လွှတ်တော်တွင်း အိပ်ရေးဝသွားပြီဖြစ်သော ဦးရုက္ခစိုးမှာ နေပြည်တော် နေပူပူတွင် လျှောက်သွားရင် အရပ်မြင့်မြင့်၊ အသားနီစပ်စပ် ပုဂ္ဂိုလ်များ၊ အသားမည်းမည်း နှုတ်ခမ်းမွေးနှင့် ပုဂ္ဂိုလ်များ ဥဒဟို သွားလာနေကြသောကြောင့် ရှောင်ရင်း တိမ်းရင်း သမ္မတအိမ်တော်ရှေ့ မျက်စိလည် လမ်းမှားကာ ရောက်သွားသည်။ အိမ်တော်တွင်း၌ သမ္မတ ဦးသိန်းဇိမ် လယ်စိုက်နေသည်။
ရုက္ခစိုး။ ။ နိုင်ငံခြားသားတွေ ဒီလောက် ရှုပ်ရှက်ခတ် ဝင်ထွက်နေတာတောင် သမ္မတက အေးရာအေးကြောင်း လယ်စိုက် မပျက်ပါလားဗျ။
သိန်းဇိမ်။ ။ သိမ်းဇိမ်ပါဆိုမှဗျာ … ဒီလောက်တော့ ဇိမ်ကျရမှာပေါ့ဗျာ။
ရုက္ခစိုး။ ။ သူတို့က ဘာလာလုပ်ကြတာလဲ။ သမ္မတနဲ့ သူတို့ မတွေ့ဘူးလား။
သိန်းဇိမ်။ ။ မတွေ့ချင်ပါဘူးဗျာ။ ဒင်းတို့နဲ့ တွေ့ရင် အရည်မရအဖတ်မရတွေ မေးခံရဦးမယ်။ ကျုပ်က ပြန်ဖြေနေရဦးမယ်။ အဲဒါကြောင့် တခြားသူတွေနဲ့ပဲ လွှဲထားလိုက်တယ်။
ရုက္ခစိုး။ ။ ကျုပ်တော့ ဒီဘက်ထွက်လာရင်း နံပြားနဲ့တောင် တွေ့လိုက်သေးတယ်။
သိန်းဇိမ်။ ။ ခင်ဗျားဗျာ ကျုပ်တို့နေပြည်တော်ကို တော်တော် အထင်သေးတာပဲ။ နံပြားတင်မကဘူး၊ အီကြာကွေးကော၊ ပလာတာကော အကုန်ရှိပါတယ်။ ကျုပ်ဆို ဗိုလ်ချုပ်အောင်ဆန်းကို အားကျလို့ မနက်တိုင်း ပဲပြုတ်နဲ့ နံပြား စားတာဗျ။
ရုက္ခစိုး။ ။ အဲဒီနံပြား မဟုတ်ဘူးလေ … လူနံပြားကိုပြောတာ။ မစ္စတာဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဆိုတဲ့ နံပြားကို တွေ့လိုက်တယ်လို့ ပြောတာ။
သိန်းဇိမ်။ ။ သြော် … ဒါလား။ အခုအချိန်မှာ အမေရိကန်ကလာလိုက်၊ အီးယူကလာလိုက်၊ အာဆီယံက လာလိုက်၊ နော်ဝေကလာလိုက် … ဟိုကလာလိုက် ဒီကလာလိုက်ဆိုတော့ ယူအန်ကလည်း မလာလိုက်ရ မရှိရလေအောင် လာတဲ့သဘောပါ။
ရုက္ခစိုး။ ။ သမ္မတနဲ့ မတွေ့ဘူးလား။
သိန်းဇိမ်။ ။ ကြံကြံဖန်ဖန် ဘာလို့တွေ့ရမှာလဲ။ သူ့မတွေ့ချင်လို့ ဒီမှာ လယ်လာစိုက်နေတာ။ သူနဲ့တွေ့ဖို့ တင်အောင်မြင့်ပြူး တို့နဲ့ လွှဲထားတယ်။ သူများပြောတဲ့ဟာတွေပဲ ထပ်ပြောမှာပဲ။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး … ဘာညာကွိကွ … ကျုပ်က အလွတ်တောင်ရနေပြီ။ ဒီမှာ ဦးရုက္ခစိုးရဲ့ … အရေးကြီးတာက အဲဒါမဟုတ်ဘူးဗျ။
ရုက္ခစိုး။ ။ ဘာလဲ … အရေးကြီးတာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့၊ ပိတ်ဆို့မှုတွေ ရုတ်ဖို့ ဟုတ်တယ်မဟုတ်လား။
သိန်းဇိမ်။ ။ မှန်တယ် … အဲဒီနှစ်ခု အဆင်ပြေဖို့က NLD မှတ်ပုံတင်ရမယ်လေ။ အဲဒီကိစ္စကို ကျုပ်က ထိုင်စောင့်နေတာ။
ရုက္ခစိုး။ ။ အင်း မြင်ယောင်သေးတယ် … ထိုင်စောင့်နေလို့က ဘာဖြစ်မှာလဲဗျ။ တခုခုကို စ လုပ်သင့်ပြီ မဟုတ်ဘူးလား။
သိန်းဇိမ်။ ။ ဒါကတော့ ဟိုဘက်ကလည်း ဘာမှမလုပ်တော့ ကျုပ်လည်း ဘာမှလုပ်လို့ မဖြစ်သေးဘူးလေ။
ရုက္ခစိုး။ ။ အဲဒါနဲ့ပဲ ထိုင်စောင့်နေရော ဆိုပါတော့။
သိန်းဇိမ်။ ။ ထိုင်စောင့် နေတယ် ဆိုတာက ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ရွေးကောက်ပွဲ မှတ်ပုံတင် ဥပဒေကို လက်မှတ်ထိုးဖို့ကိစ္စကို ပြောတာ။ ကျုပ်က လက်မှတ်ထိုးပေးလိုက်တာနဲ့ အဲဒါ အတည်ဖြစ်ပြီ။ အတည်ဖြစ်ရင် NLD ကလည်း မှတ်ပုံတင်ဖို့ စဉ်းစားရတော့မယ်။ သူတို့ မှတ်ပုံတင်ပြီဆိုတာနဲ့ ပွဲက ပြီးဖို့ တော်တော် နီးစပ်သွားပြီ … ဟဲဟဲ။
ထိုစဉ် … ပုတက်ပုတက် ဒေါနှင့်မောနှင့် လျှောက်လာသော လူတယောက်ကို သူတို့တွေ့လိုက်ရသည်။ ပြန်ကြားရေး ဝန်ကြီး ဦးဆော်ကြမ်းဖြစ်သည်။
သိန်းဇိမ်။ ။ ဟင် … ဆော်ကြမ်း …။ လွှတ်တော်ထဲမှာ မနေဘဲ ဘာလို့ နေပူထဲ လျှောက်သွားနေတာလဲ။ လက်ထဲမှာလဲ အထုပ်ကြီးနဲ့ … ဘယ်သွားမလို့လဲ။
ဆော်ကြမ်း။ ။ ခါချဉ်ကိုက်ခံရလို့ ခွင့်ယူပြီး ရွာပြန် ဆေးကုမလို့ဗျို့။ ပြီးရင် အညံ့တွေပျောက်အောင် ဘုန်းကြီးဝတ်မှာ။
ရုက္ခစိုး။ ။ လွှတ်တော်ထဲမှာ အင်ကြင်းပင်တွေဘာတွေလည်း မတွေ့မိပါဘူး။ ဘယ်က ခါချဉ်ဝင်ကိုက်သွားတာတုန်း။
ဆော်ကြမ်း။ ။ (ဦးရုက္ခစိုးအား သုန်သုန်မှုန်မှုန် ပြန်ကြည့်ရင်း) ဘယ်ကခါချဉ်လဲတော့ မသိဘူး … ကျုပ်ပေါင်ကြားထဲ ဝင်ကိုက်သွားတာ … တော်တော် အခံရဆိုးတယ်။ ခါချဉ်နာမည်က facebook တဲ့။
သိန်းဇိမ်။ ။ ခါချဉ်ကလည်း နာမည်နဲ့ပါလား။ တခါမှမကြားဖူးပါဘူး။
ဆော်ကြမ်း။ ။ မကြားဖူးရင် အခု ကြားဖူးပြီ လို့သာ မှတ်လိုက်။ ဘယ့်နှယ်ဗျာ … အရင်က ကျုပ်စစ်ရတာက စာပေ၊ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းလောက်ပဲ ရှိတာ။ ဒါတွေအားလုံးကလည်း စိစစ်ရေးရုံးကို မဖြတ်ဘဲ ဘယ်မှသွားလို့ ရတာမဟုတ်ဘူး။ အခုများတော့ အင်တာနက် ဆိုတာကြီးပေါ်လာလိုက်တာနဲ့ ဘယ်ခွေးတိုးပေါက်ကနေ ထွက်ထွက် သွားတယ်မသိဘူး။ စစ်လို့လည်း မနိုင်၊ ကြည့်လို့လည်း မနိုင်နဲ့။ ခေါင်းကို ကိုက်နေတာပဲ။
ရုက္ခစိုး။ ။ ဒါနဲ့ ဝန်ကြီးက အပြီးပြန်မှာလား … လွှတ်တော်ထဲ ပြန်လာမှာလား။
ဆော်ကြမ်း။ ။ မသိသေးဘူးဗျာ။ ခေါင်းစားတာတွေက တော်တော်များနေပြီ။
သိန်းဇိမ်။ ။ အဲဒါကြောင့် ဖြစ်မယ်ထင်တယ် ဆော်ကြမ်း … မင်းအရပ် ပိုပုသွားသလိုပဲ။
ဆော်ကြမ်း။ ။ ဟုတ်တယ် … ကျနော့်ကျတော့ပြောတယ်။ သမ္မတကြီးလည်း ထိပ်ပိုပြောင်သွား သလိုပဲ။
သိန်းဇိမ်။ ။ ပြောင်ဆို အာဆီယံ ကုလားထိုင်ကိစ္စက တဖြည်းဖြည်း နီးလာပြီလေကွာ … ။ အဲဒါကြီးမှ မရရင် ငါ့အရှက် ဗြန်းဗြန်းကွဲမှာ။
ရုက္ခစိုး။ ။ မထူးပါဘူး ဦးသိန်းဇိမ်ရယ်။ တသက်လုံး အရှက်မရှိဘဲ နေခဲ့တာပဲဟာ။ အခုလည်း အရင်လိုပဲ နေလိုက်ပေါ့။
သိန်းဇိမ်။ ။ မဖြစ်ဘူးလေ။ အရင်စစ်ဝတ်စုံနဲ့တုန်းက အရှက် မရှိခဲ့ပေမယ့် အခု အရပ်ဝတ်နဲ့ကျတော့ နည်းနည်း ရှက်တတ်နေပြီဗျ။ သမ္မတဖြစ်ခါစက လေကျယ် ထားတာတွေ ဖြစ်အောင်လုပ်ဖို့ ဆိုရင် အာဆီယံကုလားထိုင် လေးတော့ ရှိမှဖြစ်မှာပေါ့။
ရုက္ခစိုးက။ ။ အာဆီယံကုလားထိုင်က အာလာဒင်မီးခွက်မှ မဟုတ်တာ သမ္မတရယ်။
သိန်းဇိမ်။ ။ အာလာဒင် မီးခွက်မဟုတ်ပေမယ့် အာလာဒင်မီးခွက်နီးနီး မို့လို့ လိုချင်တာပေါ့ ဦးရုက္ခစိုးရယ်။
ထိုစဉ် ဦးဆော်ကြမ်းက အထုပ်ဆွဲကာ ခရီးဆက်ဖို့ပြင်သည်။
သိန်းဇိမ်။ ။ ဟာ နေပါဦးဆော်ကြမ်းရယ်။ မေးစရာလေးရှိသေးလို့ပါ။
ဆော်ကြမ်း။ ။ ဘာမေးမလို့လဲ။ မေးမယ်ဆို မြန်မြန်မေးနော်။ ကျနော်က လူသာပုတာ စိတ်က သိပ်ရှည်တာမဟုတ်ဘူး။
သိန်းဇိမ်။ ။ သိပါတယ် … သိပါတယ်။ လွှတ်တော်ထဲမှာ ဘာများထူးခြားလဲ မေးချင်လို့။
ဆော်ကြမ်း။ ။ ဘာထူးခြားရမှာလဲ။ လွှတ်တော်ထဲမှာ အိပ်ပျော်တဲ့သူက အိပ်ပျော်၊ ထွေခင်းတဲ့သူက ခင်း၊ လက်လှဲတဲ့သူကလှဲ … ကျားထိုးတဲ့သူက ထိုး လုပ်နေကြတာပေါ့။
ရုက္ခစိုး။ ။ ဟင် … အိပ်ပျော်တာကတော့ ထားပါတော့ … အခု ကစားပါ ကစားနေတယ် ဟုတ်လား။
သိန်းဇိမ်။ ။ ဒုက္ခပါပဲဗျာ … ကျုပ်ကတော့ သူတို့ ပြည်ထောင်စု လွှတ်တော်ထဲမှာ အတည်ပြုလိုက်တဲ့ ရွေးကောက်ပွဲ မှတ်ပုံတင် ဥပဒေကို လက်မှတ်ထိုးပေးမလို့ စောင့်နေတာ။
ဆော်ကြမ်း။ ။ ဟုတ်တယ်လေ … အဲဒီကိစ္စပဲ။ ဒု သမ္မတရယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရယ်၊ ပြည်ထောင်စု လွှတ်တော် နာယကရယ် သုံးယောက်ပေါင်း ကစားနေကြတယ်။ ဘက်ချ်အော့ဖ် သရီးပေါ့။
သိန်းဇိမ်။ ။ ဘယ်လို … ဘယ်လို …။
ဆော်ကြမ်း။ ။ ဒီလိုလေ … ပြည်ထောင်စုလွှတ်တော်ထဲမှာ အတည်ပြုပြီးသား ကိစ္စကို သမ္မတဆီ လက်မှတ်ထိုးဖို့ မပို့ခင်မှာ ဒီကိစ္စက အခြေခံဥပဒေနဲ့ မညီညွတ်ခဲ့ရင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုပို့ပြီး ဖြေရှင်းသင့်တယ် ဆိုတဲ့ အဆိုကို ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာအရစ်ရှည်က တင်သွင်းရာကနေ စတာဗျ။
ရုက္ခစိုး။ ။ နာမည်နဲ့ လိုက်အောင် တော်တော်လေး ရှည်လျား ထွေပြားပါပေတယ်။
သိန်းဇိမ်။ ။ ပြည်ထောင်စု လွှတ်တော်မှာတောင် အတည်ပြုပြီးနေပြီဥစ္စာ … ကျုပ်ဆီ ပို့ပြီး လက်မှတ်ထိုးရုံပဲ မဟုတ်လား။
ဆော်ကြမ်း။ ။ ဟုတ်တယ် … ဒါပေမယ့် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်ထောင်ပင့်ကတော ဒီအဆိုကို လက်ခံလိုက်ပြီ။
သိန်းဇိမ်။ ။ ဟိုက် … ဒါဆို ကျုပ်ဆီကို ရောက်ဖို့ ကြာဦးမှာပေါ့နော်။
ဆော်ကြမ်း။ ။ သေချာတာပေါ့။ သူ့ဘာသာ အဲဒီအဆိုကို လက်ခံလိုက်တာ။ ကန့်ကွက်မယ့်သူ ရှိသလားတောင် မမေးဘူး။
သူပြောတာကတော့ ဒီလိုလုပ်ရတာ လွှတ်တော် သိက္ခာကျတယ်လို့ ထင်ရပေမယ့် ဒီမိုကရေစီ နည်းလမ်းကျတဲ့အတွက် နိုင်ငံတကာက ချီးကျူးမှာတဲ့။
ဦးရုက္ခစိုးက “ကန့်ကွက်မယ့်သူ ရှိလားမမေးဘဲ အဆိုကို လက်ခံတာဆိုတော့ တော်တော်လေး ဒီမိုကရေစီကျတာပဲ” ဟု စိတ်ထဲက တွေးလိုက်သည်။
သိန်းဇိမ်။ ။ နိုင်ငံတကာက ချီးကျူးတာကနောက် … လောလောဆယ် ကျုပ်က ဒါလက်မှတ်ထိုးပြီးမှ NLD နဲ့ ဆက် အလုပ်လုပ်ရမှာ ဘယ်လိုလုပ်ကြမလဲ။
ဆော်ကြမ်း။ ။ သမ္မတ ဘယ်လိုလုပ်မလဲ ဆိုတာကနောက်၊ လောလောဆယ်တော့ သူတို့ သုံးယောက်က အရင်ဆုံး ဖန်ခုန်မယ်၊ ပြီးရင် ထွေခင်းမယ်၊ ပြီးရင်လက်လဲှမယ်၊ ပြီးရင် ကျားထိုးမယ်။ အားလုံး ဘက်ချ်အော့ဖ်သရီးပဲ။ လောင်းတဲ့ သူတွေလည်း လောင်းကုန်ကြပြီ။
ရုက္ခစိုး။ ။ တော်တော်တော့ ရှုပ်ကုန်ပြီ။
ဆော်ကြမ်း။ ။ ရှုပ်တာတော့ ပြောမနေနဲ့။ လွှတ်တော်ထဲမှာ ဆွေးနွေးကြတာက ရိုးနေပြီတဲ့။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသား ကိစ္စတွေကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်သင့်၊ မတင်သင့်ကိစ္စ ပါးစပ်နဲ့ ဆွေးနွေးနေမယ့်အစား ကစားပြီး အဖြေရှာလိုက်မယ်ဆိုရင် ဆောင်းရာသီနဲ့လည်း အံကိုက်ဖြစ်မယ်၊ အမတ်တွေလည်း အလောင်းအစား ဝင်လုပ်တော့ အိပ်မငိုက်တော့ဘူး၊ လောင်းကစားဒိုင်တွေကို အကောက်ကောက်ရင် နိုင်ငံတော် ဘဏ္ဍာလည်း တိုးမယ်တဲ့။
ရုက္ခစိုး။ ။ ပြောင်းလဲတိုးတက်မှုတွေက အရမ်းများတာ ဆိုတော့ ဒါလည်း ပြောင်းလဲတိုးတက်မှု တခုပဲ ထင်ပါရဲ့။ ဒါနဲ့ … ဦးဆော်ကြမ်းကကော ဝင်မကစားဘူးလား။
ဆော်ကြမ်း။ ။ ကျနော်က အရပ်ပုလို့ သူတို့ထဲ ပါလို့မရဘူးလေ။ အဲဒါကို တင်းနေတာ။ ကျနော်လည်း အညံ့တွေ များနေပြီနဲ့ တူပါတယ်ဗျာ။ ကဲ ကဲ … အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ကျနော် ရွာပြန်ပြီး ဘုန်းကြီးဝတ်တဲ့အခါ လိုက်မဆွဲကြနဲ့နော်။
ရုက္ခစိုး။ ။ မဆွဲဘူး စိတ်ချ။ တသက်လုံးဝတ်မယ်ဆိုရင် … ပစ္စည်းလေးပါး ဒါယကာ လုပ်ဦးမှာ။
ဦးရုက္ခစိုးစကားကြောင့် ဦးဆော်ကြမ်း အနာပေါ်တုတ်ကျ ဖြစ်ကာ ဒေါသထွက်ထွက်နှင့် အိတ်ကိုဆွဲ၍ မပြောမဆို ထထွက် သွားတော့သည်။
ထိုစဉ် ဦးသိမ်းဇိမ်လည်း လက်ထဲက တံစဉ်ကိုချကာ လက်တွင်ကပ်နေသော မြေကြီးများကို ပုဆိုးနှင့် သုတ်၍ ကောက်ကာ ငင်ကာ ထွက်သွားရန်ပြင်သောကြောင့် ဦးရုက္ခစိုးက “ဗျို့ … သမ္မတ … ခင်ဗျားကကော ဘယ်သွားဦးမလို့လဲ” ဟု မေးလိုက်သည်။
သိန်းဇိမ်။ ။ လွှတ်တော်ထဲက ကစားပွဲကကြာမှာဆိုတော့ စောင့်ရင်းနဲ့ ကျုပ်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တပွဲတလမ်း ဖဲသွားရိုက်မလို့၊ သူနဲ့ကစားတာက အနိုင်နဲ့ သရေပဲ ရှိတာဆိုတော့ နိုင်ရင် ကိုယ့်အတွက် အမြတ်ပဲလေ။
ဦးရုက္ခစိုးက “ကစားတာတော့ ကစားပေါ့ … ဒါပေမယ့် ဖဲတော့ မခိုးနဲ့ဗျာ” ဟုဆို၍ ချင်းမိုင်တွင်စောင့်နေသော ဖိုးရှုပ်တို့နှင့် ဘုတ်တလုတ်တောက်တဲ့ ကစားရန် ထိုနေရာမှ ကိုယ်ယောင်ဖျောက်ကာ ထွက်ခွာခဲ့ လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။