အထူး စုံစမ်းစစ်ရေး ဦးစီးဌာန(စသုံးလုံး)က စစ်ဆေးရင်း သေဆုံးသွားခဲ့ရသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်အမှုနှင့်ပတ်သက်ပြီး ယမန်နေ့က ရန်ကုန်မြို့ရှိ ဆာကူရာ တာဝါ ၌ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲတွင် မနန်းဝိုးဖန် သည် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် စသုံးလုံး အဆောက်အအုံ ၅ ထပ်ပေါ်မှ ခုန်ချ သေဆုံး သွားခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟိကို က ပြောကြားသည်။
“၁၉ နှစ်ရှိသေးတဲ့ သူ့ကို သုံးရက်တိတိ၊ တနေ့မှာ၂ နာရီပဲ ပေးနားပြီး စစ်ဆေးတယ်။ သူက ကြောက်တတ်တယ်။ သူစိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပြီး ခုန်ချသွားတာ။ ပြုတ်ကျတယ်ဆိုတာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
ထို့အပြင် ယခုအမှုတွင် လာဘ်ပေး လာဘ်ယူမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးမှုများ ပါဝင်နေကြောင်း ကြားသိရသည်ဟုလည်း နာမဆဲ မိုတိုဟိကို က ဆိုသည်။
“တရားဥပဒေစိုးမိုးမှု ဘယ်မှာလဲ။ ဘာဖြစ်လို့ ဒီလောက်ငယ်ရွယ်တဲ့ အမျိုးသမီးလေးကို ဒီလို စစ်တာလဲ။ ဒီကိစ္စမှာ ကျနော်ကြား တာ မနန်းဝိုးဖန်ကို ဖမ်းဆီးစစ်ဆေးခိုင်းတဲ့သူက စသုံးလုံးကို ကားတစီးတောင် လာဘ်ထိုးထားတယ်ကြားတယ်”ဟု မစ္စတာ နာမဆဲ မိုတိုဟိကို က ဆက်ပြောသည်။
ကာလတန်ဖိုး ကျပ် သိန်း သုံးသောင်း တန်ဖိုးရှိ မြေကွက်များကို မနန်းဝိုးဖန်အမည်ဖြင့် ခင်ပွန်းဖြစ်သူ မစ္စတာ နာမဆဲ မိုတိုဟိကို က ယူနတီ အိမ်ခြံမြေကုမ္ပဏီ၏ စီစဉ်ပေးမှုဖြင့် ဝယ်ယူပေးထားခဲ့ကြောင်း၊ မစ္စတာ နာမဆဲ မိုတိုဟိကို၏ လူယုံတဦးဖြစ်သော ကိုကို(ခေါ်)ကုလား က မနန်းဝိုးဖန် အမည်ဖြင့် ဝယ်ယူထားသော မြေကွက်များကို သူပိုင်ဆိုင်ကြောင်း ပြောဆိုပြီး အလွဲသုံးစားပြုလုပ်ကြောင်း သိရသည်။
ထို့ကြောင့် မနန်းဝိုးဖန်က လှိုင်သာယာရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ကိုကိုဇော်က တရားခံကို ဖမ်းဆီးခြင်းမရှိဘဲ မြေကွက်များ ဝယ်ယူထားသော မနန်းဝိုးဖန်ကို စသုံးလုံးသို့ လွှဲပြောင်းပေးကြောင်း၊ စသုံးလုံးက မြေကွက်များဝယ်ယူသော ငွေကြေး ရရှိမှုလမ်းကြောင်းကို အတင်းအကျပ် စစ်မေးခဲ့ကြောင်း၊ တရားခံ ကိုကို(ခေါ်)ကုလား ကိုမူ အရေးယူခြင်းမရှိဘဲ တရားလိုကို တရားခံသဖွယ် ဥပဒေနှင့်မညီ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မနန်းဝိုးဖန်၏ ရှေ့နေဖြစ်သူ မအိအိအောင်က ပြောပြသည်။
မတ်လ ၂၁ ရက်တွင် ၎င်းတို့ ၂ ဦးကို စသုံးလုံးက ခေါ်ယူ စစ်မေးကြောင်း၊ ၎င်းကို စစ်မေးပြီးပြန်ခိုင်းသော်လည်း မနန်းဝိုးဖန်ကို ဆက်လက် ခေါ်ယူထားကြောင်းလည်း မအိအိအောင်က ပြောသည်။
“ကျမရော၊ မနန်းဝိုးဖန် နားမှာ အစောင့်တယောက်စီ ထားတယ်။ အိမ်သာသွားတာက အစ အဲဒီ အစောင့် က လိုက်တယ်။ ဘယ်မှလည်း ပေးမသွားဘူး။ အိပ်ချိန် နည်းနည်းပေးလိုက်၊ အမှုစစ်လိုက် လုပ်တယ်။ မနန်းဝိုးဖန် က နဂို ကလည်း ကြောက်တတ်တယ်။ အဲဒီတော့ ဘာမှ မစားတော့ဘူး။ ရေသောက်ရင်တောင် ရေပြန်အန်တယ်။ အိပ်လည်း မအိပ်ဘူး။ နောက်ဆုံးမြင်လိုက်ရတာ က တော့ အခန်းထဲကပြေးထွက်တာ မြင်ရပြီး သူကျသွားတာပဲ။ ပြုတ်ကျတာလား၊ ခုန်ချတာလားတော့ ကျမသေသေချာချာ မမြင်လိုက် ရ လို့ မသိဘူး”ဟု မအိအိအောင်က ဆိုသည်။
မနန်းဝိုးဖန်သည် မတ်လ၂၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စသုံးလုံးရုံး တည်ရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ၅ ထပ် အဆောက်အအုံ ပေါ်မှ ကျပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
မအိအိအောင်က ဆက်လက်၍ ၎င်းထံမှ ကျပ် သိန်း သုံးသောင်း တန်ဖိုးရှိ မြေကွက် စာချုပ်စာတမ်း နှင့် ပိုင်ဆိုင်မှု အထောက် အ ထားများကို စသုံးလုံးကသိမ်းဆည်းထားပြီး မိသားစုဝင်များက ပြန်လည်တောင်းယူသော်လည်း အထက်အမိန့်စောင့်ရမည်ဟု ပြော ဆို၍ ပြန်မပေးကြောင်းလည်း ပြောပြသည်။
မနန်းဝိုးဖန်ကို အဓိက စစ်မေးရန်ခေါ်ယူခဲ့သူနှင့် စစ်မေးခဲ့သူများတွင် စသုံးလုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးလွင်နှင့် စသုံးလုံး ဝန်ထမ်း ဦးကျော်ကျော်အောင် တို့ပါဝင်ကြောင်း သိရှိရသည်။
ယခု သတင်းစာရှင်းလင်းပွဲကို ရှမ်း တိုင်းရင်းသား တဦးဖြစ်သည့် မနန်ဝိုးဖန်၏ ဖခင်သည် မြန်မာစကား မပြောတတ်သောကြောင့် စကားပြန်ဖြင့် ပြုလုပ်ခဲ့ရပြီး ဆွေမျိုးများကို ပြန်လည်ခေါ်ယူရန် ကြိုးစားသော်လည်း စသုံးလုံးက ပြန်ခွင့်မပြုဘဲ တားမြစ်ထားကြောင်း မနန်းဝိုးဖန် ၏ ဖခင်က ပြောဆိုသည်။
“နယ်ကို ပြန်ပြီး ရှမ်း ဒုတိယ သမ္မတ စိုင်းမောက်ခမ်းကို တိုင်ဖို့ လူပြန်ခေါ်ချင်တယ်။ ဒါပေမယ့် စသုံးလုံးက နေ့ချင်းပြန် လေယာဉ်နဲ့ အသွားအပြန်လုပ်မှာကိုတောင် သွားခွင့်မပေးဘူး”ဟု မနန်းဝိုးဖန်၏ ဖခင် ဦးအိုက်ခမ်းက ပြောသည်။
လက်ရှိအချိန်အထိ စသုံးလုံးက မနန်းဝိုးဖန်သေဆုံးမှုသည် မတော်တဆဟု ပြောဆိုသော်လည်း မိသားစုဝင်များနှင့် ခင်ပွန်းဖြစ် သူကမူ လုံး၀ လက်မခံကြောင်း ပြောဆိုကြသည်။
မူလက မနန်းဝိုးဖန်၏ အလောင်းကို စသုံးလုံးက ဦးစီးသဂြုႋဟ်လိုက်ပြီဟု သတင်းထွက်ပေါ်ခဲ့သော်လည်း သင်္ဂြိုဟ်ခြင်း မရှိသေးဘဲ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံမှ ထိန်ပင် သုသာန်စသို့ ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းကို ထိန်ပင်သုသာန် အအေး တိုက်တွင် ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး ဈာပန အခမ်းအနားကို လာမည့် စနေနေ့ ၁ နာရီတွင် စသုံးလုံးက ဦးစီးပြုလုပ်မည်ဖြစ် ကြောင်း မိသားစုဝင်များက ပြောပြသည်။
မနန်ဝိုးဖန်၏ အမှုကို စုံစမ်းခဲ့ကြသော Yangon Press International(YPI)မှ သတင်းထောက်ကိုသူရမျိုး နှင့် The Voice ဂျာနယ် မှ သတင်းထောက်တဦး အပါအဝင် သတင်းထောက်များမှာ စသုံးလုံး၏ ခြိမ်းခြောက်မှု ကို ခံခဲ့ရသည်ဟု ပြောဆိုကြသည်။
ယမန်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ စသုံးလုံးနှင့် ရဲ အထူးသတင်းတပ်ဖွဲ့(SB)မှ လာရောက်ပြီး သတင်း ယူသော သတင်းထောက်များနှင့် မနန်းဝိုးဖန် ၏ မိသားစုကို ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး၍ မှတ်တမ်း တင်ခဲ့ကြသည်။
ယင်းအမှုကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၊ အလုံမြို့ နယ် ပြည်သူု့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် တို့က အသေးစိတ် စုံစမ်းမှုများပြုလုပ်နေပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ဟု ဧရာဝတီသို့ ပြောဆိုသည်။