ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်တွင် အိမ်ဖော်မိန်း ကလေးတဦးအား အိမ်ရှင်က ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့မှု သတင်းများ အင်တာနက် စာမျက်နှာပေါ်တွင် ပေါက်ကြားလာပြီးနောက် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် (နရခ) က စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ပဲခူးတိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး အဖွဲ့ရဲ အရာရှိများက ပြောသည်။
အသက် ၁၅ နှစ်အရွယ် အိမ်ဖော် မိန်းကလေး တဦး၏ လည်ပင်းနှင့် ပုခုံးတို့တွင် အရေပြား စုတ်ပြဲဒဏ်ရာများ ရရှိထားပုံကို အင်တာနက် လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့ လာပြီးနောက် စုံစမ်းစစ်ဆေးရန် ဖိအားပေးလာခြင်းဖြစ်ကြောင်း ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ တာဝန်ခံ ဒု ရဲမှူး ဦးရဲဝင်းအောင် က ဧရာဝတီသို့ ပြောသည်။
“နေပြည်တော်က ကျနော်တို့ကို မနေ့က နောက်ဆုံးတောင်းထားတယ်။ ကျနော်တို့က တင်ရမှာပဲ အပေါ်က စုံစမ်းခိုင်းတာကိုး။ ခုထိတော့ ကျနော်တို့ဘက်က မျက်မြင်တွေကိုပဲ မေးမြန်းထားတာပဲရှိသေးတယ်။ ကာယကံရှင်တွေနဲ့က တိုက်ရိုက်မရသေးဘူး။ ပြည့် စုံတာနဲ့တင်မှာပါ”ဟု ၎င်းက ပြောပြသည်။
ရဲ စစ်ချက်မှတ်တမ်းတွင် ယခင်လ ၂၅ ရက်နေ့က ပဲခူး ဥဿာမြို့သစ်ရပ်ကွက်တွင်နေထိုင်သူ ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း ၏ ဇနီး ဒေါ်ဖြူဝင်းသက်မှ ၎င်းတို့ အိမ်တွင် အိမ်ဖော်အဖြစ်လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မအေးယုအောင် ကို မီးပူဖြင့် အနာတရဖြစ်စေသော လက်ရောက်ကျူးလွန်မှုကို မျက်မြင်များထံမှ စုံစမ်းသတင်းရရှိထားကြောင်း ရဲအရာရှိများက ပြောသည်။
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး၏ ပြောပြချက် (ရုပ်/သံ)။ ဤ Video အား Myanmar News Now မှ ကူးယူ၍ ပြန်လည် ဖော်ပြပါသည်။ |
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ ရဲအုပ် ဦးမောင်မောင်ဝင်း၊ တပ်ကြပ်ကြီး ဦးအောင်ကျော် လင်း တို့က ဒေသခံ မျက်မြင်များကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားသော်လည်း ကာယကံရှင်များကို စစ်ဆေးမှုများ ပြုလုပ်နိုင် ရန် တိုင်းတရားရုံးက စစ်ဆေးခွင့်အမိန့်စာ ထုတ်ပြန်ပေးရန် ဦးတိုက် လျှောက်ထားပြီး ဖြစ်ကြောင်း ရဲအရာရှိများ က ရှင်းပြသည်။
“ကာယကံရှင်တွေကို စုံစမ်းဖို့ မနေ့က ကျနော်တို့သွားတယ်။ တရားသူကြီးဆီမှာ တရားဝင်ခွင့်ပြုချက်တောင်းပြီးမှ မေးလို့ရမယ် ဆိုလို့ ကျနော်တို့က ဘာမှမေးလို့မရသေးဘူး ဖြစ်နေတယ်။ အဲဒီအတွက် ကျနော်တို့ ဆက်ကြိုးစားနေပါတယ်”ဟု ဒုရဲမှူး ဦးရဲဝင်းအောင် က ဆက်ပြောသည်။
ယင်း အမှုအား ကွင်းဆင်း စုံစမ်းခဲ့သော တပ်ကြပ်ကြီး ဦးအောင်ကျော်လင်း ကလည်း“နရခ ကို အခင်းဖြစ်စဉ်မှန်၊ မမှန်ဆိုတာကို ကျနော်တို့ က စုံစမ်းပြီးတော့ ရတဲ့အချက်တွေကိုတော့ ပို့ပေးထားပါတယ်။ အပေါ်က ညွှန်ကြားလာမှ ဘာဆက် လုပ်ရမလဲဆိုတာ သိရပါမယ်”ဟု ပြောသည်။
ယခုဖြစ်ရပ်သည် ပဲခူးမြို့ အမှတ် (၃) ရဲစခန်း နယ်မြေတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အမှုဖွင့်တိုင်ကြားခြင်း၊ အကြောင်းကြားခြင်း များပြုလုပ်လာမှုမရှိကြောင်း၊ ထိုသတင်းကို ကြားသိပြီးနောက် ၎င်းတို့ ရဲအရာရှိများ ကွင်းဆင်း စုံစမ်းမှုများ ပြုလုပ်နေသကဲ့သို့ ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ ၏ စစ်ဆေးမေးမြန်းမှုများကိုလည်း ဖြေရှင်းပေးနေရကြောင်း အမှတ်(၃) စခန်းမှ စခန်းမှူး ဦးသိန်းဦး ကလည်း ပြောပြသည်။
ယခုအခါ အခင်းဖြစ်ပွားခဲ့သည့် နေအိမ်သည် သော့ခတ်ထားကြောင်း အိမ်နီးချင်းများနှင့် ဒေသခံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့မှာ မအေးယုအောင်အား ခေါ်ဆောင်ကာ နေရာပြောင်းရွှေ့သွားပြီဟု သတင်း များထွက်ပေါ်နေသော်လည်း လုပ်ဖော်ကိုင်ဖက် ရှေ့နေများနှင့် ရဲအရာရှိများက ပဲခူးမြို့ပေါ်တွင်ရှိပြီး ရုံးတက် နေကြောင်း ဧရာဝတီသို့ ပြောပြသည်။
မအေးယုအောင်နှင့် ပတ်သက်၍ အမှတ် (၃) စခန်းမှ စခန်းမှူး ဦးသိန်းဦး က ဦးအောင်ဖုန်းဝင်းအား ဆက်သွယ်မေးမြန်းရာတွင် ဇာတိ ကျောက်ကြီးမြို့နယ်ကို ပြန်ပို့လိုက်ကြောင်း အကြောင်းပြန်သည်ဟု ဆိုသည်။ သိုသော် မအေးယုအောင် အိမ်ပြန်ရောက် မရောက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။
မအေးယုအောင် အား လက်ရောက်ကျူးလွန်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် NEWDAY ဂျာနယ် သတင်း ထောက်တဦးက တရားသူကြီး ဦးအောင်ဖုန်းဝင်းကို သွားရောက် တွေ့ဆုံမေးမြန်းရာတွင်“ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာမှာ ပြောစရာ ဘာမှမရှိဘူး”ဟု ငြင်းဆန်ခဲ့သည်။ မအေးယုအောင် ကိုလည်း တွေ့ခွင့်မရရှိခဲ့ဟု ဆိုသည်။
ပဲခူးမြို့ လူမှုကူညီရေးအသင်းမှ ကိုကြည်လင်းကလည်း အခင်းဖြစ်ပွားခဲ့သည့် နေအိမ်သို့ ရန်ကုန်အခြေစိုက် သတင်းစာဆရာများ လာရောက်စုံစမ်းမှုများပြုလုပ်လာပြီးနောက် ကာယကံရှင် မိသားစုများမှာ နေအိမ်အားသော့ခတ်ပြီး ပြောင်းရွှေ့သွားကြောင်း၊ မအေးယုအောင်၏ အခြေအနေ ဆက်သွယ်မရတော့၍ စိတ်ပူနေကြကြောင်း ပြောသည်။
“သတင်းမီဒီယာတွေက လိုက်လာတော့ ရှောင်ပြေးသွားတယ်။ ကောင်မလေးမိဘတွေဆီကို ပြန်ပို့လိုက်တယ်လို့ပြောပေမယ့် ဘယ် သူမှ အသေချာမပြောနိုင်ဘူး။ အခုဟာက အဆက်အသွယ်တွေက ပြတ်နေတယ်။ ကလေးမလေးအတွက် စိတ်ပူတယ်”ဟု ဦးကြည်လင်း က ဆိုသည်။
ပဲခူးမြို့နယ် တရားရုံးချုပ်ရှေ့နေတဦးကမူ “အခုဟာက တရားသူကြီးနဲ့ ပတ်သက်နေတော့ ရဲတွေလည်း မထိရဲမကိုင်ရဲ ဖြစ်နေ တာ ဗျ။ ရဲတွေကအစ ကြောက်နေကြတာ။ ဦးအောင်ဖုန်းဝင်း က ဒီမှာပဲရှိနေတာပဲ”ဟု ပြောဆိုသည်။
လည်ပင်းနှင့် ပုခုံးများတွင် အရေပြားစုတ်ပြဲဒဏ်ရာများရရှိထားသူ မအေးယုအောင် ဈေးဝယ်ထွက်ရာတွင် ရပ်ကွက်တွင်း နေထိုင် သူ တချို့က မေးမြန်းရာ အိမ်ရှင် ဒေါ်ဖြူဝင်းသက် မှ မီးပူဖြင့်ကပ်ကြောင်း သိရှိရသဖြင့် အာဏာပိုင်များသိရန် ဒေသခံများက ကြိုးစားခဲ့ကြပြီးနောက် ယခုကဲ့သို့ အိမ်သော့ခတ်သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ပဲခူးမြို့ လူမှုကူညီရေးအသင်းမှ ရိုက်ကူးထားသော ရုပ်သံဖိုင်တွင် ဒဏ်ရာများနှင့် ကာယကံရှင်ဖြစ်သည့် မအေးယုအောင် က “မီးပူ ပြန်တိုက်တော့ နည်းနည်းအိပ်ငိုက်သွားတယ်။ ငိုက်သွားတော့ သမီး မျက်နှာသစ်ပြီးပြန်တိုက်တယ်။ တိုက်တော့ ဒီအချိန်ထိ နှစ် ထည် ပဲပြီးသေးလား။ ကြာတယ်တဲ့။ မီတာခ တက်တယ်ဆိုပြီးတော့ သူ့ဘာသာသူ ယူတိုက်တယ်။ စိတ်မရှည်တော့ ယူတိုက်ပြီး တော့ သမီးကို မီးပူယူပြီးတော့ ကပ်တယ်”ဟု ပြောဆိုသည်။
မအေးယုအောင်သည် ပဲခူးတိုင်း ကျောက်ကြီး ဇာတိဖြစ်ပြီး ဖခင်သေဆုံးပြီးနောက် စီးပွားရေးကြပ်တည်းသဖြင့် အလုပ်ကိုင် ရှာဖွေရာတွင် လူပွဲစားများ၏ ပို့ဆောင်မှုမှတဆင့် တရားသူကြီး ဦးအောင်ဖုန်းဝင်း ၏ အိမ်တွင် အိမ်ဖော်လုပ်ကိုင်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပဲခူးမြို့ လူမှုကူညီရေးအဖွဲ့မှ ကိုနေဝင်းက ပြောသည်။
“ကျနော်တို့ စုံစမ်းသမျှသိရတာက ကောင်မလေး အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အိမ်ကလည်း စားဝတ်နေရေး မပြေ လည် ရာကနေ အလုပ်ရှာရင်းနဲ့ ပွဲစားက လာပို့သွားတာလို့ သိရတယ်။ ခုလိုဖြစ်တော့ ဆွေမျိုးအစောင့်အရှောက်လည်း မရှိတော့ သတင်းဆက်ပြတ်တာပေါ့” ဟု ကိုနေဝင်း က ပြောဆိုသည်။