“သားက ငါးသလောက်ပေါင်း သိပ်ကြိုက်တာ၊ ထောင်ဝင်စာသွားတွေ့တိုင်း ငါးသလောက်ပေါင်း ထည့်သွားတယ်”လို့ ဒေါ်ဌေးဌေးဝင်း က ပြောပြောဆိုဆိုနဲ့ ငါးသလောက် ပေါင်းအိုး ကို အငွေ့လုံအောင်ပြန်ဖုံးရင်း ပြောပြနေပါတယ်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် စိန်ရတနာလမ်းထဲက နှစ်ထပ်တိုက်အိမ်လေးရဲ့အောက်ဘက် မီးဖိုချောင်အခန်း လေးထဲမှာ အသက် ၄၀ ကျော်အရွယ် အသားအဖြူဖြူ၊ မျက်မှန်နဲ့ ဒေါ်ဌေးဌေးဝင်း တယောက် စစ်ကိုင်းတိုင်း မုံရွာထောင်မှာ အကျဉ်း ကျခံနေရတဲ့ သားဖြစ်သူ ဒီငြိမ်းလင်း ဆီကို ထောင်ဝင်စာသွားတွေ့ဖို့အတွက် တလှုပ်လှုပ်နဲ့ ချက်ပြုတ်နေတာပါ။
“ငါးသလောက် ကလည်း တခါတလေဆို ဝယ်လို့တောင်မရဘူး၊ မနည်းရှာဝယ်ပြီး လုပ်ပေးရတယ်”လို့လည်း ဒေါ်ဌေးဌေးဝင်းက ဆိုပါတယ်။
ဒေါ်ဌေးဌေးဝင်း အနေနဲ့ ကိုယ်တိုင်ကအကြောတက်တတ်လို့ ငါးသလောက်မစားပေမယ့် သားဖြစ်သူအတွက် ငါးသလောက် ပေါင်း ကိုတော့ နူးအိမွှေးကြိုင်နေအောင် သေသေချာချာပေါင်းပေးနေတယ်။
မုံရွာထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရတဲ့ သားဖြစ်သူ ဒီငြိမ်းလင်း နဲ့ တောင်ငူထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရ တဲ့ ခင်ပွန်းသည် ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဇော်မင်း တို့ဆီကို လစဉ်ပုံမှန်သွားရောက်ပြီး ထောင်ဝင်စာတွေ့လေ့ရှိပါတယ်။
ထောင်ဝင်စာ သွားတိုင်းလည်း သား နဲ့ ခင်ပွန်းသည်အကြိုက် အစားအသောက်လေးတွေကို စီစဉ်ချက်ပြုတ်ပြီး သယ်ယူသွားတတ် တယ်လို့ ပြောပါတယ်။
“သားက ကိုယ့်နားမှာ အမြဲတမ်းရှိနေသလိုပါပဲ။ သားကလည်း ရှားရှားပါးပါး နှစ်ယောက်တည်းရှိတယ်၊ သားကြီးမရှိတဲ့အခါမှ
သားကြီး သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းသင်းတွေကိုတွေ့ရင် သားကို အရမ်းသတိရတာပဲ၊ ကိုယ့်သားလေးကို ထမင်းစားတာ ကအစ သူကြိုက်တာလေးတွေ အမေကချက်တယ်၊ ထောင်ဝင်စာ သွားတွေ့တဲ့ အခါလည်း သားကြိုက်တဲ့ ဟာလေးတွေပဲပို့ပေး တယ်”လို့ ပြောပြောဆိုဆို နဲ့ ငါးသလောက်ပေါင်း ဒယ်အိုးလေးကို မီးဖိုပေါ်မှ ချရင်း ဒေါ်ဌေးဌေးဝင်းက ပြောနေပြန်တယ်။
အိမ်ခန်းထိပ်မှာ ဒီငြိမ်းလင်းပုံ နဲ့ သူ့ဖခင် ကိုဇော်ဇော်မင်း ရဲ့ ဘွဲဝတ်စုံနဲ့ဓာတ်ပုံကို တွဲလျက် ချိတ်ထားတယ်။
“ကျမ ခင်ပွန်းရဲ့ အဖေကလည်း နိုင်ငံရေးသမားပါ၊ သာယာဝတီ ထောင်ထဲမှာ ဆုံးသွားခဲ့တယ်၊ ပြီးတော့ ဒီငြိမ်းလင်းရဲ့ ဦးလေး က လည်း နိုင်ငံရေးသမားပဲဆိုတော့ ဒီကလေးရဲ့ဗီဇထဲမှာကို မဟုတ်မခံချင်တဲ့စိတ်ကပါနေခဲ့ပြီလေ”လို့လည်း ဒီငြိမ်းလင်း မိခင်ကပြော ပြပါသေးတယ်။
ဓာတ်ပုံထဲက အသားဖြူဖြူ၊ လူပုံနုနု၊ ပိန်ပိန်ပါးပါး နဲ့ သပ်သပ်ရပ်ရပ် ဝတ်းစားဆင်ယင်ထားတဲ့ ဒီငြိမ်းလင်းရဲ့ပုံပန်းသဏ္ဌာန်က နိုင်ငံ ရေးသမားတဦးထက် ဆယ်ကျော်သက်အရွယ် လူငယ်လေးတယောက်နဲ့ ပိုပြီး တူနေတယ်။
ဒါပေမယ့် အဲဒီလူငယ်လေးက ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ကျောင်းသားလူငယ်တွေကို ဦးဆောင်သူတွေထဲက တဦး ဖြစ်ခဲ့တယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ သံယာတော်တွေနဲ့အတူ မေတ္တာပို့လမ်းလျှောက်ခဲ့တဲ့ လူငယ်လေး တဦးကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်တာ မတရားဘူးလို့ ခံစားရကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။
ကိုဇော်ဇော်မင်းကို ရွှေဝါရောင် အရေးအခင်းကာလ မတိုင်ခင်၂၀၀၇ သြဂုတ်လ၂၁ ရက် ည ၁၂ နာရီလောက် အိမ်ကနေ ခေါ်သွားပြီး ဒီငြိမ်းလင်းကတော့ ရှောင်တိမ်းနေရင်းနဲ့၂၀၀၇ အောက်တိုဘာ၂၃ ရက် ရန်ကုန် ပါရမီတိုက်ခန်းမှာ အဖမ်းခံခဲ့ရတယ်လို့ သိရပါ တယ်။
“နှစ်ယောက်စလုံး မတရားခံကြရတာပဲ။ သူတို့မှာ အကြမ်းဖက်တာလည်း မဟုတ်ဘူး၊ လူထုကို ဆူပူအောင် လှုံ့ဆော်တာမျိုးလည်း မရှိဘဲနဲ့ ခံကြရတာ”လို့ ဒေါ်ဌေးဌေး ဝင်းက ခင်ပွန်းနဲ့ သား ဓာတ်ပုံကို ငေးကြည့်ရင်း ပြောနေပြန်ပါတယ်။
ဒီငြိမ်းလင်းက ငယ်ရွယ်ပေမယ့် စိတ်ဓာတ်ပြင်းထန်လို့ အချုပ်ကျစဉ်ကာလ တလျှောက်လုံး ရိုက်နှက် စစ်ဆေးခံခဲ့ရတဲ့ ဒဏ်နဲ့ ခေါင်း မှာ ဒဏ်ရာရခဲ့ပြီး အာရုံကြော ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
“သားကြီးက စိတ်ဓာတ်ပြင်းတယ်။ အရင်ကဆို ပိန်ပိန်လေးရယ်။ သား ခန္တီးထောင် ရောက်သွားပြီးတော့ အရမ်းကို ဝမ်းနည်းရ တယ်။ စိတ်မကောင်းဘူး။ ရက်စက်လိုက်တာလို့၊ ကျမသွားတဲ့ လမ်းခရီးတောင် ဒီလောက်ကြမ်းတမ်းနေတာ၊ သားကလက်ထိပ်နဲ့ ခြေချင်းနဲ့ ဖမ်းပြီးခေါ်သွားတာဆိုတော့ အစားဘယ်လိုစားမလဲဆိုတော့၊ သားက ပြောတယ်၊ ဘေးက လူတွေက သားကိုခွံ့ကျွေး
ကြပါတယ်တဲ့”လို့လည်း ဒေါ်ဌေးဌေးဝင်းက ပြောပြပါတယ်။
ခင်ပွန်းရော သားကြီးပါ အဖမ်းခံရပြီးနောက် သူလုပ်ကိုင်နေတဲ့ အမှတ် ၁ စက်မှု ဝန်ကြီးဌာနက နိုင်ငံရေးနဲ့ပတ်သက်မှု မရှိပေမယ့် လည်း မိသားစုဝင်ဖြစ်နေလို့ ဆိုပြီး ဒေါ်ဌေးဌေးဝင်းကို အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။
အလုပ်လည်းပြုတ် သားနဲ့ ခင်ပွန်းကလည်း နယ်အဝေး ထောင်တွေမှာ ရောက်နေပေမယ့် ထောင်ဝင်စာ ပုံမှန် တွေ့နိုင်ဖို့ကို တော့ ဒေါ်ဌေးဌေးဝင်း ကြိုးစားနိုင်ခဲ့ပါတယ်။ လက်ရှိ နေထိုင်တဲ့ နှစ်ထပ်တိုက်လေးရဲ့ အောက်ထပ်ကို ငှားနေတဲ့အတွက် လစဉ်အိမ်ငှားခငွေ၊ ထောင်ဝင်စာ ပုံမှန်သွားဖို့အတွက် ကုန်ကျစရိတ်နဲ့ ထောင်ဝင်စာစရိတ် စတာတွေက သူ့ကို ဖိဆီးစေခဲ့ပါတယ်။
“ကျမတို့ ညီအစ်မက အပ်ထည်တွေကို လက်ခံပြီး ချုပ်ရိုးလိုက်ပေးတာတွေ လုပ်ကြတယ်၊ သားက မုံရွာထောင်ကျတော့ မုံရွာသွားရင် မုံရွာထည်လေးတွေကို ဝယ်လာပြီး ဒီကဈေးမှာ ပြန်သွင်းနဲ့လုပ်ကြရတာပဲ၊ ကိုယ်က ခြိုးခြံပြီး နေထိုင် စားသောက်တယ်၊ သူတို့ သားအဖ အတွက်တော့ ပြည့်စုံအောင် လုပ်ပေးတယ်”လို့ ဌေးဌေးဝင်းက မျက်ရည်စတွေကို သိမ်းရင်း ပြောပြတယ်။
ပုံမှန်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် ရုန်းကန်နေရတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတယောက်အနေနဲ့ ခက်ခဲကြမ်း တမ်းလှပေမယ့် ခင်ပွန်သည်နဲ့ သားအတွက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။
“သူတို့သားအဖက နိုင်ငံအတွက် လုပ်နေတာပဲ၊ အဲဒါကို ကျမ ဂုဏ်လည်း ယူပါတယ်။ တခုပဲ စိတ်မကောင်းဖြစ်မိတာ၊ ထောင်တွေမှာကမပြည့်စုံတော့ သူတို့ဒုက္ခရောက်တာကို ဝမ်းနည်းမိတယ်၊ စိတ်မကောင်းဖြစ်ရတယ်”လို့ ဒေါ်ဌေးဌေးဝင်းက ဆက်ပြောပြ ပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် မိသားစုဝင်တွေက အခုလို အနစ်နာခံ ပံ့ပိုးပေးနေလို့သာ နိုင်ငံရေးလုပ်နိုင်တာလို့ ၈၈ မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းကလည်း ပြောဆိုပါတယ်။
“အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေက စာနာနားလည်ပြီးတော့ ကျားကန်ပြီး ကူညီပေးကြလို့သာ ကျနော်တို့လည်း ကြံ့ကြံ့ခံနိုင်တာပါ။ အဲဒီအတွက် မိသားစုဝင်တွေကို ကျနော်တို့က အများကြီး ကျေးဇူးတင်ရပါတယ်”လို့ ကိုချစ်ကိုလင်းက ပြောပါတယ်။
ကိုချစ်ကိုလင်းဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပခုက္ကူထောင်ကနေ ပြန် လည် လွတ်မြောက်လာသူ ဖြစ်ပါတယ်။
သမ္မတအမိန့်အရ ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးထဲမှာ ကိုချစ်ကိုလင်း တို့လို နိုင်ငံရေး အကျဉ်းသား၂၀၀ ကျော်ပဲ ပါဝင်ခဲ့ပါတယ်။
၁၉၈၈ အရေးခင်း ကာလ ကျောင်းသားလှုပ်ရှားမူတွေမှာ စတင်ပါဝင်ခဲ့ပြီးနောက် ကိုချစ်ကိုလင်းဟာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမို ကရေစီရေး လှုပ်ရှားမူ အစည်းရုံးမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရဆဲဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်တို့နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လထဲမှာပဲ ကိုချစ်ကိုလင်းကို ကုန်ဈေးနှုန်းကျဆင်းရေး ဆေန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပြီးနောက် ဇနီးဖြစ်သူ မသက်သက်အောင်လည်း ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။
မသက်သက်အောင်ဟာ ၈၈ မျိုးဆက်ကျောင်းသူတဦး ဖြစ်ပြီး လက်ရှိ မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရဆဲဖြစ်တယ် လို့ သိရပါတယ်။
ကိုချစ်ကိုလင်းက“စာထဲမှာတော့ ရှိတယ်၊ အပျော်ဆုံးရက် သုံးရက်ထဲမှာ ထောင်ကလွတ်တဲ့ ရက်လည်း ပါတယ်ပေါ့၊ ဒါပေမယ့် ကျနော့် အနေနဲ့လုံး၀ မပျော်နိုင်ပါဘူး။ မပျော်တဲ့အပြင် အင်မတန်မှ ကြေကွဲဝမ်းနည်း ခံစားရပါတယ်။ ဘာလို့လည်း ဆိုတော့ ကျနော့်ရဲ့ဘ၀ တသက် တာ လက်တွဲဖော် ချစ်ဇနီးက အခုထက်ထိ အုတ်တံတိုင်း လေးဘက်သံတိုင်တွေရဲ့နောက်မှာ ကျန်ခဲ့ပါတယ်။ ပြီးတော့ မိတ်ဆွေ သူငယ်ချင်းတွေလည်း ကျန်ခဲ့တဲ့အတွက် စိတ်မကောင်းဘူး”လို့ ပြောပြတယ်။
ကိုချစ်ကိုလင်းဟာ ထောင်က ထွက်လာပြီးနောက် ၁၂ နှစ်ရွယ်၊ ၈ နှစ်အရွယ်နဲ့ ၄ နှစ်အရွယ်ရှိတဲ့ သား ၃ယောက် အတွက် စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတာတွေကို ဖခင်ရော မိခင်နေရာကပါ စောင့်ရှောက်ပေး နေရတယ်လို့ လည်း သိရပါတယ်။
ထောင်မကျမီက နေထိုင်ခဲ့တဲ့ မအူပင်လမ်းက ၁၅ ပေ၊ ပေ ၇၀ အိမ်ခန်းကို ရောင်းလိုက်ရပြီး အခုအခါမှာတော့ စမ်းချောင်းက မင်္ဂလာ လမ်း၊ ၅ လွှာ၊ ၁၂ ပေ၊ ပေ ၅၀ တိုက်ခန်းလေးမှာ သား ၃ ယောက်၊ ယောက္ခမ၊ ယောက်ဖ၊ ခယ်မ၊ အဒေါ်ဖြစ်သူတို့နဲ့အတူ နေ ထိုင်ကြပါတယ်။
ခုလိုတိုက်ခန်းကျဉ်းကျဉ်းမှာ စုနေရတဲ့အခါ ကလေးတွေအနေနဲ့ အနေထိုင်ကျဉ်းကြပ်တာကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ် လို့ ကိုချစ်ကိုလင်းက ပြောပါတယ်။ ဒါ့အပြင် ထောင်ကျနေစဉ်မှာ ထောင်ဝင်စာအတွက်ကုန်ကျစရိတ်တွေကိုလည်း အိမ်ရောင်းပြီး သုံးခဲ့ရတဲ့အတွက် မိသားစု စီးပွားရေးပြန်လည်ထူထောင်ဖို့လည်း အခက်အခဲရှိတယ်လို့ ဆိုတယ်။
ကိုချစ်ကိုလင်းကဆက်ပြီး“အစကတော့ စိုးရိမ်စိတ်ရှိတယ်။ ဘယ်လို စိုးရိမ်စိတ်ရှိလဲဆိုတော့ ကိုယ့်ရဲ့ရင်သွေးတွေကများ အပြစ်တင်ကြ မလား၊ ဖေဖေတို့ မေမေ တို့က သူတို့ကိုထားခဲ့တယ် ဆိုတဲ့ အတွွေးများရှိမလား ဆိုပြီး စိတ်ပူပါတယ်။ ဒါပေမယ့် သားတွေက နားလည်မှု ပေးပါတယ်။ သားကြီးနဲ့ သားလတ်က နားလည်တဲ့အရွယ်ရောက်နေတော့ သူတို့အဖေအမေ နိုင်ငံရေးလုပ်လို့ သူတို့ကို ထားခဲ့ရတယ်ဆိုတာ နားလည်နေပြီ”လို့ ပြောပြပါတယ်။
ကိုချစ်ကိုလင်းနဲ့ မသက်သက်အောင်တို့ဟာ သူတို့အတွက် ဂုဏ်ယူစရာ ဖခင်နဲ့ မိခင်ဖြစ်တယ်လို့လည်း သားဖြစ်သူတွေက ပြော ဆိုကြတယ်။
“သားဖေဖေ နိုင်ငံရေးလုပ်တာကို သားက ဂုဏ်ယူပါတယ်။ သားကြီးလာရင်လည်း လုပ်မှာပဲ”လို့ အလယ်တန်း အဆင့် ပညာ သင်
ကြား နေတဲ့ ကိုချစ်ကိုလင်းရဲ့ သားကြီးကပြောပါတယ်။
ကိုချစ်ကိုလင်းကလည်း မိသားစုကို ထားခဲ့ရပြီး နိုင်ငံရေးလုပ်ကိုင်နေတဲ့ ဖခင်တယောက်ရဲ့ သားသမီးနဲ့ဇနီးသည်တို့အပေါ် ပူပန်မှု တွေ နဲ့ စိတ်မအေးချမ်းနိုင်ပေမယ့်လည်း နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးဖြစ်လို့ ဆက်လက်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
“နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်း ဆိုင်တဲ့ ကိစ္စလည်း ဖြစ်တော့ ဆက်လုပ်သွားဦးမှာပါ”လို့လည်း သူက ဆိုပါတယ်။
ဒေါ်ဌေးဌေးဝင်းကလည်း နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ တိုင်းပြည်အတွက်၊ ဒီမိုကရေစီရေးအတွက် အနစ်နာခံ ပေးဆပ်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“မိသားစုတွေကိုလည်း ပေးဆပ်ရတယ်၊ ဆင်းဆင်းရဲရဲနဲ့ ဒုက္ခခံပြီး နေနေတာပါ၊ မြန်မာပြည်က နိုင်ငံရေးသမားဘ၀ ဘယ်လောက်ကြမ်း သလဲ။ မိသားစုတွေကော ဘယ်လောက် ဒုက္ခရောက်သလဲ၊ ဒါတွေကို သိတဲ့ နားလည်တဲ့ သူတွေကတော့ အားပေးကြပါတယ်၊ လူအများစုကတော့ နားမလည်ကြဘူး၊ ဒီအိမ်က သူပုန့်အိမ်ဆိုပြီး အိမ်ကိုတောင် မဝင်ရဲ၊ အဆက်အဆံ မလုပ်ရဲတဲ့သူတွေလည်း ရှိတယ်”လို့ ဒေါ်ဌေးဌေးဝင်း က ပြောဆိုခဲ့ပါတယ်။
တကယ်တော့ ဒေါ်ဌေးဌေးဝင်းဟာ ဒီငြိမ်းလင်းနဲ့ ကိုဇော်ဇော်မင်း တို့အတွက် မျှော်လင့်ချက်နဲ့ လောကဓံကိုရင်ဆိုင်ရင်း ရှင်သန် နေ ရသူ တဦးပါပဲ။ ။