်ပြီး ပြတင်းပေါက်မှ ပြုတ်ကျသွားခဲ့ကြောင်း Yangon Press International သတင်းတွင်လည်း ရေး သား ထားသည်။
“တရားလိုဖြစ်တဲ့ မနန်းဝိုးဖန်ကို ဘာလို့ တနေကုန်၊ တညလုံး စစ်ရသလဲ။ တရားလိုကို တရားခံလို ဘာကြောင့် စစ်တာလဲ။ ဒါတွေ မေးခွန်းထုတ်စရာတွေပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတဦးကို ပုဒ်မ ၈ ပုဒ်မ ၃၇၆ တွင် နိုင်ငံတော် လုံခြုံရေး၊ ဥပဒေစိုးမိုးရေး၊ အများပြည်သူ အေး ချမ်း သာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင် ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည် ဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှ တစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်းမပြုရ ပြဋ္ဌာန်းထားသည်။
ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကမူ မနန်းဝိုးဖန်၏ အမှုကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားနိုင်ရန် လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း ပြောသည်။
ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်ဇာတိဖြစ်သော မနန်းဝိုးဖန်သည် အိမ်ခြံမြေကွက် များစွာကို သူ၏ နာမည်ဖြင့်ဝယ်ယူထားကြောင်း၊ ဝယ်ယူထားသော ပိုင်ဆိုင်မှုများကို မနန်းဝိုးဖန်ထံတွင် အလုပ်လုပ်နေသော ကိုကို ခေါ် ကုလား က အလွဲသုံးစားလုပ်သဖြင့် လှိုင် သာယာ ရဲခစန်းတွင် ပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့် ခဲ့သည်။
ယင်းအမှုကို စသုံးလုံးက လွှဲပြောင်းလက်ခံခဲ့ပြီး မနန်းဝိုးဖန်နှင့် ရှေ့နေဖြစ်သူ မအိအိအောင်ကို မတ်လ၂၁ ရက်နေ့တွင် စသုံးလုံးရုံး တည်ရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ၅ ထပ်အဆောက်အအုံတွင် ၃ ရက်တိတိခေါ်ယူစစ်ဆေးခဲ့ပြီး နေအိမ်သို့ ပြန်ခွင့်မပြုခဲ့ကြောင်း၊ မတ်လ၂၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မနန်းဝိုးဖန်သည် ခေါ်ယူစစ်ဆေးနေသော ၅ ထပ် စသုံးလုံး အဆောက်အအုံပေါ်မှ ရုတ်တရက် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။