အင်တာနက် လူမှု ကွန်ရက်တခုဖြစ်သည့် facebook တွင် မကြာသေးမီက တစုံတဦး တင်ထားပေးသော သတင်းစာ ကြော်ငြာဖြတ်ပိုင်းငယ် တခုကိုယင်းကွန်ရက် အသုံးပြုသူ မြန်မာပြည်သားတိုင်း သတိထားမိကြပေလိမ့်မည်။
“မည်သည့်ဒေသတွင် မဆို ခြံစောင့်အဖြစ် သော်လည်းကောင်း၊ ထမင်းချက် အဖြစ်သော်လည်းကောင်း အလုပ်လုပ် လိုသည်” ဆိုသည့် အငြိမ်းစား ကျောင်းအုပ်ကြီးနှင့် ဇနီးတို့၏ အလုပ်ရှာသည့် ကြော်ငြာဖြစ်သည်။
ထိုကြော်ငြာအောက်တွင် ဖတ်ရှုပြီးသူအများစု၏ ကရုဏာသက်သော မှတ်ချက်များကို မြင်တွေ့နိုင်ပါသည်။ လုပ်ကြံဖန်တီး ထားခြင်းမဟုတ်သော ထိုကြော်ငြာပါ စာသားများက မြန်မာပြည်တဝန်းရှိ အငြိမ်းစားများ၏ ဘဝကို ထင်ဟပ်ပြသ နေသကဲ့ သို့ပင်။
“ကျောင်းအုပ်ဆိုတော့လည်း ဂုဏ်တွေဒြပ်တွေနဲ့ နေခဲ့တာပေါ့ဗျာ။ ဒါပေမယ့် အခုချိန်ကျတော့ အဲဒါတွေကိုစွန့်ပြီး ကျနော့် ရဲ့ ညစောင့်အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်နေရတာပေါ့” ဟု မန္တလေးမြို့ရှိ စင်တင် တေးဂီတနှင့် ဘီယာဆိုင် တဆိုင်တွင် ညစောင့်အဖြစ် အလုပ်လုပ်နေသည့် အငြိမ်းစား မူလတန်း ကျောင်းအုပ်ကြီး ဦးအောင်ဝင်း (နာမည်ရင်း မဟုတ်) က ဧရာဝတီကို ပြောသည်။
မန္တလေးဇာတိဖြစ်သူ ဦးအောင်ဝင်းသည် ၁၉၆၁ ခုနှစ်မှစ၍ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့၌ ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး သက်ပြည့်ပင်စင် ယူချိန်တွင် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
မန္တလေးမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ရွာတရွာတွင် ဇနီးဖြစ်သူနှင့် လက်ရှိ နေထိုင်လျက်ရှိပြီး သားနှင့် သမီး ၂ ဦး ရှိကြောင်း လည်း ဦးအောင်ဝင်းကဆိုသည်။ အငြိမ်းစား ဝန်ထမ်းတဦးဖြစ်သည့် အလျောက် စီးပွားရေးကိစ္စများကိုလည်း နားမလည် သဖြင့် လက်ရှိ ခံစားခွင့် ရနေဆဲဖြစ်သည့် ပင်စင်လစာများကို ကြိုတင်ငွေထုတ် စနစ်ဖြင့် ပွဲစားများထံ ပေါင်နှံခဲ့ရ ကြောင်း သူက ဆက်ပြောသည်။
“အရင်က ရတာတော့ ကျနော့်ပင်စင်လစာက ကျပ် ၂ သောင်းပါ၊ နောက်ပိုင်း ၁ သောင်း ထပ်တိုးလာတော့ စုစုပေါင်း ၃ သောင်းရတယ်။ ဒါပေမယ့် ကျနော်လည်း ဘာစီးပွားရေးမှ မလုပ်တတ်တော့ ရှိတာတွေပဲ ထုခွဲစားသောက်ရတယ်။ မလောက်တော့တဲ့ အဆုံးတော့ အဲဒီပင်စင်ကိုပါ နှစ်ဆယ်တိုးနဲ့ ပေါင်ခဲ့ရတာပါ။ အခုကျတော့ ပေါင်လို့ ရတဲ့ပိုက်ဆံလည်း ကုန်ပြီ၊ နေတဲ့အိမ်ကိုလည်း အမိုးတောင် ပြန်မမိုးနိုင်တော့ သူများတွေ ပေးကမ်းထားတဲ့ တာလပတ် အဟောင်းလေးနဲ့ပဲ ပြန်မိုးထားနေရတယ်။ ဆိုတော့ ရတဲ့အလုပ်ပဲ ထွက်ရှာရတော့တာပေါ့ဗျာ” ဟု ဦးအောင်ဝင်းက ဆိုသည်။
ဦးအောင်ဝင်း အလုပ်လုပ်နေသည့် ဘီယာဆိုင်ရှိ စားပွဲထိုးများ၏ ပြောပြချက်အရ လူပုံ ပိန်ပိန်ပါးပါး၊ မျက်မှန်အမြဲ တပ်ရသည်ဆိုသည့် အသက် ၆၁ နှစ်အရွယ် ဦးအောင်ဝင်းသည် မကြာသေးမီကမှ ၎င်းဆိုင်တွင် ညစောင့်အလုပ်ကို ရခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဘီယာဆိုင်မှ စားပွဲထိုးများနှင့် အလုပ်သမားများက ၎င်းကို ညစောင့်တဦးအဖြစ် နှိမ့်ချ ဆက်ဆံခြင်း မရှိသော်လည်း ၎င်း၏ သား၊ မြေးအရွယ် လူငယ်များ ဘီယာဆိုင်သို့ လာရောက်၍ မူးယစ်သောက်စားကာ ရန်ဖြစ် ထိုးကြိတ်မှုများကို စိတ်ပျက် မိကြောင်း ဦးအောင်ဝင်းက ဆိုသည်။
“လူငယ်တွေ ကလေးတွေကို မြေတောင်မြှောက်ပေးချင်ခဲ့တာ။ ဒါကြောင့်မို့လို့ပဲ ကျောင်းဆရာအလုပ်ကို ကျနော် ရွေးချယ် ခဲ့တာပါ။ ခေတ်ကြီးပြောင်းလာတာကိုပဲ အပြစ်ပြောရမလားတော့မသိဘူး၊ လူငယ်တွေ မူးပြီး ရန်ဖြစ်နေကြတာကိုပဲ ကျနော့်မှာ လောလောဆယ် ဖြေရှင်းပေးနေရတယ်။ ကိုယ့်အသက် အန္တရာယ် မဖြစ်အောင်လည်း အရမ်းသတိထား နေရတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ အငြိမ်းစား အစိုးရဝန်ထမ်းအချို့သည် အငြိမ်းစားဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြသော်လည်း စီးပွားရေး မလုပ်တတ်သူ၊ သားသမီး ကျောထောက်နောက်ခံ မရှိသော သူများအတွက် အလွန်ပင် ဒုက္ခရောက်ကြရပြီး ရရှိနေသည့် ပင်စင်လစာတခုတည်းနှင့် အသက်ရှင် ရပ်တည်ရန်မလွယ်ကူကြပေ။
မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း များ၏ ပင်စင် လစာကို တိုးမြှင့်ပေးရန် ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်ခဲ့ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးလှထွန်းက ထုတ်ပြန် ကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ခဲ့ ရသည့် အငြိမ်းစား ဝန်ထမ်းများကိုလည်း နိုင်ငံရေးပင်စင်လစာကို ခံစားခွင့်ပြုကြောင်း၊ သို့သော် ၎င်းတို့ရရှိနေသည့် နိုင်ငံရေး ပင်စင်လစာသည် ကျပ် ၁၁၀၀၀၀ ထက် ပိုများနေပါက လက်ရှိအတိုင်းသာ ခံစားသွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၏ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါရှိသည်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နေ အငြိမ်းစား ပညာရေးမှူးတဦးက အငြိမ်းစားများ၏ ပင်စင်လစာ တိုးမြှင့်မှု ရှိသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် ထူးခြားမှု ရှိနိုင်မည် မဟုတ်ကြောင်း၊ အစိုးရ၏ စီးပွားရေးဈေးကွက်အပေါ် ထိန်းချုပ်မှုသည်သာ အဓိကကျကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ပင်စင်တွေကို တိုးပေးလိုက်ပါပြီပဲ ထားပါတော့။ ဈေးကွက်စီးပွားရေးနဲ့ ငွေကြေးတန်ဖိုးကို အစိုးရက ထိန်းချုပ်နိုင်မှု မရှိဘူးဆိုရင် ကျနော်တို့အတွက်က အိတ်ပေါက်နဲ့ ဖားကောက်နေရသလိုပဲ ဖြစ်ဦးမှာပဲ။ မပြေလည်မှုတွေကလည်း ဆက်ရှိ နေဦးမှာပဲ။ တချို့ အငြိမ်းစားကြီးတွေဆိုရင် သူတို့ရှိတဲ့ ဂုဏ်သိက္ခာတွေကို ငဲ့ပြီး ဘိုးဘွားရိပ်သာတွေ၊ လူအိုရုံတွေ မသွား ချင်ကြတာ အများကြီးပဲ” ဟု ဆိုသည်။
အငြိမ်းစားဝန်ထမ်း များသာမက အငြိမ်းစားယူခါနီး လက်ရှိတာဝန်ထမ်းဆောင် နေသော ရန်ကုန်မြို့မှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်အေးအေးသန်းကလည်း မိသားစု ကျောထောက်နောက်ခံ မရှိသဖြင့် ပင်စင်ယူရမည့် အရေးကို တွေးပူနေကြောင်း ပြောပြသည်။
“မိဘတွေ ထားခဲ့တဲ့ အိမ်နဲ့ ခြံတော့ ရှိပါတယ်။ ဒါပေမယ့် ရလာမယ့် ပင်စင်လစာနဲ့ နေလို့လောက်မှာ မဟုတ်ဘူးဆိုတော့ အဲဒီအိမ်ကိုပဲ အရင်းလုပ်ပြီး ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတယ်” ဟု ဒေါ်အေးအေးသန်းက ဆိုသည်။
တာဝန်ထမ်းဆောင်နေဆဲ ကျောင်းဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအပါအဝင် အငြိမ်းစား ပညာရေးဝန်ထမ်းများ ၏ လူမှုစီးပွားရေး ပြေလည်စေရန်အတွက် ကျောင်းဆရာများ အသင်းချုပ်နှင့် ဆရာများသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလက လွှတ်တော်အတွင်း တင်ပြတောင်းဆိုခဲ့ရာ ၎င်းအဆိုကို ပယ်ချခဲ့သည်။
ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ပညာရေး ဝန်ကြီးဌာနတွင် ဌာနများနှင့် ကျောင်းများ၊ တက္ကသိုလ်များ အား စနစ်ကျနစွာ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ရာထူးအဆင့်အလိုက် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများလည်း အခါအားလျော်စွာ နှီးနှောဖလှယ်ပွဲများတွင် တွေ့ဆုံနိုင်ကြောင်း၊ ၎င်းတို့၏ လိုအပ်ချက်များကိုလည်း အဆိုပါ တွေ့ဆုံပွဲများ မှတဆင့် ဖြေရှင်းပေးနေကြောင်း၊ တိုင်ကြားစာများကိုလည်း အလေးထားစိစစ် ဆောက်ရွက်နေကြောင်း၊ ထို့ကြောင့် ကျောင်းဆရာအသင်းချုပ် ကဲ့သို့သော အဖွဲ့အစည်းမျိုး ထပ်မံ ဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ဖြေကြားခဲ့သည်။
အငြိမ်းစား ပညာရေးဝန်ထမ်းများသာမကဘဲ သားသမီး ကျောထောက်နောက်ခံမရှိသည့်၊ စီးပွားရေးလုပ်ငန်းများကို မလုပ်တတ် မကိုင်တတ်သည့် အငြိမ်းစား ဝန်ထမ်းများလည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
ဦးကျော်အေးသည် ရန်ကုန်မြို့မှ အငြိမ်းစား ဆောက်လုပ်ရေးဝန်ထမ်းတဦးဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်နေစဉ်က နေထိုင်ခဲ့သော ဝန်ထမ်းလိုင်းခန်းတွင် နားလည်မှုဖြင့် ဆက်လက်နေထိုင်၍ ဆောက်လုပ်ရေးရုံး၏ သန့်ရှင်းရေး အစရှိသည့် တောက်တိုမယ်ရ အလုပ်များကို လုပ်ကိုင်နေရသည်ဟု ဆိုသည်။
“အလုပ်အသစ်လည်း မရှာနိုင်၊ ကျနော့်ရွာကို ပြန်နေဖို့တောင်မှ ဒီမိသားစုအတွက် လမ်းစရိတ်မရှိသေးဘူး။ ဟိုတလောက ရထားဝန်ထမ်းဟောင်း တွေကို လိုင်းခန်းတွေကနေ နှင်ချတယ်လို့ကြားတော့ ကျနော်တို့လည်း မျက်ခုံး ခပ်လှုပ်လှုပ်ပဲ” ဟု ဦးကျော်အေးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရန်ကုန်တိုင်းအတွင်းရှိ မီးရထားဝန်ထမ်း မိသားစုပေါင်း ၃၀၀၀ ကျော်ကို ၎င်းတို့ နေထိုင်ရာ အိမ်ခန်းများမှ ဖယ်ရှားခဲ့သည်။ ဝန်ထမ်းအိမ်ယာများတွင် လူပေါင်းစုံ လာရောက်နေထိုင်ကာ ရာဇဝတ်မှု မျိုးစုံ ဖြစ်ပွား နေသည့်အတွက် ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးတွင် ပင်စင်စားဦးရေ ၉ သိန်းကျော်ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက ထုတ်ဝေခဲ့သည့် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။ ပင်စင်စားများအတွက် ကျပ် ၆၀၀ ထက်မပိုသော ပင်စင်လစာ ခံစားခွင့်စနစ်ကို ၁၉၈၉ တွင်ပယ်ဖျက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပင်စင်စားများ၏ လစာနှုန်းထားကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။
၁၉၉၄ ခုနှစ်တွင် မိသားစု ပင်စင်လစာကို တဝက်မှ ၄ ပုံ ၃ ပုံ အထိ တိုးမြှင့်ခံစားခွင့် ပေးခဲ့ပြန်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ပင်စင်လစာကို ၂ ဆ တိုးမြှင့်ပေးသည်။ သို့ရာတွင် ထိုသို့ တိုးမြှင့် ပေးခဲ့ခြင်းများမှာ ၎င်းနှစ်များနှင့် အကျုံးဝင်သော ပင်စင်စားများအတွက်သာ ဖြစ်ပြီး ထိုနှစ်များ၏ အရှေ့တွင် ပင်စင် ယူခဲ့သူများ မပါဝင်ပေ။
ပင်စင်စားများအတွက် နောက်ဆုံးအကြိမ် ခံစားခွင့် တိုးမြှင့်ရာတွင် ကျပ် ရာဂဏန်း၊ ထောင်ဂဏန်း ရရှိခံစားနေရာမှ သောင်း ဂဏန်း အထိ တိုးမြှင့်သွားမှုကြောင့် ယေဘုယျအားဖြင့် များပြားသည်ဟုဆိုနိုင်သော်လည်း ၎င်းပင်စင်လစာကိုသာ မီခိုနေရသူများ အဖို့ လုံလောက်စွာ ထောက်ပံ့မှု ပေးနိုင်မည်မဟုတ်ကြောင်း ဦးအောင်ဝင်း၊ ဒေါ်အေးအေးသန်းနှင့် ဦးအေးကျော် တို့၏ ပြောဆိုချက်များအရ သိရှိနိုင်ကြ ပေလိမ့်မည်။