ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နယ်မြေကော်မတီ ဖွဲ့စည်းခြင်း (သို့မဟုတ်) မဲဆောက်ဒေသသို့ ပထမခရီးစဉ်။

မဲဆောက်နဲ့ ထိုင်းနိုင်ငံထဲ ပထမဆုံးအကြိမ် ခရီးထွက်ရတဲ့ နေ့ရက်အတိအကျကို

ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် ပထမအကြိမ် ရွေးကောက်ခံ ဗဟိုကော်မတီဝင် တချို့ (ဓာတ်ပုံ - စာရေးသူ၏ facebook မှ)

ပြန်မမှတ်မိတော့ပေမယ့် အဲဒီနေ့ဟာ နိုဝင်ဘာလ ဒုတိယပတ်၊ တတိယပတ်လောက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကျနော့်ဘဝအတွက် ပထမဆုံး
နိုင်ငံခြားခရီးစဉ် ဆိုပြီး စိတ်ထဲမှာ အတော်လှုပ်ရှား နေပါတယ်။ မြို့ပြ အငွေ့အသက်၊ မော်တော်ကား အခိုးအငွေ့တွေနဲ့ ၂ လကျော် ဝေးနေတဲ့ကျနော့်အဖို့ လွန့်တိုး (ပေါင်မုန့်ကား) မီနီဗင်လေးကို စီးပြီး ထီးခီးကနေ ထိုင်းဘက်ကို ထွက်လာ ကတည်းက အားလုံးဟာအသစ်အဆန်း ဖြစ်နေပါတယ်။

ကားမောင်းသူက ပဒိုသူရယ်၊ သူဘေးမှာက ထိုင်း ထောက်လှမ်းရေး တဦးပါတယ်လို့ ထင်ပါတယ်။ ကားနောက်ခန်း မှာကတော့ ကိုယ်စားလှယ် အသစ်ကျပ်ချွတ် ၅ ဦးဖြစ်တဲ့ ကျနော်၊ ကိုကျော်ကျော်၊ ကိုကျော်ထင်၊ ကိုအောင်သန်းဝင်း၊ ဦးစံရွှေအောင်နဲ့ KNU က တဦးပါတယ်လို့ မှတ်မိနေပါတယ်။

တနာရီကျော်ကျော်လောက် နယ်စပ် တောလမ်းအတိုင်း မောင်းပီးတာနဲ့ ဖြူးနေတဲ့ ကားလမ်းမကြီးကိုမြင်ရပြီး ၄ လမ်းမောင်း ကားလမ်းရဲ့ အလယ်မှာ မြက်ခင်းတွေ၊ ပန်းပင်တွေ၊ သစ်ပင်ငယ်တွေကို စနစ်တကျ စိုက်ထားတဲ့ပုံတွေက ကျနော့်မျက်စိထဲ
အခုထိ မြင်နေဆဲဖြစ်ပါတယ်။

ရန်ကုန်-ပြည် လမ်းမမှာ စက်ဘီးစီးရင်း အကောင်းဆုံး ကားလမ်းလို့ ထင်ခဲ့တဲ့ ကျနော့်အဖို့ ထိုင်းနိုင်ငံက ဒီလမ်းပေါ်
မှာသာ စက်ဘီးစီးလိုက်ရရင် စံချိန်အများကြီး တက်လာမယ်လို့ စိတ်ကူးယဉ်နေမိပါတယ်။

ဒီလို စိတ်ကူးယဉ်လို့ ကောင်းတုန်း ကျနော်တို့ထဲက တယောက်က ငှက်ဖျား တက်လာပါတယ်။ အကြောင်းလိုက်ရှာတော့ အဲယားကွန်းဖွင့်ထားလို့ အအေးမိတာ တဲ့။ ကံကောင်း တာကတော့ အဲဒီအချိန်အထိ ကျနော်က ငှက်ဖျား တခါမှ မဖြစ်ဘူး သေးတာပါ။ အဲယားကွန်းပိတ်ပြီး မှန်ပြူတင်းဖွင့် မောင်းတော့လည်း လေ တိုက်လွန်းတာကြောင့် အလုပ်မဖြစ်၊ ဒါနဲ့ ဓာတ်ဆီဆိုင်မှာ ခဏနား၊ ဆီဖြည့်၊ ထမင်းစားမယ်လုပ်တော့ ကျနော်တို့ ပုံစံတွေကို ဘေးလူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေတာကို သတိထားမိလိုက်ပါတယ်။

ကြည့်မယ်ဆိုလည်း ကြည့်စရာပါပဲ။ ကျနော်တို့ရဲ့ ဝတ်စားဆင်ယင်မှုက ထိုင်းတွေနဲ့ ဘာမှမဆိုင်ဘဲ။

“ထိုင်း ထဲသွားရင် အဲဒီလုံချည်တွေနဲ့ မဖြစ်ဘူး။ ငါတို့ဘောင်းဘီတွေ အကျႌတွေယူသွား” ဆိုပြီး ကိုတင်လေးနဲ့အဖွဲ့က
သူတို့ရဲ့ အဝတ်စားတွေကို ပေးလိုက်ပေမယ့် ဆင်ကြယ်ဖိနပ်ကတော့ သူတို့မှာလည်း တရံပဲ ရှိတဲ့အတွက် မပေးလိုက်ကြ ပါဘူး။

အဲဒီတော့ ကျနော်တို့မှာ အပေါ်ပိုင်းကို အငှားဝတ်စုံတွေနဲ့ ပုံမကျ ပန်းမကျဆင်းမြန်း၊ ဖိနပ်ကျတော့ စစ်သင်တန်း တက်ဖို့ ထုတ်ပေးထားတဲ့ ဗိယက်နမ် (ကားတာယာကို လှီးပြီး ကြိုးသိုင်း ဖိနပ်အဖြစ် အသွင်ပြောင်းထားတဲ့) စစ်ဖိနပ်တွေနဲ့။
နင်းဂျား လိုလို ဘာလိုလိုနဲ့ သူများ မျက်စိနောက်စရာ။ ဒါမှမဟုတ် ဘယ်ကလူတွေလဲ ဆိုပြီး ထိုင်းတွေအတွက် ကြောက်ရွံ့ စိုးရိမ်စရာ ဖြစ်နေနိုင်ပါတယ်။

ထမင်းမှာစားတဲ့ အခါမှာလည်း ထိုင်း ထမင်းဟင်းကို ကျနော်တို့ မစားတတ်သေးပါဘူး။ ပန်းကန် တချပ်ထဲမှာ ထမင်းရော ဟင်းပါ ရောထည့်ပြီး တခါစား ထည့်ပေးလိုက်တာကို ကျနော်တို့က ထမင်းကို အကုန်စား၊ ဟင်းဖတ်တွေကို ချန်ပြီး နောက်ထပ် ထမင်းချည်းသက်သက် ထပ်မှာတဲ့ အခါမှာတော့ ဆိုင်ရှင်ရော၊ ကျနော်တို့ကို လိုက်ပို့တဲ့ ထောက်လှမ်းရေးရော ပြုံးစိစိ ဖြစ်သွားပါတယ်။

ဒီတော့မှ ထမင်းကို များများစားပြီး ဟင်းကို နည်းနည်းပဲ စားခွင့်ရခဲ့တဲ့ ငါတို့ရဲ့ အကျင့်ဆိုးက သူများတွေအတွက် ရယ်စရာ ဖြစ်နေပါလား ဆိုပြီး သတိပြုမိပါတယ်။

ဒီလို ထူးဆန်းတဲ့အတွေ့အကြုံ သစ်တွေနဲ့ ခရီးထွက်လာခဲ့တဲ့ ကျနော်တို့ အဖွဲ့ဟာ ည ၈ နာရီ၊ ၉ နာရီ လောက်မှာတော့ မဲဆောက်မြို့က ဗိုလ်မှူး စိုးစိုးအိမ်ကို ရောက်သွားပါတယ်။ ကျနော်မှတ်မိသလောက် အဲဒီတုန်းက ဗိုလ်မှူးစိုးစိုး အိမ်ရှေ့ လမ်းဟာ မြေနီလမ်းပဲ ရှိသေးပြီး မဲဆောက် – မြဝတီ လိုင်းကားတွေလည်း အဲဒီမြေနီလမ်းပေါ်မှာ ပြေးနေတာကို
နောက်တနေ့ မနက်မှာ မြင်ခဲ့ရပါတယ်။

ဗိုလ်မှူးစိုးစိုးအိမ်မှာ ကျနော်တို့ ပထမဆုံး တွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ အခု ဒေါက်တာစင်သီယာမောင် ဆေးခန်းမှာ
တာဝန် ထမ်းနေကြတဲ့ ကိုစိန်ဟန်၊ ကိုဝဏ္ဏ၊ နော်ထူးနဲ့ KNU ဆက်သွယ်ရေးက ဗိုလ်တဦးနဲ့ ခရီးသွားလက်မှတ် ထုတ်ပေးတဲ့ ဗိုလ်တဦးတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးစိုးစိုး အိမ်ကတော့ အခု ရှိနေတဲ့ အတိုင်းပါပဲ။ ဝင်ပေါက်မှာ အလွန်လေးလံပြီး အားစိုက် တွန်းမှပွင့်တဲ့ သံတံခါးကြီး တခုရှိပါတယ်။ အဲဒီတခါးရဲ့ဘေးမှာ အိမ်ငယ်တလုံးရှိပါတယ်၊ နောက်မှာတော့ ၃ ထပ်တိုက်၊ အောက်ဆုံးထပ်မှာ ဧည့်ခန်း၊ အပေါ်ထပ်မှာတော့ အိပ်ခန်းနဲ့ အထူးဧည့်ခန်း၊ အပေါ်ဆုံး ထပ်မှာတော့ ဗိုလ်မှူးစိုးစိုးရဲ့ နိုင်ငံခြားရေး ရုံးခန်းနဲ့ ဆက်သွယ်ရေး ရုံးခန်းတွေရှိပါတယ်။

ကျနော်တို့ကို နေရာချပေးတဲ့ အခန်းကတော့ စားဖိုဆောင်ဘေးက အိပ်ခန်းတခု။ ၂ ယောက် အိပ်ခန်းဆိုပေမယ့် ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ကျနော်တို့ ၅ ဦးနဲ့ အရင်ရှိနေတဲ့ ဦးအောင်ခင်၊ ကိုဝဏ္ဏ၊ ကိုစိန်ဟန် အပါဝင် အားလုံး
၈ ဦး အိပ်ရပါတယ်။ ရှေ့မှာ ပြောခဲ့သလို တောထဲရောက်ရောက်ခြင်း အသားနားဆုံး အဆောက်အအုံအဖြစ် ပထမဆုံး သတိထားမိတာဟာ ထီးထာချောင်းဝက KNDO ရုံးဖြစ်သလို မဲဆောက်မှာ ပထမဆုံး သတိထားမိတာဟာ ဗိုလ်မှူး စိုးစိုး အိမ်ပဲဖြစ်ပါတယ်။

ထမင်းစား တဲ့စားပွဲကို ကြည့်ပါဦး။ အရောင်တောက်နေတဲ့ ကျွန်းသစ်သား၊ တောပိတောက်သားတွေနဲ့ လုပ်ထားတဲ့
ဆုံလည်စားပွဲကြီး။ ဆုံလည်စားပွဲနဲ့ တခါမှ ထမင်းမစားဘူးတဲ့ ကျနော့်ခမျာ စားပွဲကြီး လည်နေလို့ ကိုယ်စားချင်တဲ့ဟင်းကို ဘယ်လိုယူရမှန်း မသိ ဖြစ်ရပါတယ်။ နောက် ဧည့်ခန်းထဲက စားပွဲတွေ၊ ကုလားထိုင်တွေကိုလည်း ကြည့်ပါဦး။ ကျွန်းသစ်တွေ၊
တောပိတောက်တွေနဲ့ အသေချာလုပ်ထားတဲ့ ပရိဘောဂတွေပါ။ အဝင်အထွက်လုပ်နေတဲ့ ကားတွေကလည်း ကျနော် ဗမာပြည်မှာ တုန်းက မမြင်ဘူးတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ။ လူတွေကလည်း ကရင်တွေအပြင် ထိုင်းတွေ၊ လူဖြူတွေ စုံလို့ပါပဲ။

အဲဒီကာလက ဗိုလ်မှူးစိုးစိုးရဲ့ သြဇာကြီးပုံကိုလည်း ကြည့်ပါဦး။ သူ့အိမ်ရှေ့က ဝရံတာမှာ စားပွဲ တလုံးနဲ့ ခရီးသွားလက်မှတ် ထုတ်ပေးနေတဲ့ KNU အရာရှိတဦးဆိုရင် တနေကုန် မအားရပါဘူး။ ဗိုလ်မှူးစိုးစိုး လက်မှတ်ပါတဲ့ ကော်သူးလေအစိုးရ ခရီးသွား လက်မှတ်နဲ့ မဲဆောက်တခွင်လုံး သွားလို့ရတယ်၊ ဘယ်ထိုင်းရဲကမှ မဖမ်းဘူး။ သာမန်အရပ်သားတွေက တစောင်
၁ဝ ဘတ်လား၊ ၂၀ လားမသိ ပေးရပါတယ်။ ကျနော်တို့ ကျောင်းသားတွေကိုတော့ တပြားမှ မယူတဲ့အပြင် (ပေးစရာလည်း တပြားမှ မရှိပါ) ကရင် စစ်သားတွေနဲ့ တန်းတူထားပြီး စပယ်ရှယ် ကရင်စစ်သားအဖြစ် သတင်း ၂ ပတ်စာ လက်မှတ်တွေ ပေးထားပါတယ်။

ကျနော်မှတ်မိသလောက် ဗိုလ်မှူးစိုးစိုးအိမ်မှာ တပတ်လောက်သောင်တင်ပြီး နောက်မှာတော့ ကျနော်တို့ ၆ ဦးကို မယ်သလေ (ခေါ်) ကလက်ဒေး စခန်းဆီ ပို့လိုက်ပါတယ်။

မဲဆောက်ကနေ သောင်းရင်းမြစ်တလျောက် ၃ နာရီလောက် မောင်းရတဲ့ ကားလမ်းကတော့ ကန်ချနပူရီ – တာ့ခ် -မဲဆောက် လမ်းလို မချောမွေ့တော့ပါဘူး။ ကျနော်တို့ ထားဝယ်ဘက်က ကားလမ်းတွေလို ခပ်ကျဉ်းကျဉ်းနဲ့ အကွေ့အကောက်များပြီး
တောင်တက်၊ တောင်ဆင်း လမ်းတွေများပါတယ်။ ဒါပေမယ့် သောင်းရင်းမြစ်ကို ကြည့်လိုက်၊ မြစ်ဘေး မြန်မာဖက်အခြမ်းက တောင်ကတုံး တွေကိုငေးလိုက်၊ ထိုင်းဘက်က ကျွန်းသစ်တော စိုက်ခင်းတွေကိုငေးလိုက်၊ လမ်းတလျောက်က
ထိုင်း – ကရင်ရွာ ဈေးတန်းမှာရပ်လိုက်နဲ့ အိပ်ငိုက်စပြုချိန်မှာ ကလက်ဒေးစခန်းရဲ့ ထိုင်းဘက်ကမ်း မယ်သရီ ဈေးတန်းကို ရောက်လာပါတယ်။
ကျနော့်စိတ်ထဲ မော်လမြိုင်မြို့ ဒေါင်းမင်းလမ်းထဲက မှောင်ခိုတန်းကို ရောက်သွားသလိုပါပဲ။ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊
ရေချိုးခန်းသုံးပစ္စည်း၊ အစားအသောက်အစုံရတဲ့ တကယ့်ဈေးတန်းကြီးဖြစ်ပါတယ်။ ထိုင်းဘက်ကမ်းက ဈေးဆိုပေမယ့် ထိုင်းလို မတတ်လည်း ပြဿနာ မရှိပါဘူး။ အားလုံးက ကရင်နဲ့ ဗမာစကားကို နားလည်ကြပါတယ်။ နောက် မော်လမြိုင် မှောင်ခိုဈေး ဆိုတာကလည်း ဒီဈေးက ပစ္စည်းတွေ ဖြစ်နေပြီး နွားလာရောင်းတဲ့ လူတွေက နည်းမျိုးစုံနဲ့ ရွေဂွန်း – လှိုင်းဘွဲ့အထိသယ်ပြီး ဘားအံ – မော်လမြိုင် အထိ သွားသွင်းကြတယ်လို့ သိရပါတယ်။

အဲဒီဈေးတန်းမှာ သူများတိုက်တဲ့ အအေးတခွက်စီ သောက်ပြီးနောက်မှာတော့ ကလက်ဒေးဘက်ကို ကျနော်တို့ကူးပါတယ်။ ပေ ၅၀ လောက်အကျယ်ရှိတဲ့ သောင်ရင်းမြစ်ထဲမှာတော့ “ဖုတ် – ဖုတ် – ဖုတ်” မြည်နေတဲ့ အင်ဂျင်အား ကောင်းကောင်း စက်လှေ ၃ဝ လောက် ဟိုဘက်ဒီဘက် ခေါက်တုန့် ခေါက်ပြန် ပြေးနေပါတယ်။ ခရီးသည်ဆိုရင် ၅ ဘတ်၊ ကျိုဖိုး (ကျောင်းသား) ဆိုရင်တော့ အလားကား တင်ပေးပါတယ်။

နောက်မှ ကျနော်ပြန်သိရတာက အဲဒီစက်လှေ ၃ဝ ကျော်ဟာ ဟိုဘက်ဒီဘက် ကူးနေတာ မဟုတ်ဘဲ သောင်ရင်းမြစ် တလျောက်ပြေးနေတဲ့ စက်လှေတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ကလက်ဒေးရဲ့ အပေါ်ဘက် (သောင်းရင်းမြစ်က ပြောင်းပြန်စီးတဲ့အတွက် မြစ်ရေစီး အတိုင်း ခေါ်မယ်ဆိုရင် အောက်ဘက်လို့ ခေါ်သင့်ပါတယ်) ၃၊ ၄ မိုင်လောက် အကွာက မဲသဝေါတောင်မှာ တိုက်ပွဲ ဖြစ်နေတဲ့အတွက် လှေအသွားအလာ ရပ်ပြီး ဒီမှာလာစုပုံ နေတာ ဖြစ်ပါတယ်။ အဲဒီ မဲသဝေါ တောင်ကိုလည်း အခု ကျနော်တို့ ရောက်နေတဲ့ ကလက်ဒေးကနေ ခပ်ဝါးဝါးလေး လှမ်းမြင် နေရပါတယ်။

ကလက်ဒေးဘက်ရောက်တော့ KNU အကောက်ဂိတ်က မေးမြန်းစစ်ဆေးပြီး ကျောင်းသား စခန်းဆီ ကျနော်တို့ကို ပို့လိုက် ပါတယ်။ ကျောင်းသားစခန်းဆိုပေမယ့် ကျနော်တို့ မင်းသမီးစခန်းလို တောကြိုအုံကြားမှာ မဟုတ်ပါဘူး။ နယ်စပ်ဂိတ်နဲ့
၅ မိနစ်တောင် လမ်းလျောက်စရာမလိုတဲ့ ကလက်ဒေးရွာဘေးက တောင်ကုန်းလေးပေါ်မှာပါ။

ဆောက်ထားတဲ့ အဆောက်အဦ တွေကလည်း ကျနော်တို့စခန်းလို ဝါးတဲစုတ်မဟုတ်ပါဘူး။ တောင်ကုန်းထိပ်က အဆောက် အဦဆိုရင် ရှေမှာကျနော်ပြောခဲ့တဲ့ ထီးထားက KNDO ရုံးထက် ၂ ဆ လောက် သားနားပြီး အထက ကျောင်းတခု ပုံစံလိုမျိုး ဖြစ်နေပါတယ်။ အဲဒီဘေးက ကျောင်းသားတွေနေတဲ့ ဘားတိုက်ကလည်း သစ်သားတွေနဲ့ အသေအချာ ဆောက်ထားလို့
အတော်ကောင်းတဲ့ နေရာတွေပါ။ တကယ်ကတော့ ခုနက အသားနားဆုံးလို့ ကျနော်ပြောလိုက်တဲ့ အဆောက်ဦဟာ မနေ့တနေ့ ကမှ DAB (ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) ညီလာခံ လုပ်ခဲ့တဲ့နေရာလို့ သိရပါတယ်။

DAB ရဲ့ ထူးခြားချက်ကတော့ အရင်ကရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် ၁ဝ-ဖွဲ့ဖြစ်တဲ့ (ကရင်၊ ကရင်နီ၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ ပအိုဝ်း အပါဝင်) NDF ခေါ် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုနဲ့ အသစ်ရောက်လာတဲ့ ၁၂ ဖွဲ့၊ (ABSDF, CRDB, ABYMU, အပါဝင်…) အထူးသဖြင့် ကျောင်းသားအုပ်စုတွေနဲ့ ပူးတွဲဖွဲစည်းလိုက်တဲ့ အသစ်စက်စက် မဟာမိတ် တပ်ပေါင်းစု ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ကတော့ အဲဒီကာလရဲ့ ထုံးစံအတိုင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၊ ဒုတိယဥက္ကဋ္ဌ တွေကတော့
KIO ဥက္ကဋ္ဌ ဘရန်ဆိုင်း၊ မွန်ပြည်သစ် ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ ပြည်ချစ်ပါတီဥက္ကဋ္ဌ ဦးသွင်နဲ့ အတွင်းရေးမှူး အဖြစ်ကတော့
ကျောင်းသားတွေနဲ့ အတူ အသစ်ပါလာတဲ့ အမေရိကန်ပြန် CRDB အဖွဲ့က ပြည်ချစ် လက်ဟောင်း ဦးတင်မောင်ဝင်းတို့ပါ။

တွဲဘက်အတွင်းရေးမှူး အဖြစ်ကတော့ ကျနော်တို့ ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း ဖြစ်ပါတယ်။ အဲဒီ DAB ညီလာခံ လုပ်ပြီးသွားတဲ့နေရာမှာ ကျနော်တို့အုပ်စုကို နေရာချပေးပါတယ်။ အဲဒီကာလ ABSDF ဗဟိုကော်မတီဝင်တွေကတော့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ဒု – ဥက္ကဋ္ဌ ကိုဝင်းမိုး၊ အထွေထွေ အတွင်းရေးမှူး ကိုသန်းဝင်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ – ကိုအောင်နိုင် (အခု VOA – မြန်မာပိုင်း ဌာနမှူး ကိုသန်းလွင်ထွန်း) တွဲဘက် အတွင်းရေးမှူး ၂ – ဆလိုင်းကိုကိုဦးတို့ ဖြစ်ပါတယ်။

ဗဟိုဦးဆောင် ကော်မတီဝင်တွေ အဖြစ်ကတော့ နိုင်ငံခြားရေး ဌာနအတွက် စိုင်းမျိုးဝင်းထွန်း (အခု ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးတို့နဲ့အတူ နှစ်ရှည် ထောင်ကျခံနေရသူ)၊ စည်းရုံးရေး ဌာနအတွက် ကိုထွန်းဦး (ကျဆုံး) ပြန်ကြားရေး ဌာနအတွက် ကိုကိုလေး၊ ထောက်ပံ့ရေး ဌာနအတွက် ကိုကြည်မိုး၊ လုပ်ငန်းစစ်ဆေးရေး ဌာနအတွက် ကိုမောင်မောင်သိန်း၊ စည်းကမ်း ထိမ်းသိမ်းရေး ဌာနအတွက် ကိုကျော်လင်း၊ ကျန်းမာရေး ဌာနအတွက် ဒေါက်တာသာသာဦး၊ ဘဏ္ဍာရေး ဌာနအတွက် ကိုကျော်ထင် (မင်းသမီးစခန်းက ကိုကျော်ထင်နဲ့ အမည်တူသူ) တို့ ဖြစ်ပါတယ်။

ကလက်ဒေးစခန်းရဲ့ အခြေအနေက ကျနော်တို့ စခန်းနဲ့ တခြားစီပါ။ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အပြင် သူပုန်တွေရဲ့ တပ်ပေါင်းစုညီလာခံ ကျင်းပတဲ့နေရာလည်း ဖြစ်နေတဲ့အတွက် ကလက်ဒေးဟာ ကျနော်တို့ ရောက်ခဲ့ဖူးတဲ့ ထီးထာ။ ထီးခီးတွေထက် အဆမတန် စည်ကားဝေဆာ နေပါတယ်။

စခန်းတွင်း အစားအသောက်ကလည်း ကျနော်တို့စခန်းထက် အများကြီး ပိုအဆင်ပြေနေတာကို တွေ့ရပါတယ်။ ညနေပိုင်း
ရွာထဲခဏဝင်လည်တော့လည်း အိမ်တွေက ဖြစ်သလိုဆောက်ထားတာ မဟုတ်ဘဲ ရပ်ကွက်ပုံစံ အကွက်ချ ဆောက်ထားတာ ဖြစ်ပြီး လျှပ်စစ်မီးလိုင်းတွေ၊ ရေပိုက်တွေပါ တပ်ပေးထားတာကို တွေ့ရတော့ KNU မှာလည်း မြို့ပြ အုပ်ချုပ်ရေးစနစ် ရှိသားပဲလို့ ကျနော် တွေးလိုက်မိပါတယ်။

ဈေးဆိုင်တန်းတွေ အပါအဝင် ဒီရွာထဲမှာ အိမ်ခြေ ၁၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် တရွာလုံးအနှံ့တော့
ကျနော် မသွားဖြစ်ခဲ့ပါဘူး။

ကလက်ဒေးစခန်းမှာ ကျောင်းသားဦးရေ ၁၀၀ ကျော်လောက် ရှိပြီး အများစုဟာ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့နဲ့ ရွေဂွန်းဘက်က ဖြစ်ကြပါတယ်။ အဲဒီကာလက စခန်းကော်မတီထဲမှာ ကျနော် မှတ်မိနေသူ တချို့ကတော့ ဒေါက်တာ ကျော်သက်ဦး၊ ကိုအာယု၊ ကိုဝေလင်းဇင် (အခုထိ ABSDF ဗဟိုမှာတာဝန်ထမ်းဆဲ)၊ ကိုဝင်းမြင့် (အခု BBC သတင်းဌာနမှာ တာဝန်ထမ်းနေသူ) ကိုအောင်ဟိန်း (နောက်ပိုင်းမှာ ဗဟိုကော်မတီ ဖြစ်လာပြီးမှ ငွေဘုန်းပြီး ပြည်တွင်း ပြန်ဝင်သွားသူ) နောက် တိုင်းဂါးတို့ညီနောင်ကို ကျနော် သတိထားမိပါတယ်။

ဗဟိုဘက်က ရောက်နေတဲ့ ခေါင်းဆောင်တွေထဲက ကျနော်တို့နဲ့ တွဲရသူတဦးကတော့ ရှေ့နေ ကိုကျော်လင်းဖြစ်ပါတယ်။ ကျနော်တို့လိုပဲ KNU နယ်မြေကော်မတီ အတွက် ရောက်နေတဲ့ တခြားစခန်းက ကိုယ်စားလှယ်တွေ ထဲမှာတော့
သီဘောဘိုးက ကို ခင်မောင်စိုးနဲ့ ကိုတင်ဌေး၊ ဝမ်ခါ (ကော့မူးရာ) စခန်းက ကိုသိန်းထွန်းနဲ့ ကိုသိန်းလွင်၊ သံလွင်စခန်းက ကိုသိန်းဆန်း၊ ကိုမောင်မောင်တိတ်နဲ့ ကိုအောင်သူ၊ စောထ စခန်းက ကိုမောင်မောင်စိုး၊ ကိုသိန်းထိုက်နဲ့ ကိုဇော်ခင်တို့ ဆိုတာ ကျနော့်စိတ်ထဲ အမှတ်ရနေပါတယ်။     ။

မှတ်ချက်။     ။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ကျောင်းသားတပ်မတော် (ABSDF) ၂၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ အထက်ပါ ဆောင်းပါးထဲမှ အဖြစ်အပျက်သည် လွန်ခဲ့သည့် ၂၃ နှစ် ABSDF ဖွဲ့စည်းပြီးကာစ အခြေအနေကို ဖော်ကျူးပါသည် – ဧရာဝတီ။

သူပုန်ကျောင်းသား တဦးရဲ့ မာရသွန်ခရီး ၁
သူပုန်ကျောင်းသား တဦးရဲ့ မာရသွန်ခရီး ၂
သူပုန်ကျောင်းသား တဦးရဲ့ မာရသွန်ခရီး ၃
သူပုန်ကျောင်းသား တဦးရဲ့ မာရသွန်ခရီး ၄
သူပုန်ကျောင်းသား တဦးရဲ့ မာရသွန်ခရီး ၅

သူပုန်ကျောင်းသား တဦးရဲ့ မာရသွန်ခရီး ၆

Did you find apk for android? You can find new Free Android Games and apps.
Loading