သတင်းထောက် ဖြစ်တော့မယ်ဆိုတော့ နာမည်တွေ ရွေးပေးကြ၊ ရှာပေးကြနဲ့။ ဟိုကတမျိုး၊ ဒီကတမျိုး၊ အနုအရင့် အစုံစုံ။ ဘဝမှာ နာမည်ပြောင်းရတာ၃ ကြိမ် တိတိ။ ကလေးဘဝမှာ ပေးထားတဲ့နာမည်က တမျိုး၊ ကျောင်းတက်တော့ ဆရာမတွေက ပြန်ပြောင်းခိုင်းပြန်တယ်။ ကလေးဘဝတည်းက လူ့ခွစာလေးပါ။ ငယ်ငယ်တုန်းက ဝလုံးတန်းမှာ မနေချင်ဘူး။ ဝလုံးတန်းမှာ သွားထားရင် ငိုတယ်။ သူငယ်တန်းကြီးကိုပဲ ခုန်တက်ချင်တာ။ အမေက မေးတယ် နင်အခု ကကြီး၊ ခခွေး ဆိုတတ်ပြီလား၊ ရေးတတ်ပြီလား၊ ဝလုံးကို အလုံပိတ် ရေးတတ်ပြီလား။ သူငယ်တန်းကြီးကို ပြောင်းချင်တယ် ဆိုရင် ကကြီး၊ ခခွေး ရေးတတ်အောင် လုပ်၊ ရေးတတ်ပြီ ဆိုရင် မေမေကိုယ်တိုင် လူကြီးခေါ်ပြီး အတန်းတင်ပေးလိုက်မယ် တဲ့။
ကဲပါ … ငယ်ဘ၀ ပုံရိပ်ကို အယ်လ်ဘမ်ထဲ ပြန်ထည့်ထားတာပဲ ကောင်းပါတယ်။ လောလောဆယ် သတင်းထောက်နာမည်ရွေးတာ မပြီးသေးဘူး။ ကျမကတော့ အဲမလီလို့ပဲ သုံးစေ ချင်တယ်။ ဒါက ကိုယ့်နာမည်ပဲလေ။ ဒါပေမယ့် အစ်မက ဒီနာမည်ကို သိပ်ဘဝင်မကျသေးဘူး။ သူဘာပြောတယ် ထင်လဲ၊ နင့် အဲမလီ တလုံးတည်းနဲ့တော့ မလုံလောက်ဘူး၊ ရှေ့မှာ မိုင် တလုံးထည့်လိုက်၊ ဒါမှ နင့်ကို ချင်းတိုင်းရင်းသူဆိုတာ သိသွားမယ်။ ငါတို့ ချင်းတွေမှာလည်း သတင်းထောက်တွေ ထွန်းကားပါလား ဆိုပြီး ဂုဏ်ယူကြမှာ၊ ဒီနေ့က စပြီး နင့်နာမည် မိုင်အဲမလီ ဖြစ်သွားပြီလို့သာ မှတ်လိုက်တော့ တဲ့။ ဖြစ်ရလေခြင်းရယ်။
မဇ္ဈိမ သတင်းဌာန ရုံးထဲကို ကျမ ဝင်လာလိုက်ပါပြီ။ ရင်တွေခုန်လိုခုန်၊ တုန်လိုတုန်။ မခုန်လို့ မတုန်လို့ရော ရမလား။ ဒါက သတင်းဌာနရှင့် ။ ပေါ့သေးသေး မဟုတ်ဘူး။ ဟော.. ရုံးထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ ကျမ မျက်လုံးတွေ ကလယ်ကလယ်။ ရုံးက သတင်းထောက်တွေနဲ့ မြိုင်မြိုင်၊ ဆိုင်ဆိုင်။ ကျမခြေထောက်တွေ ယိုင်ယိုင်၊ ယိုင်ယိုင်။ ငါ အရမ်း ကြောက်နေပြီလား။ ကျမကိုယ်ကျမ ပြန်မေးမိတယ်။ မဟုတ်ပါဘူး၊ ရုံးမှာ အပြုံးတွေ ရှားနေတာပါ။ အိုကေ၊ အိုကေ။ ဟန်ချက် မပျက်စေနဲ့၊ ခပ်တည်တည်လေး နေလိုက်၊ လူ့အပေါ်မှာ လူမရှိ၊ လူ့အောက်မှာလည်း လူမရှိဘူး။ လူသားတိုင်းက အတူတူတွေချည်းပဲ ဟုတ်ပြီလား။ ရက်စ်…။
သတင်းဌာနတွေ၊ ရုံးတွေမှာ အလုပ်ခန့်တော့မယ် ဆိုရင် ချက်ချင်း စာချုပ် ချုပ်တာမျိုး မလုပ်ကြဘူးလေ။ ကိုယ့်ရဲ့ အရည်အချင်း၊ ကြိုးစား အားထုတ်မှု၊ အခြေအနေ အရပ်ရပ်ကို လေ့လာ စမ်းသပ်ကြတယ်။ အစမ်းခန့်ကာလရှိတယ်။ ကျမကိုလည်း အစမ်းခန့်ကာလ အနေနဲ့ ၂လ စောင့်ကြည့်မယ်လို့ ပြောထားပါတယ်။ ဒီ ၂လ အတွင်း ကိုယ့်ဘက်က အကောင်းဆုံး ဖြစ်အောင် လုပ်ပြရမှာပေါ့။ ကောင်းကောင်း မလုပ်နိုင်ခဲ့ရင်၊ မကြိုးစားနိုင်ခဲ့ရင်၊ ဆက်ပြီး လက်တွဲခေါ်လို့ မရနိုင်လောက်ဘူးဆိုရင် လွမ်းလောက်စရာ မရှိ၊ ညောင်းပေါ့။
ကျောင်းသူဘ၀ ဆုပေးပွဲတွေ နှုတ်ဆက်ပွဲတွေမှာ ကိုယ်တိုင် ဒါရိုက်တာကြီးလုပ်ပြီး ဇာတ်ညွှန်းတွေရေး၊ သူငယ်ချင်းတွေကို သရုပ်ဆောင် ခိုင်းခဲ့တာ။ ခုတော့ သတင်းထောက် တယောက် ဖြစ်နေပါပေါ့လား။ ရင်လောက်မှန်းခဲ့တဲ့ ကလေးဘ၀ Director ကြီးက အပျိုကြီးဖားဖား ဖြစ်တော့မှ ဒူးလောက် လာကျတယ် … Reporter တဲ့။ ဘာဖြစ်ဖြစ် ဂုဏ်ယူပါတယ် ကျမကိုယ်ကျမ။
သတင်းထောက် တယောက်အတွက် အခက်အခဲနဲ့ အရင်ဆိုင်ရဆုံး အချိန်က အဲဒီ အလုပ်သင်ကာလ၊ အစမ်းခန့်ကာလတွေပါပဲ။ မျက်စိသူငယ် နားသူငယ်နဲ့ ဘေဘီသတင်းထောက်လေးပေါ့။ ကိုယ်က အလုပ်သင်ခါစ ဆိုတော့ အတွေ့အကြုံရှိထားတဲ့ ဝါရင့်တချို့က ကိုယ်တွေကို လက်တွဲခေါ်သွားဖို့ နေနေသာသာ ကိုယ်ပြောတာကိုတောင် လက်မခံတာတွေ ရှိတယ်။ ငါ့သတင်းကမှ တကယ့်သတင်းကြီး၊ နင်ဘာသိလို့လဲ ဆိုတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်တာနဲ့လည်း ကြုံရဖူးတယ်။ လူရာသွင်းမခံရတာ များတယ်။ ဘယ်နေရာဖြစ်ဖြစ်ပေါ့။ ကိုယ့်ဘက်က ဘယ်လိုပဲ ကြိုးစားပြီး ရေးရေး မကြိုက်ရင်တော့ စာရွက်ကြီးအတိုင်း လွှင့်ပစ်ခံရတာ။ ဒီလိုရေး၊ ဒီလိုတွေး ဆိုပြီး စိတ်ရှည်လက်ရှည် ရှင်းပြ ပြောပြသူတွေက ခပ်ရှားရှားရယ်။
အလုပ်သင်ကာလ ကျော်လွန်ပြီး သတင်းထောက်လုပ်သက် နှစ်နဲ့ချီသွားပါဦးတော့၊ တခြားသတင်းဌာနကို ပြောင်းလိုက်ပြီ ဆိုရင်ပဲ အစမ်းခန့်ကာလ ၃လက လွတ်တယ် မရှိဘူး။ ပြန်စ။ အလုပ်သင်ဘ၀ ပြန်ရောက်တာပဲ။ အခြေအနေတော့ ကွာသွားပါတယ်။ ဒါတောင် လူဟောင်းတချို့က လူသစ်ကို ပညာပြတာ လက်ကုန်ပဲ။
ပြောရဦးမယ်၊ အလုပ်သင် ဒုတိယမြောက်နေ့ပေါ့။ ခုမှ တွေးပြီး ရယ်မိတယ်၊ အဲဒီတုန်းက ရင်ထဲမှာ သွေးခြည်ဥနေတာ။ အဲဒီနေ့က သတင်းထောက်တွေ အားလုံး ကိုယ့်အလုပ်နဲ့ကိုယ်၊ ပြည်တွင်းကို လှမ်းပြီး အင်တာဗျူးတဲ့သူကဗျူး၊ သတင်းရေးနေတဲ့ သူကရေး၊ သတင်းရှာနေတဲ့ သူက ရှာ။ အားလုံး အလုပ်တွေ ရှုပ်နေတဲ့အချိန် နိုင်ငံခြားသတင်းထောက်တွေ ဝင်လာပါတယ်။ မြန်မာ့နိုင်ငံရေးအကြောင်း အယ်ဒီတာနဲ့ အင်တာဗျူး လာလုပ်တာပါ။ အဲဒီအချိန်တုန်းက ရွှေဝါရောင်တော်လှန်ရေးမှာ အစိုးရကလည်း လက်သံပြောင်တော့ ကမ္ဘာက ဖျားကုန်တာပေါ့။ ဘယ်သတင်းဌာနလဲ ကျမ မမှတ်မိတော့ဘူး။ အမျိုးသမီးသတင်းထောက် တယောက်နဲ့ ကင်မရာသမား အမျိုးသား နှစ်ယောက်။ သူတို့ကလည်း လောဘက ကြီးလွန်းပါတယ်။ အယ်ဒီတာကို ဗျူးလို့ အားမရနိုင်သေးဘူး၊ သတင်းထောက်ရဲ့ အသံကို ထပ်လိုချင်ပြန်တယ်။ အယ်ဒီတာကို အကူအညီတောင်းတယ်၊ တယောက်ယောက်များ အင်တာဗျူးပေးလို့ ရမလား တဲ့။ သတင်းထောက် တချို့ကလည်း ပြည်တွင်းကို ပြန်ရဦးမှာမို့ ရုပ်ပြလို့မရပါဘူးပေါ့၊ တချို့ကျတော့လည်း သတင်းပဲ ထောက်တတ်တာ၊ သူ့ပြန်မေးရင်တော့ မဖြေတတ်ဘူးပေါ့၊ I’m sorry, really sorry, so sorry ဆိုပြီး အကြောင်းပြချက်တွေ အမျိုးမျိုး ပေးလိုက်ကြတယ်။
အဲဒီအင်္ဂလိပ်အဖွဲ့ကလည်း ဇွဲမလျှော့ပါဘူး။ ပေကပ်ကပ်နဲ့။ ရလိုရငြား စောင့်နေတယ်။ သတင်းထောက်ဆိုတာ သူတို့သတင်းရဖို့ပဲ အဓိက။ အလုပ်သင်သတင်းထောက် ကျမလည်း ဘယ်သူ ဝင်ဖြေမလဲဆိုတာ အသာလေး စောင့်ကြည့်နေမိတယ်။ ဘယ်လိုများဖြေကြမလဲပေါ့။ ကိုယ်တွေက ဒီရောက်မှ အင်္ဂလိပ်တွေနဲ့ ပြောတာဆိုတာကို သေသေချာချာ လေ့လာရတာလေ။ မြန်မာပြည်မှာတုန်းက ကိုယ်တွေပဲ အပြင်မထွက်လို့ မမြင်မိတာလား၊ အင်္ဂလိပ်ဆိုတာကို သိပ်မှ မတွေ့ရတာ။ ကိုယ့်ရပ်ကွက်ထဲ လမ်းမှားပြီး ဝင်လာတဲ့ တိုးရစ် ဆိုတာ ခပ်ရှားရှားရယ်။
အဲဒီလို ဟိုလူဖြေမလား၊ ဒီလူဖြေမလား၊ လိုက်ကြည့်နေတုန်း အဲမလီ … သမီး အင်တာဗျူး ဖြေလိုက်ပါ တဲ့၊ အယ်ဒီတာရဲ့ တခွန်းတည်းသော စကား ကျမ နောက်ကျောကို ကော့သွားတဲ့အထိ တွန့်သွားစေတယ်။ ဟိုက်.. ဘုရားကယ်ပါ၊ သိကြားကယ်ပါ၊ ဦးရုက္ခစိုးကြီး ကယ်ပါဟ။ အေ၊ ဘီ၊ စီ၊ ဒီ သာသာပဲ တတ်တာ ကျန်တာ မသိဘူးရယ်။ ဘယ်လိုဖြစ်တာတုန်း။ ကျမက အလုပ်သင်လေးပဲ ရှိသေးတာ၊ မဖြေတတ်ဘူး။ ဆရာကြီး အာဘော်တွေလည်း မရသေးဘူး၊ ခက်ကုန်တော့မယ် ကြည့်လုပ်ကြဦး။
ဖြေတတ်သလိုသာ ဖြေလိုက် သိလား၊ ဘာမှ မကြောက်နဲ့ အဆင်ပြေသွားမယ် တဲ့၊ ခုနက ရုပ် မပြချင်တဲ့ မမက လာအားပေးရှာတယ်။ တကယ်တော့ ကိုယ်လည်း ရုပ်မပြရဲပါဘူး။ အဖမ်းခံရမှာ ကြောက်တယ် ဆိုတာထက် ပြန်လို့မရတော့ဘူး ဆိုတဲ့ အသိက တော်တော် ချောက်ချားစေတယ်။ သတင်းထောက် အယောက် ၃၀ နီးပါးမှာ ရုပ်ပြရဲတဲ့ သတင်းထောက်ဆိုလို့ လေးငါးယောက်သာ ရှိသေးတဲ့ အဲဒီအချိန်က ရုပ်ပြပြီး သတင်း တင်ဆက်နိုင်ပါမှ အလုပ်ခန့်မယ် ပြောလာတုန်းက ကျမမှာ တွေဝေခဲ့ရပါတယ်။ ကျမလည်း မြန်မာပြည် ပြန်ချင်သေးတာပဲကိုး။ အစ်မကတော့ အားပေးစကား ပြောရှာပါတယ် … ငါ့ညီမရယ် နင်တို့လို စာရင်းမရှိ အင်းမရှိတဲ့ သတင်းထောက်တွေကို အစိုးရက ခေါင်းကိုက်ခံပြီး စဉ်းစားမယ်ထင်လား။ စာရင်းထဲတောင် မထည့်ဘူး။ တွေးပူမနေနဲ့။ ရဲရဲသာ ရုပ်ပြလိုက်စမ်းပါ တဲ့။ ဆက်ပြောပါသေးတယ်။ ငါ့ညီမ အလုပ် လုပ်တယ် ဆိုတာ ပြတ်သားရတယ်၊ သတ္တိ ရှိရတယ်။ စွန့်စားရဲရတယ်။ တွေဝေလို့ မရဘူး၊ ရုပ်မပြနိုင်တဲ့ ဝါရင့်သတင်းထောက်တွေကြားမှာ ရုပ်ပြနိုင်သူအဖြစ် လက်မ ထောင်ပြလိုက်စမ်းပါ ငါ့ညီမရာ။ အဲဒီလို ရုပ်ပြလိုက်လို့ နင်ပြန်ပေးဆပ်ရလိုက်တဲ့ အရာက ပြန်လို့မရတော့ဘူး၊ နိုင်ငံမဲ့ ဖြစ်သွားပြီ ဆိုရင်တောင် ဘာမှ စိတ်မပူနဲ့၊ နင့်ကို ငါကိုယ်တိုင် UN ဒုက္ခသည်စခန်းထဲ သွားပြီး ထားလိုက်မယ်။
Are you okay? တဲ့၊ အင်္ဂလိပ်သတင်းထောက်က မေးနေပြီ။ မပြောတတ်ဘူးလို့ ပြောနေတာကို လက်မခံကြပါလား။ စုစည်းထားတဲ့ မေးခွန်းတွေရယ်၊ တခုချင်း ဆွဲထုတ်ပြီး လိုချင်တဲ့အဖြေ မရမချင်း ပတ်လည်ရိုက် မေးတော့မယ်ဟန်နဲ့ ကင်မရာကြီးက ၂လုံးတောင်။ ညီမလေး အဆင်သင့်ဖြစ်ရင် ပြောလိုက်တော့နော် တဲ့၊ ရုပ်မပြရဲတဲ့ မမတယောက် ကင်မရာဘေးကနေ လာလာသတိပေးတယ်။
ကဲ … ကဲ … ပျံ့လွင့်နေတဲ့ အာရုံတွေ ခပ်သွက်သွက်လေး ပြန်ခေါ်လိုက်တယ်။ ဒုက္ခသည် မဟာမင်းကြီးရုံးကို မျှော်လင့်မိပြန်ရင်လည်း ဒီတသက် ထာဝရဒုက္ခသည်ဘဝနဲ့ ကျေနပ်ရမယ့်ကိန်း။ အယ်ဒီတာရဲ့ စကားတခွန်းက ဒီလောက်ထိတောင် စွမ်းသလား။ ခုနက အကြောင်းအမျိုးမျိုးပြ ငြင်းခဲ့တဲ့ သတင်းထောက်တွေ ခုတော့ ကျမကို အားလုံး ကြည့်နေကြရဲ့။ Ok, let’s go!
ခွေးအကြီး လှည်းနင်း ဆိုတဲ့စကား အဲဒီကတည်းက ယုံသွားတာ။ ဝါရင့် သဘာရင့်တွေကြား အလုပ်သင်သတင်းထောက်ကျမ ကြိတ်ပြီး ငိုပစ်လိုက်တယ်။ တခါမှ ကင်မရာရှေ့ မရပ်ဘူးခဲ့တဲ့ ကျမ။ နိုင်ငံခြားသားတွေနဲ့ အခုလို မျက်နှာချင်းဆိုင် ပြောဖို့ဆိုတာ ဝေလာဝေး၊ အနားတောင် မကပ်ချင်၊ ကိုယ်မှ စကားမတတ်တာ။
အဲဒီတုန်းက အင်တာဗျူးခဲ့တာကို ခုချိန်ထိ ပြန်မကြည့်ရဲဘူး။ ဘယ်ဝက်ဆိုက်ထဲ ပြန်ရှာရမယ် ဆိုတာလဲ မသိတော့ဘူး။ ကြုံရင်တော့ အယ်ဒီတာကို ပြန်မေးရဦးမယ်။ ဘာဖြစ်ဖြစ် အဲဒီတုန်းက ကြိုတင်ပြင်ဆင်မှု မရှိတဲ့ အကြမ်းသက်သက် စကားလုံးတွေ၊ စိုးတထိတ်ထိတ် ကြောက်စိတ်တွေ၊ ကင်မရာရဲ့ လွှမ်းမိုးမှုတွေ၊ အဲဒီအခက်ခဲတွေကို နာရီဝက်ကျော် ကြာကြာ ထိပ်တိုက် ကြုံတွေ့ခဲ့ရပေမယ့် အာရုံစိုက်ခံရတဲ့ ကိုကို မမတွေ ကြားမှာတော့ ရွှင်မြစေတဲ့ ဟာသ တပုဒ်ပါ။ မလုပ်ချင်ဘူး၊ မလုပ်ရဲဘူး လို့ ဘူးတလုံး ကြာကြာ မဆောင်ထားရဲခဲ့ပါဘူး။ ငြိုငြင်လို့ အလုပ်သင်ဘ၀ ပျက်ပြယ်မှာလည်း စိုးရသေးတယ်။
အင်တာဗျူး ပြီးသွားပေမယ့် စိတ်ထဲမှာ မကျေနပ်ဘူး။ အသံထွက်တွေ မှားသွားလား၊ အသုံးအနှုန်း မှန်ရဲ့လား၊ ထားတော့ … ထားတော့ … မတတ်နိုင်တော့ဘူး။ ရင်ဘတ်ထဲမှာ အောင်းနေတဲ့ မကျေနပ်ချက်တွေ လည်မြိုထဲမှာ တစ်လာတယ်။ အန်ထုတ်ပစ်ဖို့ မရတဲ့အဆုံး အနုနည်းနဲ့ ဆန့်ကျင်တယ်၊ Gtalk မှာ အယ်ဒီတာကို block ပစ်တယ်။ ဒီနည်းကိုတော့ မကြာမကြာ ထုတ်သုံးပါတယ်။ မကျေနပ်တော့ဘူးဆိုရင် block ပစ်တာ။ စိတ်ကြည်လာရင်တော့ unblock ပေါ့။
အစ်မပြောသလို ကျမတို့လို စာရင်းမရှိ၊ အင်းမရှိ သတင်းထောက်တွေကို အစိုးရက ဘေးမဲ့ပေးထားတယ် ဆိုရင်တော့ တော်သေးတာပေါ့။ ဒါပေမယ့် မီဒီယာလောကကြီး အရှိန်အဟုန် ကောင်းကောင်းနဲ့ စီးဆင်းနိုင်ဖို့ အဲဒီ စာရင်းမရှိ၊ အင်းမရှိတဲ့ သတင်းထောက်တွေ ဘယ်လောက်ထိ အမောင်းခံနေရဦးမလဲ ဆိုတာ စဉ်းစားကြည့်ပေါ့ အစ်မရေ့၊ စဉ်းစားကြည့်ဦးဟ။