စင်ခေါင်တိုင် သပြေကိုင်းနဲ့
နေမှိုင်းလို့ ရွှေဆိုင်းက ဗေထိဆော်
တိုး ဟေ့ ပျော်ပျော်
အရှေ့ရွာ စင်တော်ရုပ်သေး
နောက်ညတွေ မရှိသေးရင်
လွမ်း…လှချည့် လေး…..။
မြန်မာ့အသံ ရေဒီယိုကနေ ဟိုအရင်တုန်းက တခါတရံမှ လွှင့်တာကို နားထောင်ခဲ့ရတဲ့“ရုပ်သေးပွဲ သွားရအောင်”ဆိုတဲ့ သီချင်းထဲ က စာသား အပိုင်းအစ လေးတွေပါ။

မကြာသေးခင်က ရုပ်သေးပွဲသွားခဲ့ပြီးတဲ့နောက်မှာ ဒီ သီချင်းလေးဟာ ခေါင်းထဲရောက်လာ ခဲ့ပါတယ်။
အဲဒီ သီချင်းခေါင်းစဉ်လို ရုပ်သေးပွဲသွားရအောင် လို့ အဖော်စပ်သူ မရှိခဲ့ပေမယ့်လည်း ရုပ်သေးပွဲကို သွားကြည့်ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ၂၉ ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့ အနုပညာပြတိုက် ခန်းမမှာ Puppets Beyond Borders လို့ အမည်ပေးထားတဲ့ ၅ နိုင်ငံက ရုပ်စုံသဘင် ဖျော်ဖြေပွဲရှိတယ်။ ပြင်သစ်၊ ဂျာမနီ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံက ထွေးဦး(မြန်မာ) ရုပ် သေးအဖွဲ့လည်း ပါတယ်ဆိုလို့ အရောက်သွားပြီးကြည့်ဖြစ်ခဲ့ပါတယ်။ အခုလို ရိုးရာ ရုပ်စုံသဘင်ပွဲကို ကြည့်ဖို့ဆိုတာ ပြည်ပရောက် မြန်မာတွေအနေနဲ့ ကြုံတောင့်ကြုံခဲလို့ ဆိုရပါမယ်။

အဲဒီပွဲမှာ အဖွဲ့အားလုံးဟာ “အိမ်”(Home) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့ ဇာတ်လမ်းတို တင်ဆက်မှုအနုပညာကို ပြသခဲ့ကြ ပါတယ်။ ခေါင်းစဉ် တူပေမယ့် တင်ဆက်ပြသပုံနဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ မတူကြပါဘူး။
အရင်ဦးဆုံး ပြင်သစ်အဖွဲ့ တင်ဆက်ဖျော်ဖြေပုံကတော့ ခေတ်လွန်အနုပညာလို့တောင် ပြောရမလိုပင်။ ရုပ်ရှင်ပညာနဲ့ ပေါင်းစပ်ပြီး လူ ကိုယ်တိုင် လက်နဲ့ဖန်တီး သရုပ်ဆောင်မှုတွေကို ပိတ်ကား အဖြူပေါ်မှာ ဆလိုက်မီးနဲ့ထိုးပြပြီး ပရိသတ်ကို ကြည့်ရှု ခံစားစေတာ ပါ။ တင်ဆက်ပုံဟာ ထူးခြားပါတယ်။
ဇာတ်လမ်းလေးကတော့ ပဲရစ်မြို့က အဆောက်အအုံဟောင်းကြီးက မိသားစုတစု၊ အိမ်ထောင်စု တစု ဖြစ်ပေါ်လာပုံ အကြောင်း အခြေခံထားတာပါ။ ပြကွက်ထဲမှာ အဆောက်အအုံကြီးမှာရှိတဲ့ အခန်းအခန်းတွေကို ဖောက်ထွင်း မြင်နေရတဲ့ပုံကို တကြောင်းမျဉ်း တွေနဲ့ ပုံဖော်ပြီး ပိတ်ကားပေါ်မှာ ဆလိုက်မီးနဲ့ ထိုးပြတာ ပါတယ်။ နောက်ခံတေးဂီတလည်း ပါပါတယ်။

အဲဒီ အဆောက်အအုံကြီးမှာ နေထိုင်တဲ့ ယောကျာ်တဦးနဲ့ မိန်းမတဦး လင်ခန်း မယားခန်း ပေါင်းသင်းနေထိုင်ပုံကို လက်နဲ့ သရုပ် ဖော်ပြီး ပိတ်ကားအဖြူပေါ်မှာ ပြတာမျိုးလည်း တွေ့ရပါတယ်။
တနေ့ အဲဒီ အဆောက်အအုံကြီးက ဇနီးမောင်နှံမှာ ရင်သွေးရတနာလေးတဦး မွေးဖွားလာခဲ့ပါတယ်။ အဲဒီရင်သွေးလေးဟာ အချိန် တန် အရွယ်ရောက်လာတဲ့ အခါမှာ မိဘရင်ခွင် နေအိမ်ကထွက်ခွာပြီးတော့ စူူးစမ်း လေ့လာ လိုစိတ်နဲ့ ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ပုံ။ ဒါပေ မယ့် ကိုယ့်အိမ်ဆိုတာ ကိုယ့်အိမ်ပါပဲ၊ တနေ့မှာ လူတိုင်းဟာ ကိုယ့်အိမ် ကိုယ့်ရာကို ပြန်ကြရမယ် ဆိုတဲ့ အတွေး။
ကမ္ဘာကြီးရဲ့ ဘယ်နေရာကပဲဖြစ်ဖြစ် လူ့သဘာ၀ အရ တမိသားနဲ့ တမိသား ပေါင်းသင်းနေထိုင်၊ ဆက်ဆံမှုတွေ ကြုံတွေ့ရမှာပါ။ တခြားသော နေရာဒေသက နွေးထွေးမှု၊ ငြိမ်းအေးသာယာမှုတွေ၊ အရိပ်အာဝါသတွေကို တွေ့ကြုံနေရပါစေ ကိုယ့်အိမ် မဟုတ်ပါဘူး၊ ကိုယ့်အိမ် ဟာ ကိုယ့်အိမ်ပါပဲ။ ဒါကြောင့် ဘယ်နေရာပဲ ရောက်နေ တနေ့မှာဖြင့် ကိုယ့်အိမ်ကိုယ်ပြန်ကြရမှာပဲဆိုတဲ့ ခံစားမှုကို အဲဒီပြင်သစ် အနုပညာအဖွဲ့ရဲ့ တင်ဆက်မှုကနေ ရရှိလိုက်တယ်လို့ ဆိုချင်ပါတယ်။

ကြည့်မြင် ခံစားရသလောက် ဖော်ပြလိုက်တာပါ။ ပိုပြီး နက်နဲတဲ့ ခံစားမှု အတွေးအခေါ် ရသွားတဲ့သူ၊ ခံစားတွေးခေါ် နိုင်တဲ့လူတွေလည်း ရှိနေမှာပါ။
အဲဒီပွဲမှာ တခြားသော ထိုင်းနိုင်ငံ အပါအဝင် ဂျာမနီ၊ ကမ္ဘောဒီယား နိုင်ငံတွေရဲ့ တင်ဆက်ပုံတွေကတော့ ဇာတ်လမ်းသာ ကွဲသွားတာပါ၊ နက်နဲသိမ်မွေ့တဲ့၊ ထူးခြားတဲ့ အနုပညာရပ်အဖြစ် မခံစားရပါဘူး။
လက်ထိုးရုပ်၊ တုတ်ထိုးရုပ် တွေနဲ့ ဇာတ်လမ်းသရုပ်ဖော်ပြသမှု၊ တိုက်တာ အဆောက်အအုံ၊ သစ်ပင်၊ လူ စတဲ့ အရုပ်တွေကို ပိတ်ကား အနောက်မှာထားပြီး ဆလိုက်မီးနဲ့ ထိုးပြတဲ့ အရိပ်ဖော်ရုပ်သေး ပြကွက်တွေနဲ့ ပြသ တင်ဆက် သွားကြတာဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံတနိုင်ငံ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု အနုပညာရပ်အပေါ် တန်ဖိုးထားမှုနဲ့ လေးနက်မှုကိုတော့ တွေ့မြင်ရပါတယ်။
ကမ္ဘာ့ ရုပ်စုံ ရုပ်သေးသဘင်မှာ လက်သွင်းရုပ်သေး သို့မဟုတ် လက်ရုပ်သေး။ ခြေ၊ လက် ၊ ခေါင်း ၊ ခါး တို့မှာ ကြိုးတွေတပ်ပြီး ဒ လက်မှာချည်ကာကပြရတဲ့ ကြိုးဆွဲရုပ်သေး။ အရုပ်တွင်းကို တုတ်တချောင်းသွင်းပြီး ခြေလက်တွေမှာ သံနန်းကြိုးငယ်၊ တုတ်ချောင်း ငယ်တွေ တပ်ဆင်ပြီး ဆွဲငင်လှုပ်ရှားကပြရတဲ့ တုတ်ထိုး ရုပ်သေး။ ကတ်ထူပြားနဲ့လုပ်ထားတဲ့ အရုပ်ကို စင်နောက် ဘက်ကနေ မီးထိုးပေးပြီး အရိပ်ကို လှုပ်ရှားပြသရတဲ့ ရုပ်သေး စတဲ့ ရုပ်သေးအမျိုးအစား လေးမျိုးရှိတယ်လို့ မှတ်တမ်းတွေမှာတွေ့ရပါတယ်။ မြန်မာ ရုပ်သေးကတော့ ကြိုးဆွဲ ကပြရတဲ့ ရုပ်သေး သဘင် အမျိုးအစားပါ။ တရုတ်နဲ့ အိန္ဒိယမှာလည်း ကြိုးဆွဲ ရုပ်သေး ရှိပါတယ်။

အခု ချင်းမိုင်မှာ ပြသသွားတဲ့ပွဲမှာ မြန်မာ ရုပ်သေးအဖွဲ့ရဲ့ တင်ဆက်ပုံကတော့ ဇာတ်လမ်းအရ ဟိုအရင် ဇာတ်တော်ကြီးတွေ၊ ဗုဒ္ဓဝင် တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ မဟုတ်ပါဘူး။ မြို့ပြဘဝကို သရုပ်ဖော်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ဇာတ်က လူငယ်လေးတဦး ဆယ်တန်းအောင် အရွယ်ရောက်လို့ ဘဝလမ်း ရွေးချယ်ပုံ။ သဘောၤသား လုပ်တယ်၊ သဘောၤလိုက်ရင်း နိုင်ငံတကာလည်း ရောက်တယ်၊ ဘေးဒုက္ခတွေလည်း ကြုံရတယ်၊ ငွေကြေး ဥစ္စာ စုဆောင်းမိတယ်၊ အိမ်ရာ တည်ထောင်တယ်၊ သားသမီး ရတယ်။ နောက် သဘောၤ အလုပ်ကနားပြီး ဘ၀ တသက် ရေရှည်ရင်းနှီး မြုပ်နှံမှုအနေနဲ့ ရုပ်စုံသဘင် အဖွဲ့တဖွဲ့ကို တည်ထောင်လိုက်တယ် ဆိုတဲ့ ဇာတ်လမ်းပါ။ နောက်ခံတေးဂီတအနေနဲ့ ရော့စတီးဝပ် ရဲ့ Sailing သီချင်းနဲ့ အလင်္ကာ ကျော်စွာ
ရွှေမန်းတင်မောင်ရဲ့ အောင်ပါစေ ဆိုတဲ့ တေးသီချင်းတွေကို အသုံးပြုထားပါတယ်။
ဇာတ်လမ်းအရ ဘာမှ မဆန်းပါဘူး။ ဒါပေမယ့် မြန်မာ့ ရုပ်သေး သဘင်ဟာ ကြိုးဆွဲမှု အတတ်ပညာအရ နက်နဲလှပါတယ်။ အရုပ် တွေ ဖန်တီးပြုလုပ်ထားပုံ ပညာရပ်အနေနဲ့ကလည်း မလွယ်ကူလှပါဘူး။ ဒါတွေကြောင့် လူအများ စိတ်ဝင်စားကြတာကိုတော့ တွေ့ရပါတယ်။

စာရေးဆရာမကြီး လူထု ဒေါ်အမာကလည်း“ကြုံတွေ့ဖူးသလောက် ဆိုပါလျှင် သူတို့ အနောက်နိုင်ငံ ရုပ်သေးများသည် စက်မှုတွင် အထက်တန်းကျ၍ ရုပ်သေးစင်၏ အပြင်အဆင် အခမ်းအနားနှင့် မီးတွင် ကောင်းသော်လည်း အက ကြိုးဆွဲပညာနှင့် ရုပ်သေး သဘင် ပညာတွင်ကား မြန်မာများထက်သာသည်ဟု မပြောနိုင်ပါ”လို့ ရေးသား ပြောဆိုဖူးပါတယ်။ ရုပ်သေးသဘင် ပညာသည်တွေဟာ အရုပ် ကို တကယ့်လူလို့ ထင်မှတ်လာအောင် အနုပညာနဲ့ ဆွဲဆောင်ကြရတယ်လို့လည်း ဆိုပါတယ်။
အဲဒီ ချင်းမိုင်မြို့ အနုပညာပြတိုက်က ရုပ်သေးပွဲကို သွားရတဲ့ ရည်ရွယ်ချက်ကလည်း ဆယ်စုနှစ်မက မကြည့်ရှုခဲ့ရတဲ့ မြန်မာ ရုပ်စုံ သဘင် အနုပညာကို ကြည့်ရှု ခံစားချင်လို့ပါပဲ။ အားခဲထားသလောက် မဟုတ်ပေမယ့် အလွမ်းပြေ၊ အာသာပြေ အနေနဲ့ ဆန္ဒတခုတော့ ပြည့်ခဲ့ပါတယ်။
အခုပွဲမှာ ပါဝင်တင်ဆက်ခဲ့တဲ့ မြန်မာ ရုပ်သေးအဖွဲ့အနေနဲ့ တခြားနိုင်ငံတွေနဲ့ တွဲဖက် တင်ဆက်ရတဲ့ အခြေအနေ၊ တင်ဆက်ချိန် နည်းပါးမှုတွေကြောင့် မြန်မာ့ ရုပ်သေး အမြင့်သဘင်ရဲ့သမားစဉ် အပြည့်အ၀ တင်ဆက်ခွင့် မရတဲ့အတွက် အားပါးတရ ကြည့်ရှု မခံစားရတာကို ဆိုလိုတာပါ။
မြန်မာရုပ်သေးဟာ အင်း၀ ခေတ်၊ ပုဂံခေတ်လောက်ကတည်းက အစပြုရှိခဲ့တယ်လို့ သိရပါတယ်။ ၁၁၃၈ ခု အင်းဝခေတ် ငစဉ့်ကူး မင်း လက်ထက် သဘင်ဝန် ဦးသော်က စတင်တီထွင်ခဲ့တယ်လို့လည်း မှတ်တမ်းတချို့က ဆိုပါတယ်။

အဲဒီ ရိုးရာ ရုပ်သေးပွဲကမယ်ဆိုရင် သမားစဉ်အရ ရုပ်သေးတစင်မှာ မင်းသမီး၊ မင်းသား၊ လူပြက်၊ လူကြမ်း၊ အပျိုတော်၊ အမယ်ကြီး အို၊ မင်းသားကြီး မျက်နှာဖြူ၊ မင်းသားကြီး မျက်နှာညို၊ ဂဠုန်၊ နဂါး ၊ ကျား၊ ဆင် ၊ မြင်း ၊ ဇော်ဂျီ ၊ ဘီလူး၊ ပုဏ္ဏား စတဲ့ အခြေခံအရုပ်
ပေါင်း အနည်းဆုံး၂၈ ရုပ်နဲ့ကပြဖျော်ဖြေရတာပါ။ အရင်ခေတ်တွေကဆိုရင် ည ၈ နာရီလောက်ကနေ မိုးလင်းအထိကပြကြတယ်။
ဒီလို မိုးလင်း ရုပ်သေးပွဲကို အရင်ခေတ်တွေက ကျေးလက်တောရွာတွေမှာ ပိုပြီး ကပြဖျော်ဖြေကြလို့ ကျေးလက်ပြည်သူတွေ ကလည်း နှစ်သက်အားပေးကြတယ်လို့ သိရပါတယ်။
အစပိုင်းမှာဖော်ပြခဲ့တဲ့ ရုပ်သေးပွဲ သွားရအောင် သီချင်းလေးဟာဆိုရင် ဟိုအရင်က ကျေးလက်ဒေသ ဘုရားပွဲတွေ၊ ပွဲလမ်း သဘင် တွေမှာ ကပြ ဖျော်ဖြေတဲ့ ရုပ်သေးပွဲနဲ့ ကျေးလက် စရိုက်သဘာဝကို သရုပ်ဖော်ထားတဲ့ သီချင်း တပုဒ်ပါ။ အဲဒီ သီချင်းလေးထဲက –
“ရေခပ်ပြန် ကသီလှပေါ့…ဘီးမှန်က ဘယ်ဆီနေ…ဒေါင်း တောက်အောင် မွှေ…စံပယ်ခွေ ဘယ်သူ ဝှက်ကြ…စိတ်ပျက်ပေါ့လေ…
ပြောစမ်းနဲ့ ယောင်းမရေ…လှောင်စမ်းနဲ့ ယောင်းမရေ…ငိုချင်ပေါ့လေ…မောင်ကြီးရေ…မောင်ကြီးရေ…မောင်ကြီးရေ စောင့်ပါဦး
လေ…စံပယ်ခွေ ပန်ခဲ့ဦးမယ်…တဘက်ပြာ ခြုံခဲ့ဦးမလေ….”ဆိုတဲ့ စာသားတွေဟာ ကျေးလက် သဘာဝ၊ ကျေးလက်စရိုက်ကို ဖော် ကျူး ထားတာပါ။ ရုပ်သေးပွဲ သွားချင်တဲ့ ကျေးတောသူလေးရဲ့ ဗျာများနေပုံကို သရုပ်ဖော်ထားတယ် ဆိုတာ သိသာလှပါတယ်။
အဲဒီ ရုပ်သေးပွဲအမြင့်သဘင်ရဲ့ တင်ဆက်မှုသမားစဉ်မှာ ပွဲခေါ် ပတ်မတီးခြင်း၊ ဧည့်ခံတီးခြင်း၊ စင်တိုင်ခြင်း၊ နတ်ကတော် ထွက်
ခြင်း၊ အပျိုတော် ထွက်ပုံ၊ အပျိုတော် ထွက်ခြင်း၊ အပျိုတော် ၁၂ ခန်း အက၊ ဟိမဝန္တာခန်း၊ တိုင်းပြည်တည်ပုံ(နန်းစိုက်ပုံ)၊ ဝန်လေး ပါး လွှတ် တက်ခန်း၊ နေရာတော်ခင်းထွက်ပုံ သို့မဟုတ် ရှေ့တော်ပြေး ထွက်ပုံ၊ ညီလာခံ ပုံ၊ အကြိုခံ ထောက်ပုံ၊ နှစ်ပါးသွား မြိုင်ထ ပြည်တော်ပြန်ပုံ၊ မိုးသောက်ယံ တင်ဆက် ကပြပုံ ဆိုပြီးတော့ အစီအစဉ် အတိုင်း ကပြကြရပါတယ်။ ရုပ်သေးရုပ်ပြုလုပ်ပုံ၊ ရုပ်သေး စင် ဆောက်ပုံကအစ စည်းကမ်း အင်မတန်ကြီးပါတယ်။
ရုပ်သေးကို ဟို ရှေးခေတ်ကနေ ပုဏ္ဏားပျံ ဦးကျော်အေးတို့၊ ညောင်တုန်း ဦးဘကျော်တို့ ခေတ်အထိ ရိုးရာ သမားစဉ်အတိုင်း ကပြ ဖျော်ဖြေခဲ့ကြပေမယ့် အခုနောက်ပိုင်းခေတ်မှာ ဦးရွှေရိုး၊ ဒေါ်မိုး အကတွေလိုကပြဖို့အတွက် သီးသန့် အရုပ်တွေလည်းလုပ်ပြီး ကလာကြပါတယ်။
ရုပ်သေးပညာရှင် ဦးရဲဒွေး တည်ထောင်တဲ့ ဒဂုံအောင် ရုပ်သေးအဖွဲ့မှာ ဆိုရင် ဗိုလ်အောင်ဒင် ဇာတ်လမ်းလို၊ တော်လှန်ရေး ဇာတ် လမ်းတွေလို ခေတ်ပြဇာတ်တွေကို ခေတ်ပေါ် အရုပ်ကလေးတွေနဲ့ ကပြခဲ့ကြဖူးတယ်လို့ သိရပါတယ်။
၂၀၀၆ ခုနှစ်က စပြီး ထွေးဦး(မြန်မာ) ရုပ်သေးအဖွဲ့ကို တည်ထောင်သူ ဦးခင်မောင်ထွေးကလည်း ခေတ်နဲ့အမီ လိုက်နိုင်မှ၊ ရောမွှေလိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲ ခေတ်နဲ့အညီ ဇာတ်လမ်းတွေ၊ ခေတ်စရိုက်တွေနဲ့ ကပြနိုင်မှ ခေတ်ပရိသတ် ကြိုက်နှစ်သက်မယ်လို့ ပြော ပြပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာ ရုပ်သေးကို အစိုးရ ကျင်းပတဲ့ ဆို၊ က ၊ ရေး ၊ တီး ပြိုင်ပွဲတွေမှာ ထည့်သွင်း လာတာတွေ၊ ယဉ်ကျေးမှု တက္ကသိုလ် မှာ ဘာသာရပ် တခုအနေနဲ့ သင်ကြားလာတာတွေ၊ ရန်ကုန်က ထွေးဦး(မြန်မာ)အဖွဲ့နဲ့ မန္တလေးက ဒေါ်မမနိုင်တို့ အဖွဲ့တွေလို နိုင်ငံတကာအထိ အင်နဲ့အားနဲ့ ကြိုးစားနေတာမျိုးတွေ ရှိပေမယ့် မြန်မာတွေကိုယ်တိုင်က မြန်မာ့ရုပ်သေးကို စိတ်ဝင်စားမှု၊ အားပေးမှု နည်းသေးတာ၊ ကျယ်ကျယ်ပြန့်ပြန့် မထွန်းကား သေးတာတွေကိုလည်း တွေ့မြင်နေရပါတယ်။ ရုပ်သေးသဘင်ဟာ ၁၉၉၀ ဝန်းကျင်ကတည်း က ပျောက်လုနီးပါး ဖြစ်နေတယ်လို့လည်း ရုပ်သေး လောကသားတွေက ပြောဆိုကြပါတယ်။
မြန်မာ့ ရုပ်သေးရဲ့လက်ရှိအခြေအနေဟာဆိုရင်လည်း ပြည်တွင်းမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေအပေါ် မှီခိုနေရဆဲအခြေ အနေပဲ ရှိနေပါသေးတယ်။
ဒါကြောင့် မြန်မာ့ ရုပ်သေးသဘင်ကို အခုထက် ပိုမိုထွန်းကား စေချင်ပါတယ်…။
ရုပ်သေးရုပ်ကလေးများ အမြဲတမ်း ကြိုးလှုပ် နေစေချင်ပါတယ်…..။ ။
ကိုးကား –
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)
၂။ သဘင်အနုပညာ သမားစဉ်- ကိုဇော်ဌေး(ယဉ်ကျေးမှု)
၃။ ပြည်သူချစ်သော အနုပညာသည်များ – လူထု ဒေါ်အမာ
၄။ ရုပ်သေးပွဲ သွားရအောင် သီချင်း – (ရေး – ကံမြဲ ကိုအေးကျော် ၊ ဆို – ခင်အုန်းမြင့်လေး)