ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ပြီး ရာထူးနေရာကို အစားထိုးခန့်အပ်ဖို့ ထိပ်ဆုံးက ထင်ကြေးပေးခံရသူများစာရင်းမှာ လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကြည်းရေလေ ညှိုနှိုင်းရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့အပြင် အခုနောက်ဆုံး ရှေ့တန်းကို ထွက်လာသူက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေပါ။
နေပြည်တော်အစိုးရ သတင်းရပ်ကွက်အဆိုအရ ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြှောက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောတူညီမှု ရရှိသူ ဖြစ်ဖို့ အလားအလာကောင်းနေတယ်လို့ သိရပါတယ်။
“သူ့နောက်ကြောင်းက သန့်ရှင်းတယ်။ လူတွေနဲ့ ပြေလည်အောင် ဆက်ဆံတတ်တယ်။ တရင်းတနှီးလည်း ပေါင်းသင်းတတ်တော့ သူ ဖြစ်ဖို့များတယ်” လို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိကြီးတဦးက ဧရာဝတီကို ပြောပါတယ်။
ဦးမြင့်ဆွေနဲ့ ရင်းနှီးတဲ့ စီးပွွားရေးသမားတဦးကလည်း ဦးမြင့်ဆွေဟာ သမ္မတ ဦးသိန်းစိန်လို လာဘ်စားမှုအနည်းဆုံး စစ်အရာရှိကြီးတွေထဲက တယောက်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့လည်း မျက်ခြေမပြတ်ဘူးလို့လည်း ပြောပါတယ်။ “ဒါပေမယ့် သူက လူလုံးမပြဘူး။ ခပ်လျှိုလျှို ချည်းကပ်တတ်တာ သူ့သဘာဝပဲ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဦးမြင့်ဆွေကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာမှူး ကက်သရင်းအက်ရှတန်တို့နဲ့အတူ ရန်ကုန်မှာ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးတာ အများက မြင်တွေ့ခဲ့ရပါတယ်။
ဦးမြင့်ဆွေဟာ မွန်လူမျိုး ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၅ က ဆင်းလာခဲ့ပြီး ရာထူးအဆင့်ဆင့်တိုးလာကာ ၁၉၈၈ နောက်ပိုင်း ရန်ကုန်လုံခြုံရေးအတွက်ဖွဲ့တဲ့ တပ်မ ၁၁ ကို ကိုင်ရတယ်။
ဦးသိန်းစိန်ကို တြိဂံတိုင်းမှူး ခန့်လို့ စစ်ရုံးချုပ်မှာ လစ်လပ်သွားတဲ့ရာထူး (General Staff Officer) စစ်ဦးစီးအရာရှိ ဗိုလ်မှူးချုပ်ကို ဦးမြင့်ဆွေကို ခန့်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ အလုပ်လုပ်ရတာပါ။
နောက်ပိုင်းရာထူးအဆင့်ဆင့် တက်လာပြီး အရှေ့တောင်တိုင်းမှူး၊ အယုံကြည်ရဆုံးနဲ့ အထက်မြက်ဆုံး အရာရှိတွေကိုသာ ခန့်လေ့ရှိတဲ့ ရန်ကုန်တိုင်းမှူးထိ ရောက်လာခဲ့တယ်။ (Bureau of Special Operations 5 ) အမှတ် ၅ အထူးစစ်ဆင်ရေးမှူး ဖြစ်လာတော့လည်း ရန်ကုန်လုံခြုံရေးကို ကြီးကြပ်ရတာပါပဲ။
ဦးမြင့်ဆွေရဲ့ ရန်ကုန်လုံခြုံရေးတာဝန်တွေထဲမှာ ပြောစမှတ်ပြုစရာတွေ အတော်များပါတယ်။ ၂၀၀၂ မှာ ဦးနေဝင်းနဲ့ မိသားစုတွေကို ဖမ်းတာ၊ ၂၀၀၄ မှာ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေကို ဖမ်းတာတို့က ထင်ရှားပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း အထက်အမိန့်အရ ရန်ကုန်ကို ကိုင်ရပြန်ပါတယ်။ ရုပ်မြင်သံကြားမှာ အများမြင်ရတဲ့ သူ့ တာဝန်က သံဃာတွေကို ဆန်၊ဆီ၊ဆေးဝါးနဲ့ ဝတ္ထုကပ်လှူရတာ ဖြစ်သွားပါတယ်။
၂၀၀၈ နာဂစ် ကူညီထောက်ပံ့ရေးမှာလည်း ဦးမြင့်ဆွေပါပါတယ်။ မုန်တိုင်းသင့်ဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လှူလိုက်တဲ့ ပုံးတွေပေါ်မှာ ဦးမြင့်ဆွေလှူဒါန်းသည်ဆိုပြီး တံဆိပ်ကပ်ထားကြောင်း မြန်မာ့အရေးလှုပ်ရှားတက်ကြွသူတွေဖွဲ့ထားတဲ့ ALTSEAN အဖွဲ့က ရှာရှာဖွေဖွေ တွေ့ခဲ့ရတဲ့အထိပါ။
နောက်ဆုံး စစ်တပ်က မထွက်ရခင် ၂၀၀၉ မှာ ဦးသန်းရွှေက သူ့ကို ကာကွယ်ရေးဦးစီးချုပ် ခန့်နိုင်တယ်ဆိုပြီး သုံးသပ်ပြောဆိုသံတွေ ထွက်လာခဲ့ဖူးပါတယ်။
အခုတခေါက် ဒု-သမ္မတ ရာထူး ဦးမြင့်ဆွေကို တပ်မတော်ကိုယ်စားလှယ်အဖြစ် ရွေးနိုင်စရာ အကြောင်းတွေက အထက်မှာတင်ပြခဲ့သလို အားကောင်းနေသလို မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူရင်ဖြင့် ဦးမြင့်ဆွေ ရန်ကုန်ကိုစွန့်ပြီး နေပြည်တော်မှာ ရုံးထိုင်ရတော့မှာ ဖြစ်ပါတယ်။