“တောက်တဲ့ … တောက်တဲ့ … တောက်တဲ့”
“သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့ … မိုးလေဝသ ဟောတတ်တဲ့ တောက်တဲ့ … တောက်တဲ့ … အိုး အော်လိုက်စမ်းပါဦး …”
တန်ဆောင်တိုင် လွိုင်ကထုံပွဲကြောင့် ချင်းမိုင်မြို့အတွင်း ပျားပန်းခတ်မက စည်ကားနေသဖြင့် အေးရာအေးကြောင်း ဒွိုင်ဆူထက် တောင်ပေါ်တွင် တရားမှတ်မည် အကြံနှင့် ပြန်ရောက်လာခဲ့သော ဦးရုက္ခစိုးမှာ ကြားလိုက်ရသော အသံ၊ မြင်လိုက်ရသော မြင်ကွင်းကြောင့် နားမလည်နိုင်အောင် ဖြစ်သွားသည်။ သူစံမြန်းရာ ညောင်ပင်အောက်တွင် အသံသေးအသံကြောင်ဖြင့် အော်နေသူများမှာ တခြားသူများမဟုတ် … ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ပင်ဖြစ်သည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ … တတောက်တောက် တတဲ့တဲ့နဲ့ ဘာတွေဖြစ်နေကြတာလဲ။ လူစင်စစ်က တောက်တဲ့တွေ ဖြစ်သွားကြပြီလား။
ကြွက်စုတ်။ ။ တောက်တဲ့ … အဲ ဟုတ်ကဲ့ …။ ဦးရုက္ခစိုးကလည်းဗျာ … လာရင်လည်း အသံလေးဘာလေး ပေးဦးမှပေါ့။
ရုက္ခစိုး။ ။ ဟ … ငါ့နေရာ ငါပြန်လာတာ … အသံပဲပေးပေး … တိတ်တိတ်လေးပဲလာလာ ဘာဖြစ်လဲကွ။ မင်းတို့ ဘာသာ ဆူညံပြီး မကြားဘဲနဲ့။
ဖိုးရှုပ်။ ။ ရှူး … တိုးတိုးလုပ်ပါ ဦးရုက္ခစိုးရယ် … ဟိုကောင်ကြီး လန့်သွားပါဦးမယ်။
ရုက္ခစိုး။ ။ ဘယ်ကောင်ကြီးတုန်းဟ။
ဦးရုက္ခစိုးက နားမလည်သလို မေးလိုက်ရာ ဖိုးရှုပ်က ညောင်ပင် ပင်စည်ကို လက်ညှိုးထိုးပြလိုက်သည်။ ပင်စည်တွင် ကပ်နေသော အရာမှာ ၃ လက်မ သာသာ တောက်တဲ့တကောင်ဖြစ်၏။
ရုက္ခစိုး။ ။ တောက်တဲ့ ဘာဖြစ်လို့လဲ။
ကြွက်စုတ်။ ။ ဖမ်းမလို့လေ …။ တောက်တဲ့တွေ လိုက်ဝယ်နေတယ်တဲ့။ ပြည်တွင်းက ဂျာနယ်တစောင်မှာဆို ၃ ပေခွဲလောက် ရှိတဲ့ တောက်တဲ့ကြီးကို ဒေါ်လာ သန်းနဲ့ချီပြီရသွားတဲ့ သတင်းပါလာတာ မတွေ့ဘူးလား။
ရုက္ခစိုး။ ။ မိချောင်းနဲ့ မှားတာ နေမှာပါကွာ။ ၃ ပေခွဲလောက်တောက်တဲ့ကို ငါလို တောထဲမှာနေတဲ့သူတောင် တခါမှ မမြင်ဖူးဘူး။
ဖိုးရှုပ်။ ။ ဒါကတော့ ဦးရုက္ခစိုးက တောထဲမနေဘဲ မြို့ပေါ်သွားသွားပြီး ဟိုနေရာ ဝင်ပါလိုက် ဒီနေရာ ဝင်ပါလိုက်လုပ်နေ တာကိုး။
ရုက္ခစိုး။ ။ ဒါကတော့ ပြောင်းနေပါပြီ၊ ပြောင်းနေပါပြီဆိုပြီး တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတဲ့သူတွေကို အားမရလို့ပါကွာ။
ထိုစဉ် သူတို့နားထဲ၌ တရှပ်ရှပ် အသံကြားသဖြင့် ကြည့်လိုက်ရာ … အရှည် ၃ ပေခန့်ရှိ တွားသွား သတ္တဝါ တကောင်ကို တွေ့လိုက်ရသည်။ ဖိုးရှုပ်က “ဟာ … တောက်တဲ့ကြီးဟေ့ … ကြွက်စုတ်ရေ ဖမ်းဟ” ဟု အော်လိုက်ရာ ထိုသတ္တဝါက “မလုပ်ကြပါနဲ့ဗျာ … ကျုပ်က မိချောင်းပါ” ဟု ပြန်ပြောသည်။
ကြွက်စုတ်။ ။ ဟင် မိချောင်းက လူစကား ပြောတတ်တယ်။
မိချောင်း။ ။ လျှာရှည်တဲ့သူကို မိချောင်းသား ဆိုပြီး ခင်ဗျားတို့လူတွေပဲ ပြောကြပြီးတော့။ အခုလို ခေတ်ကြီးထဲမှာ လူစကားမပြောတတ်ရင် ခုလောက်ဆို ကျုပ်လည်း တောက်တဲ့နဲ့ မှား အဖမ်းခံနေရလောက်ပြီ။
ဖိုးရှုပ်။ ။ နေစမ်းပါဦး … မိချောင်းက ရေနားမနေဘဲ ဘယ်လိုလုပ် တောင်ပေါ်တောထဲ ရောက်နေရတာလဲ။
မိချောင်း။ ။ ကျုပ်က ဘန်ကောက်က ရေဘေးဒုက္ခသည် မိချောင်းပါဗျာ။ ကျုပ်တို့ကန်ထဲ ရေတွေဝင်လာလို့ လွတ်ပြီဆိုပြီး ထွက်လာတာ လူတွေနဲ့တွေ့တော့ တောက်တဲ့ပါ ဆိုပြီး လိုက်ဖမ်းလို့ လွတ်ရာကျွတ်ရာ ပြေးရင်း ဒီတောင်ပေါ်ရောက် လာတာပဲ။ ဒါနဲ့ ကျုပ်အတွက် စတိတ်မန့် တစောင်လောက် ထုတ်ပြီး facebook ပေါ်တင်ပေးပါလားဗျာ။
ရုက္ခစိုး။ ။ အောင်မာ ရာရာစစ မိချောင်းက စတိတ်မန့်ထုတ်ဦးမယ်တဲ့။
ကြွက်စုတ်။ ။ နေစမ်းပါဦး။ မင်းက ဘာစတိတ်မန့် ထုတ်မလို့လဲ။
မိချောင်း။ ။ ကျုပ် တောက်တဲ့မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသား မိချောင်းစစ်စစ်သာ ဖြစ်ကြောင်း စတိတ်မန့်ပေါ့။ လုပ်ပါဗျာ … မြန်မြန်လေး ရေးပြီး fcaebook ပေါ်တင်ပါ။
ဖိုးရှုပ်။ ။ ဟာ မဖြစ်ဘူး … fcaebook က အမှိုက်ပုံထက် ဆိုးတယ်ကွ … တွေ့ရာအကုန်တင်ကြတာ။ ကော်မန့်တွေ ကလည်း ဟိန်းလိုက်ဟောက်လိုက် ခြိမ်းလိုက် ခြောက်လိုက်တာ ပြောမနေနဲ့ … ငါတော့ ကြောက်တယ် … ကြွက်စုတ်ကို ခိုင်းကွာ။
ကြွက်စုတ်။ ။ ငါးစိမ်းတန်းသွားပြီး မောင်းထုပေးဆို ပေးပါ့မယ်ကွာ …။ မင်း စတိတ်မန့်တော့ fcaebook မှာ တင်မပေးပါရ စေနဲ့။
မိချောင်း။ ။ ဒါလေးတောင် မကူညီကြဘူးလားဗျာ … ကျုပ်ဘဝ မိချောင်းစင်စစ်ကနေ တောက်တဲ့အဖြစ် အဖမ်းခံရမှာ မြင်ချင်ကြတယ်ပေါ့။
ရုက္ခစိုး။ ။ မင်းပုံစံက မိချောင်းဆိုတာ အသိသာကြီးပါကွာ … မဖမ်းလောက်ပါဘူး။
မိချောင်း။ ။ ဟာ မလုပ်နဲ့ … အခုခေတ်က လွယ်တာမဟုတ်ဘူး။ ပုံမှားရိုက်မယ် ဆိုတာချည်းပဲ။ ၂ လက်မလောက်ရှိတဲ့ တောက်တဲ့ကို ဖိုတိုရှော့နဲ့ ချဲ့ပြီး ၃ ပေခွဲ ပြောချင်ပြောနေတာ။ ဘောင်းဘီကိုတောင် ပုဆိုးဖြစ်အောင် ပြောင်းနေတာဗျာ။
ဖိုးရှုပ်။ ။ မင်းကလည်း … ဘောင်းဘီကို ပုဆိုးပြောင်းတဲ့ကိစ္စလည်း သိလိုက်ရပြန်ပြီ။ ဒါ မြန်မာ့နိုင်ငံရေးကွ … မင်းနဲ့ ဘာဆိုင်လဲ။
မိချောင်း။ ။ အဲဒါတွေ သိပေါင်ဗျာ … ဘယ်နိုင်ငံက ဓာတ်ပုံမှန်းမသိ … ဘောင်းဘီကြီးနဲ့ဟာကို ဖိုတိုရှော့နဲ့ ပုဆိုး ဖြစ်အောင်လုပ်ပြီး ဂျာနယ်ထဲ ထည့်တာကို ပြောတာပါ။
ကြွက်စုတ်။ ။ ဒါကတော့ကွာ … အစိုးရတောင်မှ ဘောင်းဘီဝတ်ရာကနေ ပုဆိုးကို ကမန်းကတန်း ပြောင်းဝတ်ကြ သေးတာပဲ။
မိချောင်း။ ။ အဲဒါကြောင့် ပြောတာပေါ့ ကျုပ်ကိုလည်း ပလတ်စတစ် ဆာဂျရီတွေ ဘာတွေလုပ်ပြီး တောက်တဲ့ဖြစ်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ။ ဟိုမှာက ဝယ်လက်က အပြည့် … တောက်တဲ့တင်မကဘူး ကျွတ်တွေကော၊ မျှော့တွေကော၊ တီကောင်တွေကော အကုန်လိုက်ဝယ်နေတာ။
ဖိုးရှုပ်။ ။ နေစမ်းပါဦး … မင်းက စတိတ်မန့် ထုတ်ပြီး ဘယ်သွားမလို့လဲ။ သိပ်တော့ လမ်းမသလားနဲ့နော်။ ချင်းမိုင်မှာ မိချောင်းသားချည်း ရောင်းတဲ့ဆိုင် ရှိတယ်လို့ ကြားဖူးတယ်။ မင်းစတိတ်မန့်ကို ထိုင်းတွေကလည်း နားလည်မှာ မဟုတ်ဘူး။ တော်ကြာ ငရုပ်သီးနဲ့ မွှေခံနေရမယ်။
မိချောင်း။ ။ သိပါတယ်ဗျ။ ကျုပ်က မြန်မာပြည်ပြန်မှာမို့လို့ အထူး စတိတ်မန့်လိုနေတာ။ တောက်တဲ့နဲ့ မှား ရောင်းစားခံရပြီး တရုတ်ပြည်တော့ မသွားချင်ဘူး၊ ကျုပ်က မျိုးချစ်မိချောင်းဗျ။
ရုက္ခစိုး။ ။ မိချောင်းလို့ မပြောရဘူး လျှာရှည်လိုက်တာကွာ။ မြန်မာပြည်ပြန်ပြီး မင်းက ဘာလုပ်မှာလဲ။
မိချောင်း။ ။ ကျုပ်ကလား … ဟိုမှာ NGO ထောင်မယ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်မယ်၊ အနုပညာလုပ်မယ်၊ ဗီဒီယို ဇာတ်ညွှန်းရေးမယ်၊ ဂျာနယ်လစ်လုပ်မယ်၊ ဧရာဝတီကို ကာကွယ်မယ်၊ ရိုဟင်ဂျာအရေး facebook မှာ အော်မယ်၊ တရုတ်တွေကို ဝက်ဘ်ဆိုက်ဖွင့်ပြီး တိုက်မယ်။ ဘီးဇီးနက် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ပိုစတာ ဆိုက်ကြီးတွေချည်း ထုတ်ပြီး ရောင်းစားမယ်။
ကြွက်စုတ်။ ။ ဟာ … ဟေ့ဟေ့ … ဒီမိချောင်း … တော်တော်မလွယ်တဲ့ မိချောင်းပဲ …။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတော့ ချမ်းသာပေးပါကွာ။
မိချောင်း။ ။ မဖြစ်ဘူးဗျ … ကျုပ်မလုပ်လည်း သူများတွေ လုပ်နေတာပဲ။ မြန်မာပြည်မှာက ဦးနိုင်မှ တော်ကာကျမယ်။ နှေးတာဆိုလို့ နိုင်ငံရေးအကျဉ်းသားတွေ အကုန် လွှတ်မယ့်အရေးပဲရှိတယ်။
ဖိုးရှုပ်။ ။ ဒီကောင် တော်တော် မလွယ်တဲ့ မိချောင်းပဲ။ ကြွက်စုတ်ရေ … ကြာရင် ငါတို့ကိုပါ ရောင်းစားမလားမသိဘူး။
မိချောင်း။ ။ ခင်ဗျားတို့ကို ရောင်းစားလို့ ဘာရမှာလဲဗျာ။ ဦးရုက္ခစိုး ဆိုရင်တော့ တရုတ်က ထူးဆန်းသတ္တဝါဆိုပြီး ကြိုက်ရင် ကြိုက်မှာ။ လိုက်ခဲ့ပါလားဟင်။
ရုက္ခစိုး။ ။ အောင်မငေး … ငါလည်း မနေရပါလား။
ဖိုးရှုပ်။ ။ ကြာတယ်ကွာ … ဒီကောင့်ကို ဖမ်းပြီး ဘန်ကောက်က မိချောင်းကန်ထဲ ပြန်ပို့မယ် … လာထား …။
မိချောင်း။ ။ ဟေ့လူ … ဟေ့လူ … မှားမယ်နော်။ ကျုပ်က နောက်နေတာ … တကယ်တော့ကျုပ်က မိချောင်း မဟုတ်ဘူးဗျ။
ကြွက်စုတ်။ ။ လုပ်ပြန်ပြီ … အမျိုးမျိုး မပြောနဲ့နော်။ မိချောင်းမဟုတ်ရင် ဘာလဲ။
မိချောင်း။ ။ တကယ်တော့ ကျုပ်က တောက်တဲ့ဗျ။ ကပ်တဲ့နေရာမှာတော့ ကျုပ်ကို မီတဲ့သူ မရှိဘူးပေါ့ဗျာ။ အခုလည်း တောက်တဲ့ဆိုရင် ပြည်ဝင်ခွင့် မပေးဘဲ လေဆိပ်မှာတင် ဖမ်းခံရမှာစိုးလို့ … မိချောင်းဖြစ်အောင် ပလတ်စတစ် ဆာဂျရီ လုပ်လာတာ။
ရုက္ခစိုး။ ။ အဲဒီလောက်တောင် အမျိုးမျိုးပြောင်းနေမှတော့ မိချောင်းကော၊ တောက်တဲ့ကော မဖြစ်နိုင်ဘူး ပုတ်သင်ညိုပဲ ဖြစ်ရမယ်။
မိချောင်း။ ။ တကယ်ပါဗျာ မယုံရင် ကျုပ်အော်ပြမယ် နားထောင် … တောက်တဲ့ … တောက်တဲ့ … တွေ့တယ်မဟုတ်လား။ ကဲ အချိန်သိပ်မရှိဘူး။ အဲဇလုံအမီ လစ်ရမှာ … သွားပြီဗျို့။
ထိုနေရာမှ ခပ်တည်တည်ဖြင့် ထွက်သွားသည့် မိချောင်းကို ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ မယုံတဝက် … ယုံတဝက်ဖြင့် ကြောင်ကြည့်နေမိကြသည်။
ခပ်လှမ်းလှမ်း အရောက်တွင် မိချောင်းကြီးက နောက်သို့ တချက်လှည့်ကြည့်ပြီး ခေါင်းတဆတ်ဆိတ် ညိတ်ကာ “တောက်တဲ့ တောက်တဲ့ တောက်တဲ့” ဟူ၍ သုံးကြိမ်တိတိ အော်ပြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွား လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။