တနေ့တနေ့ ကုန်ဆုံးဖို့ ကြိုးပမ်းရတာက အမြင့်ဆုံးတောင်ကြီးကို ကြိုးစားတက်နေရသလိုပါပဲ။ နေ့တနေ့ရဲ့အစနဲ့ အဆုံးကို ဇယားချပြီး အချိန်တွေကိုစားသုံးနေရတာ မောလှပါတယ်။ အိပ်မပျော်သူအတွက် ညတာဟာ ရှည်လျားလှတယ်လို့ လောကနီတိက ဆိုတယ်။ တကယ်သာ ထပ်ဖြည့်လို့ရမယ်ဆို အိမ်လွမ်းသူအတွက် နေ့တာဟာလည်း ရှည်လျားလှပါတယ်လို့ ထပ်ဖြည့် လိုက်ချင်ပါတယ်။
ထောင်အာဏာပိုင်တွေရဲ့ တမျိုးမဟုတ်တမျိုး အစွမ်းပြ နှိပ်ကွပ်မယ့် ကိစ္စအတွက် ပြန်လည်ခုခံဖို့ အမြဲတမ်း ပြင်ဆင်ထားရတော့ စိတ်တွေဟာ ကြွပ်ဆတ်နေကြတာပါ။ ထောင်ထဲရောက်နေသူတွေမှာ တခုမဟုတ် တခုသော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကတော့ ရှိနေကြမယ်ထင်ပါတယ်။ ဒီအထဲမှာ ဆတ်ဆတ်ထိ မခံတဲ့စိတ်ဟာ တမျိုးပါမယ် ထင်ပါတယ်။ ဒါကို ဗုဒ္ဓအဘိဓမ္မာကတော့ ဒေါသလို့ပဲ အရကောက်ပါတယ်။ မေတ္တာဟာ ဒေါသကို အနိုင်ဆုံးသော လက်နက်ဖြစ်ပါတယ်။ စိတ်ကြွပ်ဆတ် မာကျောနေသူ တယောက်အတွက် မေတ္တာစိတ်ကလေးကို အလေ့အကျင့် လုပ်ပေးလိုက်တဲ့အခါ စိတ်တွေဟာ ပျော့ပျောင်းလာပါတယ်။
နေ့စဉ် မေတ္တာဘာဝနာကို အလုပ်တခု၊ တာဝန်တခုလို ကြိုးပမ်းနေရမယ်လို့ ထောင်ထဲစပြီး ခြေချမိကတည်းက ဆုံးဖြတ်၊ ဆုံးဖြတ်တဲ့အတိုင်းလည်း လုပ်နေတာပါ။ ဒါပေမယ့် ထောင်ရဲ့ အတိုက်အခိုက် ဖိအားတွေကြားမှာ မေတ္တာဟာ အမာကျောဆုံး ကျောက်သားကို အသွားတုံးနေတဲ့လွန်နဲ့ ထိုးဖောက်နေရသလိုပါပဲ။ မနက်ခင်းက ထောင်အာဏာပိုင်နဲ့ အချင်းများထားတာဟာ နေ့လည် မေတ္တာပို့တော့ ဖျောက်မရ ဖျက်မရ၊ မေတ္တာကို မနက်က ဒေါသက လာလာ အနိုင်ယူချင်ယူနေတတ်ပါတယ်။
မေတ္တာဟာ တော်တော်တော့ အစွမ်းထက်ပါတယ်။ အင်မတန် ပူပြင်းတဲ့ မီးပုံထဲ ရေလေးတစက်ကျရုံနဲ့ မီးဟာ ဟုတ်ကနဲ ငြိမ်းသွားသလိုပါပဲ။ ဒေါသတွေက ကြားကဝင်ဝင်လာတော့ စိတ်ရဲ့ငြိမ်းချမ်းမှုတခု ဖြစ်ပေါ်ရေးအတွက်က အားကျိုးမာန်တက် လုပ်နေရတတ်ပါတယ်။ မေတ္တာရဲ့အရသာကို သိထားတော့ ဒီအလုပ်လုပ်နေရတာ အချိန်နာရီတည်းဟူသော တောင်ထွတ်ကြီးကို လှေခါးထောင်ပြီး လျှောကနဲ တက်လိုက်ရသလို ဖြစ်လာတော့တာပါ။
စိတ်ရဲ့အခြေနေတခုဟာ စိတ်နဲ့ ရင်ဆိုင်တိုးရတဲ့ အခြေအနေနဲ့လည်း သက်ဆိုင်ပါတယ်။ စောစောက ပြောသလို ထောင်နဲ့ဖြစ်ပေါ်လာတဲ့ ပဋိပက္ခမျိုးကနေ စိတ်ထဲ မပျောက်နိုင်တဲ့ စိတ်နောက်ကြောင်းပြန်နေမှုတွေကြောင့် မေတ္တာနဲ့ ဒေါသ နပမ်းလုံးရတာတွေ ရှိသလို အခြားသော စိတ်အဆင်ပြေမှုလေးတွေကြောင့် မေတ္တာနဲ့ ပီတိ လက်တွဲမိတဲ့အခါတွေလည်း ရှိပါတယ်။
အခုဒီလို အစချီနေလို့ မေတ္တာအကြောင်း ရေးတော့မယ်လို့ မထင်လိုက်ပါနဲ့။ မေတ္တာနဲ့ ပီတိ လက်တွဲမိတဲ့ အဖြစ်အပျက်လေးတခုက စိတ်ထဲမှာ အတော်ကြာကြာ နေရာယူခဲ့ဖူးပါတယ်။ စိတ်နဲ့ထိမိတဲ့ ရေးချင်စရာတခု။ ရေးဖို့စဉ်းစားတိုင်း ဒီအကြောင်းက နေရာယူယူနေလို့ အခုရေးလိုက်တာပါ။
ထောင်ဝန်ထမ်းဆိုတာက အကျဉ်းသားတွေနဲ့ ထိတွေ့မှု အများဆုံးသူတွေလေ။ သူတို့ရဲ့ မိသားစုဘဝကိုလည်း သိနေ ကြားနေရတယ်။ မိသားစု သောကတွေကို လာလာရင်ဖွင့်တတ်ကြတော့ သူတို့ရဲ့အခက်အခဲတွေကို နိုင်သမျှ ဝိုင်းကူပေးခဲ့ရတာတွေလည်း မနည်းပါဘူး။ သူတို့ထဲက မှတ်မှတ်ရရရှိနေတဲ့ အောက်ခြေဝန်ထမ်းတယောက် ရှိခဲ့ဖူးတယ်။
သူကညနေတိုင်း ရေချိန်ကိုက်ကိုက်လာတတ်တယ်။ မူးပြီး ထောင်ထဲဝင်ခွင့်မရှိဘူးလို့ ထောင်စည်းကမ်းရှိပေမယ့် သူတို့ မိသားစုသောကတွေက ပိုသောက်လာစေတယ် ထင်ပါတယ်။ မမူးရင် စကားမပြောသလို၊ မူးလာရင်လည်း သီချင်းပဲဆိုတာပါ။ တခန်းပြီးတခန်း သီချင်းလိုက်ဆိုပြတယ်။ ဒီတော့လည်း အထဲကနေရသူတွေက သူ့ကို ပိုပိုခင်ကြတာပေါ့။
တမနက် အခန်းတံခါးတွေ ဖွင့်ထားတုန်း သူအခန်းတခန်းထဲ ဝင်ထိုင်လိုက်တယ်။ တဝါးဝါးနဲ့ ရယ်သံကြားနေလို့ ဦးဇင်း ဝင်ထိုင်လိုက်တယ်။ သူ့အိတ်ကပ်ထဲက စာရွက်တရွက်ကို ဝိုင်းဖတ်ပြီး ရယ်နေကြတာ။ သူကတော့ ခေါင်းငိုက်စိုက်ချပြီး ငူငူကြီးထိုင်နေတယ်။ စာရွက်ထဲကစာကို အိမ်က ၇ နှစ်သမီးလေးက ရေးပေးလိုက်တာ။ ထောင်ဝန်ထမ်းဘဝ ဆိုတာ မိသားစုနဲ့တောင် အချိန်ပြည့် မတွေ့ရတဲ့ဘဝပါလား။ အဖေကိုပြောချင်တဲ့စကား လူချင်းမတွေ့ရတော့ မပြောရလို့ ထင်ခဲ့တာ။ တကယ်ဆို စာကဒီထက်တောင် အဓိပ္ပာယ်ပိုနေသေးတယ်။ ဦးဇင်းလည်း စာကိုယူပြီး ဖတ်လိုက်တယ်။
“ဖေကြီး … အရက်မသောက်ပါနဲ့၊ ဖေကြီး အရက်သောက်တော့ ဆိုက်ကားသမားတွေက သမီးကို အရက်သမားသမီးလို့ ပြောတော့ သမီးရှက်တယ်”
ဒီကစလို့ ဒီကလေးမလေးကို စသိခဲ့တာပါ။ သ့ူစာမေးပွဲ ရီပို့ကဒ်ကို ဦးဇင်းတို့က တောင်းတောင်းကြည့်တယ်။ ပိုနေတဲ့ မုန့်လိုစားစရာမျိုးကို သူစားဖို့ ပေးပေးလိုက်တယ်။ စာမေးပွဲ အဆင့်ကောင်းရင် ကောင်းသလို ဆုချတယ်။
ထောင်ရဲ့ ထောင့်လေးထောင်မှာ ဗူးမျှော်စင်ဆိုပြီးရှိတယ်။ ကင်းမျှော်စင်ပေါ်ကနေ ထောင်ထဲက အကျဉ်းသားတွေကို စောင့်ကြည့်ရတာ။ ဝန်ထမ်း နှစ်ယောက် သုံးယောက်က ကင်းစောင့်ရတယ်။ အမူးသမား အဆိုတော် မိတ်ဆွေ ဝန်ထမ်းကြီး ဗူးမျှော်စင်ပေါ် တာဝန်ကျတဲ့အခါတိုင်းမှာ သူ့သမီးလေး ထမင်းလာလာပို့တဲ့အသံကို ကြားရတယ်။ ကလေးအသံ ငတ်နေတဲ့ ဦးဇင်းတို့ ရဲဘော်တွေက မမြင်ရပေမယ့် အပြင်က ကလေးကို ဝိုင်းပြီးနှုတ်ဆက်ကြတယ်။ ကလေးစားဖို့ မုန့်တွေကိုလည်း ဝိုင်းပေးခိုင်းကြတယ်။ ဒီလိုနဲ့ မုန့်ဖိုးပေးလိုက်၊ စာမေးပွဲအဆင့်ကောင်းလို့ ဆုချလိုက်နဲ့ တရင်းတနှီးဖြစ်လာတယ်။ အထဲက ဦးဇင်းတို့ စားစရာပြတ်တဲ့အခါ ကလေးမနဲ့ မိသားစုက တတ်နိုင်တာတွေ လုပ်ပေးတယ်။
ဝန်ထမ်းဆိုတာက နေရာ အတည်တကျမရှိ၊ ဟိုသွားရ၊ ဒီရွှေ့ရနဲ့ မဟုတ်လား။ ကလေးမ (သူ့အိမ်နာမည် “ကွက်ကွက်”) သတ္တမတန်း ဖြေပြီးတဲ့နှစ်မှာတော့ သူအဖေက တမူး ရဲဘက်စခန်းကို ပြောင်းဖို့ဖြစ်လာတယ်။ သူ့အမေနဲ့ အငယ်ဆုံးလေးက ဖအေနဲ့အတူတူ တမူးကိုလိုက်သွားကြမယ်။ ကွက်ကွက်နဲ့ အလတ်မလေးက ဖွားအေဖိုးအေတွေနဲ့ နေခဲ့ကြမယ်။ ဒီအချိန်မှာပဲ ကလေးမလေးရဲ့ ပညာရေးခရီးကြမ်း စတော့တာပါပဲ။
အဖိုးနဲ့အဖွားက သူတို့နေရာကို ချက်ချင်း ရောက်မလာသေးခင်မှာ ဦးဇင်းတို့ဆီ သူဆက်ရမယ့် ပညာရေးခရီးကို ပြောပြတယ်။ အလုပ်လုပ်မယ်၊ ရတဲ့ပိုက်ဆံနဲ့ ကျောင်းတက်မယ်။ ဒီစကားကြားရတော့ စိတ်မကောင်းဖြစ်ရတယ်။ လူမမယ်တယောက်ရဲ့ လုပ်အားခ ဆိုတာက ကျောင်းနေဖို့ လုံလောက်တဲ့ငွေကို ရမှာမဟုတ်တာ သေချာတယ်လေ။ သူ့ရဲ့ပညာရေးခရီးခဲကို နိုင်သမျှ ဝိုင်းကူဖို့ စိတ်ဆန္ဒဖြစ်မိလာတယ်။ ကျောင်းစတက်မယ့် အချိန်မှာပဲ လိုအပ်တဲ့ ကျောင်းစရိတ်နဲ့ စာအုပ်ဖိုးတွေကို ပို့ပေးလိုက်တယ်။ ထောင်ဝင်စာလာတုန်း တခြားလိုအပ်တာသုံးဖို့ အိမ်က အပ်ပေးထားတဲ့ ငွေပိုလေးကို ကြံဖန် လက်ထဲဆောင်ထားတာ၊ အခု ကလေးမ လိုအပ်တော့ ချက်ခြင်း ကူညီလိုက်နိုင်တယ်။
လစဉ် လကုန်ခါနီး ရက်တရက်မှာ ဗူးမျှော်စင် ဟိုဘက်သည်ဘက် အော်ပြီး စကားပြောဖြစ်တယ်။ သူလိုနေတဲ့ လစဉ်ကျူရှင်ခနဲ့ ကျောင်းစရိတ်ငွေကို ဗူးမျှော်စင်က ဝန်ထမ်းကိုပဲ အကူညီတောင်း ပို့ပေးရတယ်။ ကိုယ်ပေးတဲ့ငွေဟာ သူ့ကျူရှင်လခတောင် ဈေးအပေါဆုံး ကျူရှင်ပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ကျောင်းတက်လို့ မုန့်ဖိုးမရှိ၊ သူများတွေ မုန်းစားနေချိန်မှာ ဒီကလေး ဘယ်လောက်များ အားငယ်နေရှာမယ် မသိဘူး။
ပညာဆာလောင်နေသူကို ပံံ့ပိုးပေးရတဲ့ အလုပ်က စိတ်ထဲ ကြည်နူးမှုတခုကို စိုက်ပျိုးလိုက်ရသလိုပါပဲ။ ဒီကြည်နူးမှုတွေကို ပိုမို ရှင်သန်စေဖို့ ဖြစ်လာတာကတော့ ကလေးမလေးရဲ့ အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့တဲ့ နေ့ရက်များပဲ ဖြစ်ပါတယ်။ တခြား မိဘနဲ့ အတူတူနေသူ၊ ကျူရှင်ကောင်းကောင်း တက်နိုင်သူ အတန်းဖော်တွေထက် သူ့ရဲ့အဆင့်တွေက ကောင်းနေတာ့ ကူညီသူကို ပိုလို့ ကြည်နူးစေပါတယ်။
ဒီလို အဖြစ်အပျက်လေးတွေကို နေ့စဉ်ကြားသိရ၊ ကူညီရတာကတော့ မေတ္တာနဲ့ ပီတိ ပေါင်းစည်းမိတဲ့ နေ့လေးတွေပါပဲ။ မေတ္တာဆိုတာကိုက သတ္တဝါတို့၏ အကျိုးစီးပွား လိုလားသောစိတ်လို့ ဖွင့်ဆိုကြတယ်မဟုတ်လား။ လူသားတယောက်အတွက် ဒီလို စိတ်စေတနာတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေအောင် အားထုတ်ခြင်းဟာ ငွေကုန်ကြေးကျ တပြားမှမရှိဘဲ တခြားသော ကုသိုလ်ကောင်းမှုတွေထက် သာတယ်လို့လည်း ပြဆိုခဲ့ပြန်ပါသေးတယ်။ အခုတော့ မေတ္တာရဲ့မိတ်ဖက် ပီတိက သံတိုင်ကြားမှာ နေသာထိုင်သာရှိမှုအတွက် ကူညီပေးတဲ့အရာတွေ ဖြစ်နေပါတယ်။
ဒီလိုနဲ့ ကွက်ကွက် ၈ တန်းကို အောင်တယ်။ နောက် မိဘတွေ စခန်းက ပြန်ရောက်လာကြတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လိုတာ၊ အခက်အခဲရှိလာတဲ့အခါ တတ်နိုင်တာ ကူညီနေတုန်းပဲ။ ၉ တန်း၊ ၁၀ တန်းကို နှစ်ချင်းပေါက် အောင်သွားတယ်။ သူ တက္ကသိုလ် ဒုတိယနှစ်အရောက် ၂၀၀၉ စက်တင်ဘာ ၁၈ ရက်မှာ ဦးဇင်းတို့ ထောင်က လွတ်တယ်။
သူတို့မိသားစုတွေနဲ့ တွေ့ရပြီမှတ်တယ်။ ဒါပေမယ့် လုံးဝမတွေ့ခဲ့ရဘူး။ ထောင်ကလွတ်တဲ့ ဘုန်းကြီးတပါး ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အန်တုရင်း ၂ လခွဲ ၃ လလောက်အတွင်း ကွက်ကွက်တို့ဆီ ဖုန်းသာဆက်ဖြစ်ခဲ့တယ်။
“သမီးရေ အခုတော့ အုတ်တံတိုင်း ဟိုဘက်သည်ဘက် အော်ပြောရတာ မဟုတ်တော့ဘူး။ ဒါပေမယ့် လူချင်းမတွေ့ရတော့ ထောင်ထဲတုန်းက အော်ပြောခဲ့သလိုပါပဲ၊ သိပ်တော့မထူးဘူးနော်” လို့ ရယ်စရာတောင် ပြောဖြစ်ခဲ့သေးတယ်။
ဒီလိုနဲ့ မေ့မေ့လျော့လျော့ နေခဲ့လိုက်တာ၊ မကြာခင်က ဖုန်းဆက်ဖြစ်လိုက်တယ်။ သူဘွဲ့ရပြီ၊ မကြာခင် ဘွဲ့ယူတော့မယ်တဲ့။ ဝမ်းနည်းစရာက သူ အင်တာနက်ကို မသုံးတတ်သေးတာပဲ။
အုတ်တံတိုင်း ခြားတုန်းကတော့ နီးနီးနဲ့ဝေးတာ။ အခု အုတ်တံတိုင်းနဲ့ စည်းခြားမထားပေမယ့် စကားပြောချင်ရင် ဖုန်းနဲ့ မကြာခဏတော့ စကားပြောလို့ရတယ်။ ဝေးဝေးပေမယ့် နီးတယ်လို့ပဲ သဘောထားလိုက်ရတော့တယ်။
တယောက်နဲ့ တယောက် အခက်အခဲတွေကို အပြန်အလှန် ကူညီဖူးသူတွေပါ။ မကြာခဏ စကားတွေလည်း ပြောဖြစ်ပါတယ်။ လူချင်းကတော့ သူလည်းကိုယ့်ကို မတွေ့ဘူးသလို ကိုယ်လည်း သူ့ကို မတွေ့ဖူးသေးပါဘူး။ ထောင်ထဲက အမှတ်ရစရာတွေထဲမှာ ဒီအဖြစ်အပျက်လေးကလည်း အမှတ်ရစရာတခု ဖြစ်နေတာကတော့ သေချာပါတယ်။
အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။